မကွေးတိုင်းမှာ တိုက်ပွဲကြောင့် ဒေသခံ လေးထောင်ခန့် ထွက်ပြေး
2024.11.30
ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ထိစပ်နေတဲ့ မကွေးတိုင်း စေတုတ္တရာမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်က တရုတ်နေရောင်ခြည် စွမ်းအင်စီမံကိန်းအနီးမှာ စစ်ကောင်စီတပ်က ရွာတွေကို စီးနင်းမီးရှို့နေတာကြောင့် တစ်ဦးသေဆုံးပြီး ဒေသခံ လေးထောင်ခန့် ထွက်ပြေးနေရပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံက စစ်ကောင်စီတပ်သားတွေ၊ ခြေလျင်တပ်ရင်း ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅) တပ်နဲ့ ဆင်လူးရွာက ပျူစောထီး ပူးပေါင်းတပ်ပါဝင်တဲ့ အင်အား သုံးရာကျော်နဲ့ ရွာတွေကို စီးနင်းတာလို့ ဒေသခံနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က လယ်မ၊ ကျွဲခြံ၊ ညောင်ကုန်း၊ ကျောက်ပုံ၊ ခဲပြစ် စတဲ့ရွာငါးရွာက ဒေသခံ လေးထောင်ခန်း ဘေးလွတ်ရာ ထွက်ပြေးနေရတာပါ။
စေတုတ္တရာမြို့နယ်ဘက်အခြမ်း ကျောက်ပုံရွာမှာ နိုဝင်ဘာ ၂၈ ရက်နေ့ကဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အသက် ၆၅ နှစ်အရွယ် ဒေါ်တင်ပိုင် လက်နက်ထိမှန် သေဆုံးသွားတယ်လို့ မင်းဘူးခရိုင် တပ်ရင်း (၄) ရဲ့ တပ်ရင်းမှူး ကိုကြီးကျော်က ပြောပါတယ်။
“အဲဒီစစ်ကြောင်းကို မင်းဘူးခရိုင် တပ်ရင်း (၄) နဲ့ ပွင့်ဖြူမြို့နယ် ပကဖပူးပေါင်းပြီးတော့ ကျွန်တော်တို့ ခုခံကာကွယ်ပေမဲ့ အင်အားအလွန်အင်မတန်များလို့ ကျွန်တော်တို့ ဆုတ်ပေးလိုက်တဲ့အချိန်မှာ ရွာထဲကိုဝင်တယ်၊ မီးရှို့တယ်။ အဲဒီမှာ ရွာထဲက ဒေါ်တင်ပိုင် အသက် ၆၅ နှစ် သေသွားတယ်။ နောက်တစ်ရက်မှာ အဲဒီရွာထဲကနေပြီးတော့ ကျွန်တော်သိတာကတော့ လူလေးယောက်က အဖမ်းခံရပြီး လမ်းပြဖို့ခေါ်သွားတယ်”
“လယ်မရွာက အိမ်နှစ်ရာကျော်ကို မီးရှို့ဖျက်ဆီးသွားတဲ့အပြင် စားနပ်ရိက္ခာတွေကိုပါ ဖျက်ဆီးသွားပါတယ်”
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်သားတွေဟာ ပွင့်ဖြူမြို့နယ်ထဲက တရုတ်နေရောင်ခြည် စွမ်းအင်စီမံကိန်းအနီး လယ်မရွာက အိမ်နှစ်ရာကျော်ကို မီးရှို့ဖျက်ဆီးသွားတဲ့အပြင် စားနပ်ရိက္ခာတွေကိုပါ ဖျက်ဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လယ်မရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ထဲက ကျွန်တော်တို့ ရွာအရှေ့ဘက်က ကျွဲခြံရွာနဲ့ လယ်မရွာ နှစ်ရွာ ရှောင်နေရတယ်။ လက်ရှိအနေအထားကတော့ ရွာကိုလည်း မကပ်ရဲဘူး။ နေစရာမဲ့တဲ့အိမ်တွေကလည်း နှစ်ရာဝန်းကျင်လောက်။ အဲဒါနဲ့ပဲ သူတို့ကတော့ ဘာမှတော့ မယူသွားနိုင်ဘူးပေါ့ဗျာ။ ခါးဝတ်ခါးစားနဲ့ပဲ ပြန်လည်း မကပ်ရဲတော့ဘူးလေ။ လက်နက်သံတွေက တဒိန်းဒိန်းနဲ့ဆိုတော့။ နောက်ကျတော့ အလုံးအရင်းနဲ့ ဝင်တဲ့အခါကျတော့ ပိုဆိုးသွားတာပေါ့။ စားဖို့တွေလည်း မသယ်နိုင်၊ မီးလောင်အိမ်တွေထဲမှာလည်းပါတာ၊ ဆန်တွေ ပါသွားတာ၊ စားနပ်ရိက္ခာတွေ”
