ရန်ကုန်မြို့ပတ်ရထားပေါ် ပစ်ခတ်မှုနှင့် စွပ်စွဲခံရသူ လူငယ်ငါးဦး သေဒဏ်နှင့် ထောင်တစ်သက်ချခံရ
2023.05.19
ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ရထားလုံခြုံရေး ရဲတွေကို ပစ်ခတ်ခဲ့မှုအတွက် လူငယ်ငါးဦးကို မနေ့က မေလ ၁၈ ရက်နေ့ မှာ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်တွေ အသီးသီးချမှတ် လိုက်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
လူငယ်ငါးဦးဖြစ်တဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းမင်းအောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ကို မြို့ပတ်ရထားပေါ်မှာ ရဲတွေကို ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်ချမှတ် လိုက်တာ ဖြစ်ပါတယ်။
AAPP ရဲ့ထုတ်ပြန်ချက်တွေအရ ကိုကောင်းပြည့်စုံဦးကို အစိုးရပိုင် လက်နက်နဲ့ ခဲယမ်းမီးကျောက်ကို ခိုးယူရန်ကြံစည်မှု ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) အက်ဥပဒေ ပုဒ်မ ၂/၁(က) နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၄ တို့နဲ့ သေဒဏ်နှစ်ကြိမ်အထိ စစ်ကောင်စီက ချမှတ်ထားတာ ဖြစ်ပါတယ်။
ကိုကျော်ဝင်းစိုးနဲ့ ကိုဆန်းမင်းအောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့် တို့ကိုတော့ လူသတ်မှု ပုဒ်မ ၃၀၂၊ လူသတ်မှုကျုးလွန်ရန် အားထုတ်မှု ပုဒ်မ ၃၀၇၊ ပြစ်မှုကျုးလွန်ရာမှာ အားပေးကူညီမှု ပုဒ်မ ၁၁၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ လူတစ်ဦး ဒါမှမဟုတ် အများကို နာကျင်စေမှု အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ (က) နဲ့ အစိုးရပိုင် လက်နက်နဲ့ ခဲယမ်းမီးကျောက်ကို ခိုးယူရန်ကြံစည်မှု လက်နက်ရယူခွင့်မရှိသူကို ပေးအပ်ရန် အားထုတ်မှု ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) အက်ဥပဒေ ပုဒ်မ ၂/၂ တို့အတွက် စစ်ကောင်စီက သေဒဏ်နဲ့ ထောင်တစ်သက်စီ ချမှတ်ထားတယ်လို့ AAPP က ဖော်ပြပါတယ်။
ဒီပုဒ်မတွေနဲ့ သေဒဏ်တွေ ထောင်ဒဏ်တွေ ချမှတ်ခံရတာနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေရဲ့ မိသားစုဝင်တွေကို RFA က ဆက်သွယ်လို့ မရသေးသလို စွပ်စွဲခံထားရတဲ့ ပုဒ်မတွေနဲ့ ပတ်သက်လို့ အမှန်တစ်ကယ် ချမှတ်ခံရခြင်း ဟုတ်၊ မဟုတ် သီးခြား အတည်မပြုနိုင်သေးပါဘူး။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်ဘူတာကြီးကနေ အင်းစိန်မြို့ဘက်ကို ထွက်ခွာလာတဲ့ မြို့ပတ်ရထားဟာ အလုံဘူတာအရောက်မှာ ရထားရဲတွေပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်အဆင့်ရှိ ရဲတစ်ဦးနဲ့ ရဲတပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကနေ AK အမျိုးအစား သေနတ် နှစ်လက်၊ G3 သေနတ် တစ်လက်နဲ့ BA-64 သေနတ်တစ်လက်အပါအဝင် ခဲယမ်းတချို့ကို ပြောက်ကျားတပ်ဖွဲ့က ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီအတွက် ကိုကောင်းပြည်စုံဦးအပါအဝင် ငါးဦးတို့ကို ကျူးလွန်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။