စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁၆၅ ဦး သေဆုံးခဲ့တယ်လို့ ဧပြီလ ၁၃ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူ ၁၆၅ ဦးအနက် အမျိုးသမီး ၂၇ ဦး၊ အသက် ၁၈ နှစ်အောက် ယောက်ျားလေး ရှစ်ဦးနဲ့ မိန်းကလေး ၁၁ ဦးပါဝင်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကျန်တဲ့သူတွေကိုတော့ ဘယ်သူဘယ်ဝါ ခွဲခြားအတည်ပြုနေဆဲဖြစ်ပြီး သေဆုံးသူ အရေအတွက်လည်း ထပ်ပြီးတိုးနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူအရေအတွက်ကို NUG က အတိအကျပြောမထားပေမယ့် ၁၇ ဦးကို တော့ ဒဏ်ရာပြင်းထန်တဲ့အတွက် အကြီးစားခွဲစိတ်မှုပြုလုပ်ထားရပြီး စိုးရိမ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကိုနွေဦးကတော့ ဧပြီ ၁၃ ရက် မနက်ပိုင်းအထိ သင်္ဂြိုဟ်ပြီးစီးတဲ့ ရုပ်အလောင်း ၁၃၀ ရှိတယ်လို့ ပြောပါတယ်။
"အခုလက်ရှိ သင်္ဂြိုဟ်ပြီးစီးတဲ့ အရေအတွက်က အယောက် ၁၃၀ ပေါ့၊ dead body ပေါ့၊ ဥပမာ- ကျား၊ မ တော့ ခွဲလို့မရတော့ဘူးပေါ့၊ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို ခေါင်းမပါဘူး၊ ခြေထောက်ပါတယ် အဲဒီလိုမျိုးကို ကျနော်တို့က Death body တစ်ခုလို့သတ်မှတ်ပြီး သင်္ဂြိုဟ်ပါတယ်။ အခုလက်ရှိ တချို့က ရုပ်ပျက်ဆင်းပျက် ပျက်စီးသွားတဲ့ဟာတွေ ရှိတယ်။ ဘာမှကို ကျား၊ မ ခွဲခြားလို့မရတဲ့ အနေအထား။ တချို့တွေက အကုန်လုံး စုတ်ပြတ်သတ်တဲ့ အနေအထား ရှိနေတယ်"
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ ၅၉ ဦးသာ ခန္ဓာကိုယ် ပြန်ရပြီး၊ ကျန်တဲ့ရုပ်အလောင်းတွေကိုတော့ ပြန့်ကျဲနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီကို ကောက်ယူသင်္ဂြိုဟ်ခဲ့ရတာလို့ သူကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က ပဇီကြီးရွာကို ဂျက်တိုက်လေယာဉ်တွေနဲ့ ပျံဝဲစောင့်ကြည့် နေသလို၊ ရွာအရှေ့ဘက် နှစ်မိုင်အကျော်မှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်းတစ်ခု တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအကျပ်အတည်းကြားကပဲ ခန္ဓာကိုယ်အပိုင်းအစတွေကို မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ပဇီကြီးရွာခံ ကိုမျိုးက ပြောပါတယ်။
"ဒါ အခုကျနော်တို့ dead body ကောက်၊ ရှင်းလင်းရေးအဖွဲ့ကနေ dead body ကောက်မယ်။ တာယာကွင်းတွေလည်း ပါလာတယ်။ အရေးပေါ်လုပ်ရမှာဗျ၊ မြေပြင် လေယာဉ်သတင်းကလည်း တောက်လျှောက်ရှိနေတာဆိုတော့ ကျန်တဲ့ ရုပ်ကြွင်း အလောင်းတွေကို တတ်နိုင်သမျှ စုဖွဲ့ကောက်ယူပြီးတော့ မီးသင်္ဂြိုဟ်ပေးခဲ့မှာ ဖြစ်တယ်ဗျ"
လက်ရှိမှာ ပဇီကြီးရွာက ဒေသခံ ၈၀၀ ကျော်ဟာ ရွာမှာမနေတော့ဘဲ ဘေးလွတ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သူကပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း မိသားစုဝင်ခြောက်ဦးအထိ ဆုံးရှုံးလိုက်ရတဲ့ ကိုမောင်ဦး (အမည်လွှဲ) ကတော့ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်ကို ခွင့်မလွှတ်ဘူးလို့ ဆိုပါတယ်။
"ကျနော့်ညီ အငယ်ဆုံးလည်း ပါတယ်။ ယောက်ဖလည်း ပါတယ်။ ဘကြီး၊ ဒေါ်ကြီးတွေ ပါတယ်။ တူမတွေ၊ အစ်မတွေ ပါတယ်။ တော်တော်များများ ပါတယ်။ လူမဆန်တဲ့ လုပ်ရပ်လို့ပဲ ကျနော်ထင်တယ်။ ခွေးကျင့်၊ ခွေးကြံကြံတယ်ဆိုတာ ဒါမျိုးကိုပြောတာ။ ကျနော်တို့ကတော့ ရရာလက်နက်စွဲကိုင်ပြီး ပြန်တိုက်မှာ ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ အသက်ပေးရင် ပေးရပါစေ"
ကိုမောင်ဦးရဲ့ မိသားစုဝင်တွေကိုလည်း ရုပ်အလောင်း အကောင်းပကတိ ပြန်မရခဲ့ပါဘူး။
"လူမဆန်တဲ့ လုပ်ရပ်လို့ပဲ ကျနော်ထင်တယ်။ ခွေးကျင့်၊ ခွေးကြံကြံတယ်ဆိုတာ ဒါမျိုးကိုပြောတာ။ ကျနော်တို့ကတော့ ရရာလက်နက်စွဲကိုင်ပြီး ပြန်တိုက်မှာ ဘယ်လိုမှ မကျေနပ်နိုင်ဘူး"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးကတော့ စစ်ကောင်စီကို ပြည်တွင်း၊ ပြည်ပ ဥပဒေတွေနဲ့ အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
"အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတယ်ဆိုတာက အင်မတန်မှ ကြီးလေးတဲ့ စစ်ရာဇဝတ်မှု ဖြစ်ပါတယ်။ နိုင်ငံတကာရော၊ ပြည်တွင်းရဲ့ ဥပဒေအရရော အင်မတန်မှ ကြီးလေးတဲ့ပြစ်မှု ဖြစ်ပါတယ်။ အဲဒါကြောင့်မိုလို့ ကျုးလွန်တဲ့သူတွေကို တရားဥပဒေနဲ့ အညီ နိုင်ငံတကာ ခုံရုံးတို့၊ ပြည်တွင်းဥပဒေကြောင်းအရရော ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကို ဝန်ခံထားပြီး NUG နဲ့ PDF တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဧပြီလ ၁၁ ရက်မှာ စစ်ကောင်စီအာဘော် သတင်းဌာနတွေကနေတစ်ဆင့် ပြောဆိုခဲ့ပါတယ်။
မိသားစုဝင်တွေသေဆုံးခဲ့ကြတဲ့ ပဇီကြီးရွာက ဒေသခံတွေကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ထိထိရောက်ရောက်အရေးယူပေးဖို့နဲ့ စစ်ကောင်စီတပ်ကို လက်နက်ခဲယမ်းမီးကျောက် အပါအဝင် လေယာဉ်ဆီတွေ မရောင်းချဖို့ တောင်းဆိုနေကြ ပါတယ်။