ရန်ကင်းမြို့မရဲစခန်း တိုက်ခိုက်ခံရ
2023.12.01

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် မြို့မရဲစခန်းကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ Yangon Army (YA) တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၁ ရက်နေ့ညက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ရန်ကင်းမြို့မရဲစခန်းကို ည ၇ နာရီခွဲအချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေကို ဖိနှိပ်အနိုင်ကျင့်နေတဲ့ ဌာနတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ပစ်မှတ်တွေကို တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် စစ်ကောင်စီအစိုးရရုံးတွေနဲ့ နီးစပ်တဲ့နေရာတွေမှာ ပြည်သူတွေ မနေကြဖို့လည်း သတိပေးထားပါတယ်။
ရန်ကင်းရဲစခန်းတိုက်ခိုက်ခံရချိန်မှာ ပေါက်ကွဲသံတွေ ကျယ်လောင်စွာကြားခဲ့ရပြီး ပေါက်ကွဲချိန် အပြီးမှာတော့ ရန်ကင်းရဲစခန်းရှေ့ကို စစ်ကောင်စီတပ်တွေ လုံခြုံရေးဂိတ်တွေချပြီး တားဆီးစစ်ဆေးနေတယ်လို့ ရန်ကင်းမြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့ညမှာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်နဲ့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတို့မှာလည်း ပေါက်ကွဲသံတွေ ကြားရတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။
အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ Yangon Army (YA) တို့က တောင်ဥက္ကလာနဲ့ မြောက်ဥက္ကလာမြို့နယ်တွေမှာရှိတဲ့ လျှပ်စစ်ရုံးတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခိုက်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ပတ်သက်တဲ့ စစ်တပ်စခန်းတွေ၊ ရဲစခန်းတွေ၊ လျှပ်စစ်ရုံးတွေ၊ စည်ပင်ရုံးတွေ၊ စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ၊ ဒလန်တွေရဲ့နေအိမ်တွေအပြင် စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အသိုင်းအဝိုင်းတွေကို အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့ Yangon Army (YA) က သတင်းထုတ်ပြန်ထားပါတယ်။