Y-8 လေယာဉ် ရှာဖွေတွေ့ရှိ
2017.06.08

ပျောက်ဆုံးခဲ့တဲ့ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အစိတ်အပိုင်းတချို့နဲ့ ရုပ်အလောင်း ၂၉ လောင်းကို ဒီကနေ့မှာ ရှာဖွေတွေ့ရှိထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
လက်ရှိအချိန်မှာ အလောင်းတွေကို စစ်ဆေးဖို့ မြိတ်လေတပ်က တာဝန်ရှိသူတွေ ထားဝယ်ကို သွားရောက်နေ တယ်လို့ မြိတ်လေတပ်စခန်းဌာနချုပ်က တာဝန်ရှိသူအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။
"လောလောဆယ် ထားဝယ်ကို သွားနေတာ၊ အတိအကျတော့ မသိရသေးဘူးခင်ဗျ၊ ကျွန်တော်တို့ ကလည်း ခရီးသွားနေတဲ့အချိန်ဆိုတော့ အဖွဲ့တွေနဲ့ ဖုန်းအဆက်အသွယ်နည်းနည်းပြတ်နေလို့ ခင်ဗျ၊ ဟိုရောက်မှပဲ သိရမှာခင်ဗျ၊ ကျွန်တော်တို့က ဒီမြိတ်တပ်ကလေ၊ ကျွန်တော်တို့ဆီက မိသားစုတွေ ပါသွားတော့ကျတော့ ဒီအလောင်း ဘာညာ ခွဲဖို့ ပြုဖို့ပေါ့၊ Dead Body သွားကြည့်ဖို့အတွက်ကို ကျွန်တော်တို့တပ်က အုပ်ချုပ်မှုကိစ္စဆောင်ရွက်ဖို့ အနေနဲ့ သွားတာပါ။"
ဒီကနေ့မနက်ပိုင်းကစပြီး လောင်းလုံမြို့နယ် ကျောက်နီမော်ကျေးရွာရဲ့ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့ရဲ့ အနောက်တောင်ဘက် ၂၂ မိုင်အကွာ ပင်လယ်ပြင်အတွင်းမှာ ရုပ်အလောင်းတချို့ကို ဒီနေ့ မနက်ပိုင်းက ပထမဆုံးရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
တပ်မတော်(ရေ) စစ်ရေယာဉ်တွေနဲ့ ဒေသခံငါးဖမ်းစက်လှေတွေ ပူးပေါင်းအဖွဲ့တွေနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပြီး လက်ရှိအချိန်ထိ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂၀ နဲ့ ကလေး ၈ ဦးရဲ့ ရုပ် အလောင်းတွေကို တွေ့ရှိထားတာဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။
အဲဒီလေယာဉ်မှာ မြိတ်မြို့ကနေ မနေ့နေ့လည် ၁ နာရီ ၆ မိနစ်က စတင်ထွက်ခွာလာခဲ့တာ ဖြစ်ပြီး ထားဝယ်လေဆိပ်နဲ့ အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ၁ နာရီ ၃၅ မိနစ်မှာ အဆက်အသွယ်ပြတ်တောက် သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလေယာဉ်မှာ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ၁၀၈ ဦး၊ လေယာဉ်အမှုထမ်း ၁၄ ဦး လိုက်ပါသွားခဲ့ပြီး ကုန် ၂တန်ခွဲနီးပါး တင်ဆောင်လာတာလည်း ဖြစ်ပါတယ်။