ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ထဲမှာ ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက YMBA ရုံးရှေ့နဲ့ ပုဇွန်တောင်မြို့မရဲစခန်းအနီးတို့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
နေ့လယ် ၁ နာရီ ၃၃ မိနစ်က ပုဇွန်တောင်မြို့မရဲစခန်းရှေ့မှာ ပေါက်ကွဲတစ်ခုဖြစ်ခဲ့သလို နေ့လယ် ၁ နာရီ ၄၄ မိနစ်မှာလည်း ရေကျော်လမ်းမပေါ်က စစ်သားတွေ တပ်စွဲထားရာ YMBA ရုံးရှေ့မှာ ပေါက်ကွဲမှု ထပ်မံဖြစ်ပွား ခဲ့ပါတယ်။
ဒီပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် ပုဇွန်တောင်မြို့မရဲစခန်းရှိရာ ရေကျော်မီးပွိုင့်ကနေ ဗိုလ်ချုပ်လမ်းတလျှောက်၊ ပုဇွန်တောင် ညောင်တန်းတဝိုက်ကို အသွားအလာတွေ ပိတ်ထားလိုက်ပြီး ရန်ကုန်မြို့ထဲမှာလည်း စစ်ကောင်စီ က စစ်ဆေးမှုတွေရှိနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီထောက်ခံတဲ့ YMBA အသင်းကြီးရဲ့ရုံးရှေ့မှာ ပုဇွန်တောင် မြို့နယ်နေ ပြည်သူတွေက ဆန္ဒပြခဲ့ကြပြီးနောက် စစ်ကောင်စီတပ်တွေက မတ်လကစလို့ YMBA ရုံးရှေ့မှာ တပ်စွဲနေရာယူထားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကလည်း အထက်ပုဇွန်တောင်လမ်းမပေါ် ဆားလင်းကျောင်းတိုက်ရှေ့မှာ ရဲတပ်ဖွဲ့ဝင်နှစ်ယောက် ဆိုင်ကယ်နဲ့ ရပ်နားချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ယောက် ဒဏ်ရာရ ခဲ့ပါတယ်။