လွိုင်ကော်မှာ အမျိုးသမီးနဲ့ ကလေးတွေကိုပါ ဖမ်းဆီး

ကယားပြည်နယ် လွိုင်ကော်မြို့မှာ မေလ ၁၂ ရက် ညနေပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွဲပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ခေါ်ဆောင်သွားတယ်လို့ သပိတ်ဦးဆောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

မေလ ၁၂ ရက် ည‌နေ ၅ နာရီဝန်းကျင်လောက်မှာ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်က ဆန္ဒပြသူ‌တွေကို စစ်ကောင်စီတပ်တွေက ကျည်အစစ်‌တွေသုံးပြီး ပစ်ခတ်ဖြိုခွဲပြီး နေအိမ်တွေထဲအထိ လိုက်လံဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။

အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အသက် မပြည့်သေးသူ နောက်နှစ်ဦး၊ စုစုပေါင်း အမျိုးသမီး ၁၀ ဦး၊ အမျိုးသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။

"အမျိုးသားသုံးယောက်၊ အမျိုးသမီးဆယ်ယောက် ဖြစ်ပါတယ်။ အသက်အငယ်ဆုံးက ၁၃ နှစ် ဖြစ်ပါတယ်။ သူ့ဖခင်ကိုယ်တိုင် အကြောင်းကြားထားပါတယ်။ အသက်မပြည့်သေးတာ နောက်ထပ် နှစ်ယောက် ပါသေးတယ်၊ တစ်ယောက်က ၁၇ နှစ်နဲ့ နောက် ကောင်လေးတယောက်က ၁၆- ၁၇ နှစ်လောက် ထင်ပါတယ်"

ဖမ်းဆီးသွားသူတွေကို လောလောဆယ် လွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံ ပြည်သူတွေ လွတ်မြောက်ဖို့အတွက် လွိုင်ကော် သပိတ်ကော်မတီက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ တွေ့ဆုံပြီး စစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်က ပြောက်ကျားသပိတ် ပြုလုပ်နေတဲ့ တခြားရပ်ကွက်တွေမှာလည်း အရပ်ဝတ်လူတစ်စုက သေနတ်ကိုင်ပြီး လှည့်လည်နေကြတယ်လို့ သိရပါတယ်။