ကန်ကြီးထောင့် အထည်ချုပ်စက်ရုံ လုပ်သားများ ဆက်လက်ဆန္ဒပြ

ကျော်လွင်ဦး
2020-01-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ဟွာမုံအထည်ချုပ်စက်ရုံက ဆန္ဒပြ အလုပ်သမားတွေကို ၂ဝ၂ဝ၊ ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ဟွာမုံအထည်ချုပ်စက်ရုံက ဆန္ဒပြ အလုပ်သမားတွေကို ၂ဝ၂ဝ၊ ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်
Photo: LH EO

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် ဟွာမုံအထည်ချုပ်စက်ရုံက အလုပ်သမား ၅၀၀ ကျော်ဟာ အချိန်ပိုကြေး၊ အလုပ်သမားတွေသဘောမတူဘဲ ဌာနမပြောင်းရွေ့ဖို့၊ အပိုဆုကြေးကိစ္စတွေအပါအဝင် အချက် ရှစ်ချက်ကို တောင်းဆိုဆန္ဒပြနေတာ တစ်လကျော်သွားပြီ ဖြစ်ပါတယ်။

ဟွာမုံစက်ရုံနဲ့ ဆန္ဒပြ အလုပ်သမားတွေ သဘောတူညီချက်တွေ လက်မှတ်ထိုးဖို့ ဒီနေ့ညနေပိုင်းအထိ ဆွေးနွေးနေကြဆဲဖြစ်ပြီး ပြေလည်မှုမရရှိသေးပါဘူး။

ဒီနေ့မနက်ကနေ ညနေပိုင်းအထိ တိုင်းအစိုးရရုံးမှာ အစိုးရအဖွဲ့၊ စက်ရုံတာဝန်ရှိသူတွေနဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ဒီနေ့ညနေ ငါးနာရီဝန်းကျင်မှာ ဟွာမုံအထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင် မခိုင်နွေဦးမွန်က  ပြောပါတယ်။

“ဒီနေ့အခြေအနေက စာချုပ်မှာ လက်မှတ်မထိုးနိုင်သေးဘူး။ စာချုပ်မှာပါတဲ့အချက်အလက်တွေကို အလုပ်ရှင်နဲ့ နှစ်ဘက်ဆွေးနွေးနေတုန်း၊ လက်မှတ်မထိုးနိုင်သေးဘူး၊ ခုချိန်ထိ အလုပ်ရှင်နဲ့ စာချုပ်မှာပါတဲ့အချက်တွေကို ဆွေးနွေးနေတုန်း”

မနေ့တုန်းကလည်း ကန့်ကြီးထောင့်မြို့နယ် ထွေအုပ်ရုံးမှာ ဆန္ဒပြအလုပ်သမားတွေ၊ စက်ရုံတာဝန်ရှိသူတွေ၊ တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ တွေဆုံဆွေးနွေးခဲ့ရာမှာ ပြေလည်မှုမရတာကြောင့် ဒီနေ့ဆက်လက်ဆွေးနွေးရာမှာလည်း နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။

တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့တွေဆုံစဉ်မှာ အချက် လေးချက်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေဆုံစဉ်မှာ အချက် လေးချက်ကို နှုတ်နဲ့ သဘောတူခဲ့ပေမယ့် အဲဒီသဘောတူညီချက်တွေကို ဒီနေ့အထိ သဘောတူ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကတည်းက အလုပ်သမားတွေ တောင်းဆိုတဲ့အချက်တွေထဲက ခုနှစ်ချက်ကို သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဒေါက်တာ စိုးဝင်းကို ဒီနေ့နေလယ်က ဆက်သွယ်ရာမှာတော့ သဘောလက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“နောက်ဆုံးကျန်တဲ့ ရှစ်ချက်ကို ညှိလို့ပြီးသွားပြီ၊ လက်မှတ်ထိုးကြမယ် အကုန်လုံးဝိုင်းပြီးတော့၊ အစိုးရအနေနဲ့ပေါ့၊ ခုံသမာဓိကိစ္စတော့ လုပ်လို့မရသေးဘူး၊ ရက်ကျန်သေးတယ်၊ အခုဟာက အကြိုပေါ့၊ အဓိကတော့ သပိတ်လှန်ဖို့ အရင်ဆုံးလက်မှတ်ထိုးကြမယ်။”

ဒေါက်တာ စိုးဝင်းကို ဒီနေ့ညနေက ထပ်မံ ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက် ရှစ်ချက်ထဲက အလုပ်သမားတွေကို ကားအကြိုအပို့ လုပ်ပေးဖို့ ကိစ္စကလွဲပြီး ကျန်တဲ့ ခုနှစ်ချက်ကို စက်ရုံဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ နှုတ်နဲ့ သဘောတူထားတာဖြစ်ပါတယ်။

သဘောတူညီချက်တွေထဲမှာ အလုပ်သမားတွေ သဘောမတူဘဲ ဌာနပြောင်းရွှေ့တာမလုပ်ဖို့၊ သင်္ကြန်ကာလ အပိုဆုကြေးငွေ ပေးဖို့လည်း သဘောတူညီမှု ရထားတယ်လို့ သိရပါတယ်။

စက်ရုံမန်နေဂျာကို အလုပ်ဖြုတ်ပေးဖို့ တောင်းဆိုချက်ကိုတော့ ပြန်လည်ရုပ်သိမ်းပေးဖို့ စက်ရုံဘက်က တုံ့ပြန်တာကိုလည်း အလုပ်သမားတွေက သဘောတူထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟွာမုံ အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေနဲ့ တိုင်းအစိုးရအဖွဲ့ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

သဘောတူလက်မှတ်ရေးထိုးဖို့ စက်ရုံဘက်က ပျက်ကွက်မယ်ဆိုရင် ဥပဒေချိုးဖောက်မှုနဲ့ အရေးယူပေးဖို့ အစိုးရကို ဆက်လက်တောင်းဆိုသွားမယ်လို့လည်း ဆန္ဒပြအလုပ်သမားတွေက မနေ့တုန်းက ပြောပါတယ်။

အလုပ်သမားတွေဘက်ကတော့ နှစ်ဘက်သဘောတူလက်မှတ်ရေးထိုးနိုင်မယ်ဆိုရင် သပိတ်မှောက်တာကို ရပ်တန်ပြီး စက်ရုံမှာ အလုပ်ပြန်လည်ဝင်ရောက် အလုပ်လုပ်သွားမယ်လို့ ပြောပါတယ်။

ဟွာမုံအထည်ချုပ်စက်ရုံက အလုပ်သမား ၅၀၀ ခန့်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ကစပြီး အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ စက်ရုံရှေ့မှာ သပိတ်မှောက် ဆန္ဒပြနေတာဖြစ်ပါတယ်။

ဟွာမုံ အထည်ချုပ်စက်ရုံကို ကန်ကြီးထောင့်မြို့နယ်မှာ ၂၀၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အဲဒီစက်ရုံမှာ အလုပ်သမားစုစုပေါင်း တစ်ထောင်ကျော်ရှိပြီး ဘောင်းဘီအဓိကထား ချုပ်လုပ်ပြီး အင်္ကျီအနည်းငယ်ချုပ်လုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း အဲဒီစက်ရုံကနေ အလုပ်သမား ရှစ်ဦးကို အလုပ်ထုတ်ခဲ့တာတွေရှိခဲ့ပါတယ်။ အလုပ်ထုတ်ခံရသူတွေထဲက သုံးဦးက စက်ရုံဘက်ကို အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိရုံးမှာ တိုင်ကြားထားတာလည်း ရှိနေပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့