ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးတစ်ရပ်ကို လာမယ့် ဇွန်လထဲမှာ ကျင်းပပြီး ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ကို ပြန်လည် ရွေးချယ်သွားဖို့ ရှိတယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က RFA ကို ဒီနေ့ပြောပါတယ်။
“အဓိက ကတော့ ငါးနှစ်အတွင်း ဆောင်ရွက်ခဲ့တာတွေ ပြန်လည်သုံးသပ်မယ်။ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်မယ်။ အဖွဲ့တွေ ပြန်လည် ဖွဲ့စည်းမယ်။ ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းမှာပါတဲ့အတိုင်းပဲ ဆောင်ရွက်တာပါ။ ပုံမှန်လုပ်ငန်းတွေပဲ။ တက်ရမှာက ဗဟိုကော်မတီဝင် ၂၇၅ ဦးနဲ့ အရန် ဗဟိုကော်မတီဝင် ၇၅ ဦးဆိုတော့ အားလုံး လူ ၃၅၀ လောက် တက်ရောက်မှာပါ။ အဲဒီ ဗဟိုကော်မတီ အစည်းအဝေးကနေ ဗဟို အလုပ်မှုဆောင်အဖွဲ့ ပြန်လည် ရွေးချယ်တာတွေ ရှိလာမယ်။ ဗဟိုကော်မတီ ဝင်တွေ မဲပေးတဲ့အပေါ်မှာ မူတည်ပြီးတော့ အလုပ်မှုဆောင်အဖွဲ့ကို ပြန်ဖွဲ့မှာပေါ့”
ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းအရ ငါးနှစ်တစ်ကြိမ် ပါတီညီလာခံ လုပ်ရမှာဖြစ်ပြီး ပါတီမှာ အလုပ်မှုဆောင် အားလုံးရဲ့ သက်တမ်းက ငါးနှစ်ဖြစ်ကြောင်းနဲ့ လက်ရှိ ကပ်ရောဂါ အခြေအနေတွေအရ ညီလာခံ မလုပ်နိုင်သေးခင်မှာ ပါတီဗဟိုကော်မတီ အစည်းအဝေးကို အရင် ကျင်းပမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပါတီရဲ့ ရပ်/ကျေး အဆင့်ကနေ မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ ပြည်နယ် အဆင့်တွေ အားလုံးမှာ ပါတီ ဦးဆောင်သူတွေကို အဆင့်ဆင့် ပြန်လည်ရွေးချယ်ပြီးဖြစ်တာကြောင့် ဗဟိုအဆင့်မှာပဲ ရွေးချယ်မှု လုပ်ရတော့မယ်လို့ ဒေါက်တာနန္ဒလှမြင့်က ပြောပါတယ်။
လက်ရှိ ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယ အကြိမ်မြောက် ပါတီညီလာခံကနေ ရွေးချယ်ခဲ့ကြတာပါ။
ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးမြတ်ဟိန်း၊ ဒုတိယ ဥက္ကဋ္ဌ (၂) ဦးခင်ရီ၊ ဒုတိယ ဥက္ကဋ္ဌ (၃) ဦးလှထွန်းနဲ့ အထွေအထွေ အတွင်းရေးမှူးအဖြစ် ဦးသက်နိုင်ဝင်းတို့က တာဝန်ယူခဲ့ပြီး ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ၄၀ ခန့် ရှိပါတယ်။ အများစုဟာ စစ်တပ်အရာရှိဟောင်း၊ ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်ကြပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ စစ်တပ်က ဦးဆောင်ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ရှုံးနိမ့်ခဲ့ပါတယ်။