အာဏာသိမ်းစစ်တပ်ရဲ့ ရေကြောင်းစစ်ကူနဲ့ ဗန်းမော်စစ်ရေး တင်းမာနေ

စစ်တပ်သုံး သင်္ဘောတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ရွှေကူနဲ့ ဗန်းမော်ကြားမှာ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့။

KIA နဲ့ ပူးပေါင်းတပ်တွေက ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရိက္ခာနဲ့ လူအင်အားဖြည့်တင်းဖို့ ဧရာဝတီမြစ်ကြောင်းကနေ ဆန်တက်လာတဲ့ စစ်တပ်သုံး သင်္ဘော အနည်းဆုံး ၁၇ စင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ပေမဲ့ စစ်ကူအင်အားတချို့ ဗန်းမော်ကို ရောက်ရှိသွားပြီလို့ KIA နဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အခုစစ်တပ်ဘက်က စစ်ကြောင်းပြန်ထိုးလာတာကြောင့် ဗန်းမော်မှာ နှစ်ဖက်တိုက်ပွဲတွေ ရှိနေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

“ရေကြောင်းကိုပဲ အားပြုပြီးမှ ရိက္ခာတွေ ပို့နေတာ လက်နက်ခဲယမ်း လူအင်အားတွေ ပို့နေတာ။ အဲဒါကို အနှောင့်အယှက်ပေးပြီးမှ ကျွန်တော်တို့ တိုက်ခိုက်တယ်ဆိုတော့ သူတို့ ဗန်းမော်မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်ကိုတော့ အဟန့်အတားပေါ့ အနှောင့်အယှက်ပေးနိုင်တဲ့ အောင်မြင်မှုတော့ ဖြစ်ပါတယ်။"

ဩဂုတ် ၂၇ ရက်နေ့ကနေ စက်တင်ဘာ ၁၄ ရက်နေ့အထိ ဗန်းမော်ဘက် ဆန်တက်လာတဲ့ သင်္ဘောတွေအပြင် ဗန်းမော်ဘက်ကနေ ပြန်ဆင်းလာတဲ့ သင်္ဘောတွေကိုပါ KIA နဲ့ ပူးပေါင်းတပ်တွေက ရွှေကူနဲ့ ဗန်းမော်ကြားမှာ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေကြောင့် စစ်တပ်သုံး သင်္ဘော အနည်းဆုံး ၁၇ စင်း ထိခိုက်ပျက်စီးခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေနဲ့ သုံ့ပန်း ၁၅၁ ဦးအထိ ဖမ်းဆီးရမိထားတယ်လို့ KIA ဘက်က ပြောထားပါတယ်။

ဒီလို ကြားဖြတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့ကြားကပဲ စစ်တပ်အတွက် စစ်ကူအင်အား ခြောက်ရာဝန်းကျင် ဗန်းမော်ကို ရောက်သွားပြီလို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“စစ်တပ်ဘက်ကတော့ လက်ရှိ ဗန်းမော်မှာက ပတ်လည်ခံစစ် လှုပ်ရှား ခံစစ်လောက်နဲ့ပဲ ရှိနေတဲ့ အနေအထား။ အခု တပ်မ (၈၈) နဲ့ စကခ (၂၁) ရဲ့ အင်အားဖြည့်တွေရောက်လာပြီဆိုတော့ ဗန်းမော်မြို့အပြင်ဘက် အဓိကတော့ မြို့ရဲ့မြောက်ဘက်ခြမ်း ဒေါ့ဖုန်းယန်ဘက် မြစ်ကြီးနာ ဗန်းမော် ပြည်ထောင်စု လမ်းမကြီးဘက်ကို ဆက်ပြီးတော့ အောင်မြေချဲ့ အမြတ်ထုတ် တိုက်ခိုက်လာနိုင်တဲ့ အနေထားမျိုး ရှိတယ်”

ဗန်းမော်မှာ စစ်တပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် သံချပ်ကာ၊ တင့်ကားနဲ့ အမြောက်တပ်ရင်းတွေ အခြေစိုက်ထားတာကြောင့် စစ်ရေးအရ အရေးပါတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကတော့၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ပြင်းထန်လာတာဖြစ်ပြီး ဒေသခံအများအပြားလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ အဲဒီကာလကစပြီး KIA နဲ့ ပူးပေါင်းတပ်တွေက ဗန်းမော်ကို ဆက်သွယ်တဲ့ ကုန်းလမ်းတွေကို ဖြတ်တောက်ထားတာကြောင့် စစ်တပ်ဟာ ထောက်ပို့လုပ်ဖို့ ရေကြောင်းကို ပိုအားထားလာရတာပါ။

စစ်တပ်အရာရှိဟောင်း ဒေါက်တာအောင်မျိုးကတော့ စစ်တပ်ဘက်မှာ အရံအင်အားနဲ့ အရင်းအမြစ် ပိုရှိတာကြောင့် နောက်ဆုံးမှာ ဗန်းမော်ကို ပြန်ထိန်းချုပ်နိုင်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“နောက်ဆုံးကျတော့ ဒီလောက်အကြာကြီး တိုက်လာရတဲ့ တိုက်ပွဲတွေသည် နည်းဗျူဟာတွေ၊ မဟာဗျူဟာတွေနဲ့ မဆိုင်တော့ဘဲ နှစ်ဖက်အင်အားစုရဲ့ စစ်ကို ဘယ်လောက်တောင့်ခံထားနိုင်လဲ၊ ဒါက သွားပြီး စကားပြောတော့တာပေါ့နော်။”

တစ်ဖက်မှာလည်း စစ်တပ်ခန့်အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မတီက KIA ကို နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားတယ်လို့ သတင်းတွေထွက်နေပေမယ့် မြေပြင်မှာတော့ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

KIA ဘက်က အာဏာသိမ်းစစ်တပ်ရဲ့ ရေကြောင်း ထောက်ပို့လမ်းကို ဘယ်လောက်အထိ ဖြတ်တောက်နိုင်မလဲ၊ အာဏာသိမ်းစစ်တပ်ကလည်း စစ်ကူအင်အားနဲ့ ဘယ်လောက်အထိ ထိုးစစ်ဆင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။