မတရားဖမ်းဆီးခံရသူအားလုံး ပြန်လွှတ်ဖို့ အမေရိကန် တိုက်တွန်း
2025.01.04

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ တိုက်တွန်း ပြောဆိုပါတယ်။
ဒီအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အကန့်အသတ် အတားအဆီးမရှိ ပေးနိုင်ရေးနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်ရောက်ရေးအတွက် တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။
မြန်မာပြည်သူတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်တွေကို ထပ်လောင်းအတည်ပြုပြီး တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး၊ သာယာဝပြောမှုတို့အတွက် တတူတကွ ရပ်တည်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
စစ်ကောင်စီဟာ ဒီနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံတစ်ဝန်း အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ (၁) အရ ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီအထဲ မတရားဖမ်းဆီး အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါလဲဆိုတာတော့ မသိရသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းလေးနှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်းက အရပ်သား ၂၈,၀၉၆ ဦး ဖမ်းဆီးခံရပြီး အဲဒီအထဲက ၂၁,၄၉၉ ဦးဟာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။
လေကြောင်း၊ လက်နက်ကြီးနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေုဆံးရသူ ၆,၁၀၆ ဦးရှိပြီး နောက်ထပ် ၂၉၀၀ နီးပါးက အတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။