စစ်ဘေးဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာ အမိုးအကာမရှိဘဲ နေထိုင်ရပြီး သက်ကြီးရွယ်အိုတွေဟာ လျှိုမြောင်တွေထဲမှာ နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေပါတယ်”
သူတို့အတွက် အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကိုအညာသားက RFA ကို ပြောပါတယ်။
“ကြိုတင်ပြင်ဆင်ချိန် မရဘဲနဲ့ အရေးပေါ် ထွက်ပြေးလိုက်ရတာမလို့ အဘိုးကြီး၊ အဘွားကြီး ဆိုလို့ရှိရင် တချို့ လျှိုမြောင်ထဲမှာ ငတ်ပြတ်ပြီး နေတဲ့သူတွေကိုလည်း မျက်မြင်တွေ့ထားပါတယ်။ ကလေးသူငယ်တွေဆိုရင် နိုဝင်ဘာလထဲ ရောက်လာတာဆိုတော့ အေးတဲ့အတွက်ကြောင့် ကလေးတွေ နှာစေး၊ ချောင်းဆိုးဖြစ်တာ၊ ချွဲကျပ်တာတွေ ဖြစ်နေတယ်။ လက်ရှိအခြေအနေမှာတော့ ပြည်သူတွေအနေနဲ့ တောတွေ တောင်တွေထဲမှာ အမိုးအကာမရှိဘဲ နေနေတယ်၊ ဒုက္ခရောက်နေတယ်”
နိုဝင်ဘာ ၂၉ ရက်မနေ့က စစ်ကောင်စီတပ်က မဲဇလီကုန်းစခန်းဘက်ကို ပြန်ဆုတ်ခွာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကျေးရွာတွေထဲ ရှင်းလင်းရေးလုပ်ပြီး သေဆုံးသူ ဒေါ်တင်ပိုင်ကို သင်္ဂြိုဟ်ပေးလိုက်ပြီလို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
ပွင့်ဖြူမှာ စစ်ကြောင်းထိုး၊ ဗုံးကြဲတာကြောင့် ဒေသခံနှစ်ထောင်နီးပါး ထွက်ပြေးနေရ
ပွင့်ဖြူမှာ စစ်မှုထမ်းထောက်ပံ့ဖို့ ငွေကြေးကောက်ခံမှုတွေ ရှိနေ
စေတုတ္တရာမြို့နယ် လုံးကြီးရွာ ရွာလုံးကျွတ်မီးရှို့ခံရပြီး တစ်ရွာလုံး ထွက်ပြေးနေရ
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ရာနေရာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာလို့ RFA ကို ပြောပါတယ်။
“ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာ၊ မင်းဘူး၊ ငဖဲမြို့နယ်အစပ်ပေါ့နော်။ အဲဒီနယ်လေးမြို့နယ် စုံတဲ့နေရာပေါ့။ အဲဒီနေရာမှာ ကျွန်တော် လက်ရှိ တိုက်ပွဲအနေအထားအရ နှစ်ဖက်တပ်တွေ ဆိုင်ထားတဲ့အနေထားလို့ ဆိုရမှာပေါ့နော်။ စစ်ကောင်စီက ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲက ရွာတွေကို စစ်ကြောင်းထိုးဖို့ဆိုပြီးတော့ အဓိက ဝင်ရောက်လာတာပေါ့နော်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ရတာပေါ့နော်”
ဒါတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ မကွေးတိုင်း စစ်ကောင်စီပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီကတော့ ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်က ရွာတွေကို လိုအပ်တဲ့ နယ်မြေလုံခြုံရေး လုပ်ငန်းတွေလုပ်ခဲ့ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ မရှိခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ်သတင်းစာတွေကနေ နိုဝင်ဘာ ၃၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲတွေ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းခွဲနီးပါးအထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာ ၂၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။