ဖုန်းမှာ VPN တွေ့လို့ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုတွေရှိလာ
2024.06.13
ဖုန်းထဲမှာ VPN ဆော့ဝဲလ်တွေ့လို့ ခြိမ်းခြောက်ငွေကြေးတောင်းခံတဲ့ ဖြစ်စဉ်တွေရှိလာတယ်လို့ ကိုယ်တိုင်ခံရသူတွေက RFA ကို ပြောပါတယ်။
ဖုန်းထဲမှာ VPN ဆော့ဝဲလ်ကိုတွေ့ရင် ခြိမ်းခြောက်ငွေကြေးတောင်းခံတဲ့ ဖြစ်စဉ်တွေဟာ ချင်းပြည်နယ်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်းတွေမှာလည်း ဖြစ်ပေါ်နေပါတယ်။
ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ ဖုန်းတွေကို ရှောင်တခင် စစ်ဆေးတာတွေလုပ်ပြီး VPN တွေ့ရင် ကျပ်ငွေဆယ်သိန်းကနေ သိန်း ၃၀ အထိ ခြိမ်းခြောက်တောင်းယူတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မပေးရင် ဖမ်းဆီးထောင်ချမယ်လို့ ပြောဆိုကြောင်း ကိုယ်တိုင်ကြုံရသူတစ်ဦးက RFA ကို ပြောပါတယ်။
"မြို့ထဲမှာ စစ်ဆေးရေးတွေလုပ်တယ်။ ဖုန်းထဲကို စစ်တယ်။ အဓိကတော့ VPN ရှိလား၊ သုံးလား စသဖြင့် စစ်တယ်။ VPN တွေ့ရင် ဒဏ်ကြေးပေးရတယ်။ သူတို့ ကြိုက်သလို တောင်းတာပေါ့။ ပိုက်ဆံမပါရင်လည်း ဘယ်လောက်ရွေးမယ်၊ မဟုတ်ရင် ဖမ်းမယ်ပေါ့၊ အဲလိုမျိုး။ ဆယ်သိန်းကနေ သိန်းသုံးဆယ်အထိ တောင်းတာရှိတယ်"
စစ်ကောင်စီတပ်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာကို သုံးစွဲခွင့်မရအောင် ပိတ်ပင်ထားတာကြောင့် ပြည်သူတွေဟာ VPN ကတစ်ဆင့် ဖေ့စ်ဘွတ်ခ်ကို သုံးစွဲနေကြတာပါ။
စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် မေလကုန်ပိုင်းစပြီး VPN တွေကို ထပ်မံပိတ်ဆို့ခဲ့တာပါ။
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့မှာလည်း ဇွန်လ ၁၀ ရက်ကစလို့ VPN သုံးတဲ့သူတွေကို ဖမ်းဆီးဒဏ်ရိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အနည်းဆုံး ကျပ်သုံးသိန်းကနေ ကျပ်လေးသိန်းအထိ ဒဏ်ရိုက်ခံရသူ ငါးဦးထပ်မနည်းရှိနေပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ မော်ကျွန်းမှာတော့ VPN တွေကို ဖုန်းတွေထဲမှာ လိုက်စစ်နေပါတယ်။ အဲဒီလိုစစ်လို့ ဖုန်းထဲမှာ VPN တွေ့လို့ရှိရင် ပိုက်ဆံ သုံးသိန်း၊ လေးသိန်း တောင်းပါတယ်။ မပေးတဲ့သူကိုတော့ စခန်းခေါ်သွားတာ ရှိတာပေါ့နော်။ VPN တွေ့လို့ ပိုက်ဆံပေးရတဲ့သူကတော့ လေးငါးဦးရှိနေပြီ”
စစ်ကောင်စီဟာ ခွင့်ပြုချက်မရှိဘဲ VPN သုံးစွဲရင် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဌာန်းဖို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကတည်းက အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေဆီ သဘောထားမှတ်ချက်တောင်းခံတာတွေလုပ်ခဲ့ပါတယ်။
ဒီဥပဒေဟာ အခုချိန်အထိ တရားဝင် ပြဋ္ဌာန်းလာတာမရှိပေမဲ့ မြေပြင်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ VPN ဆော့ဝဲလ်တွေ့တာနဲ့ ခြိမ်းခြောက်ငွေကြေးတောင်းခံတာတွေ လုပ်နေပါတယ်။