အောက်တိုဘာလအတွင်း အမျိုးသမီး ခုနစ်ဆယ်ကျော် သတ်ဖြတ်ခံရ
2024.11.05
လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အပါအဝင် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုကြောင့် အောက်တိုဘာလ တစ်လအတွင်း အမျိုးသမီး ၇၁ ဦးသေဆုံးပြီး ၄၄ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က နိုဝင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အပါအဝင် သတ်ဖြတ်ခံရတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ပစ်သတ်ခံရတာနဲ့ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသမီးတွေထဲမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၄၅ ဦးအထိ အများဆုံး သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ သေဆုံးတဲ့ နေရာဒေသအနေနဲ့ကတော့ တိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းက ၂၅ ဦးနဲ့ အများဆုံး သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်က ၂၂ ဦးအထိ ဒုတိယအများဆုံး သေဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာနေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးကတော့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီ လက်ကလွတ်အောင် ပြေးလွှားနေရတယ်လို့ RFA ကို ပြောပါတယ်။
"စစ်ကြောင်းဆိုတဲ့ အသံကြားတာနဲ့ အစ်မတို့တော့ ပြေးတာ။ သူတို့လက်ထဲရောက်သွားရင် သေလူနဲ့ မထူးဘူးလေ။ ဒါကြောင့် စစ်ကြောင်းလွတ်အောင် မနည်းပြေးလွှားနေရတာပေါ့။ အရှေ့မှာလည်း စစ်ကြောင်းဝင်လို့ တည့်တည့်တိုးပြီးမိတဲ့ အစ်မညီမနှစ်ဦးလည်း သေသွားတာ။ ရက်ရက်စက်စက် သတ်ခံရတာ"
ဒီစာရင်းတွေဟာ လွတ်လပ်တဲ့ သတင်းဌာနတွေနဲ့ ဒေသအတွင်း သတင်းအရင်းအမြစ်တွေထံက စုစည်းကောက်ယူထားတာဖြစ်ပြီး ပကတိအခြေအနေမှာ ဒီထက်ပိုများနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်းမှတော့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ပြီး ၆၂ ဦး ဒဏ်ရာရခဲ့တယ်လို့ BWU က ထုတ်ပြန်ထားပါတယ်။