စစ်တပ်ခန့်အစိုးရက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်စာပို့ကမ်းလှမ်းလိုက်တယ်လို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က RFA ကို ပြောပါတယ်။
“ဒီရက်ပိုင်းအတွင်းမှာပဲ တရားဝင်ဖိတ်စာပို့ပြီး ကမ်းလှမ်းခဲ့တာပါ။ ကေအိုင်အေ က နေပြည်တော်လာရင်တော့ ဆွေးနွေးပွဲကဖြစ်လာလိမ့်မယ်”
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီကမ်းလှမ်းမှုကို သူမသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
လက်ရှိမှာလည်း စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဟာ ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကသုံးနေတဲ့ သင်္ဘောတွေကို KIA နဲ့ မဟာမိတ်တွေက ပစ်ခတ်ရှင်းလင်းထားသလို၊ ရာနဲ့ချီတဲ့ သုံ့ပန်းတွေလည်း KIA ကဖမ်းမိထားပါတယ်။ ဒီကာလမှာပဲ စစ်တပ်ခန့်အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတဲ့သတင်းထွက်လာတာပါ။
အာဏာသိမ်းစစ်ခေါင်းဆောင်ဦးဆောင်တဲ့အစိုးရဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ NCA မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးဘက်အဖြစ်သတ်မှတ်ထားပါတယ်။
အဲဒီထဲက NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ စစ်တပ်ခန့်အစိုးရက ဆွေးနွေးထားသလို NCA မထိုးရသေးတဲ့ UWSA ဝအဖွဲ့ ၊ NDAA မိုင်းလားအဖွဲ့ ၊ TNLA တအာင်းလွတ်မြောက်ရေးတပ်မတော်နဲ့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ တို့နဲ့လည်းဆွေးနွေးထားပါတယ်။
ကိုးကန့်အဖွဲ့ MNDAA နဲ့လည်း အခုစက်တင်ဘာလအတွင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က RFA ကို ပြောပါတယ်။
KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ခုနှစ် မတ်လကစလို့မြို့သိမ်းတိုက်ပွဲတွေ ပြုလုပ်လာပြီး လွယ်ဂျယ်၊ မိုးမောက်၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မံစီ၊ ဆွမ်ပရာဘွမ်၊ အင်ဂျင်းယန်၊ ဆဒုံး၊ မဘိန်း မြို့တွေကို သိမ်းယူထားပါတယ်။
