စစ်ခေါင်းဆောင်နဲ့ KNU ဥက္ကဋ္ဌဟောင်း တွေ့ဆုံမှု လက်ရှိ KNU နဲ့ မပတ်သက်ကြောင်း တုံ့ပြန်
2023.09.30
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီလိုတွေ့ဆုံမှုဟာ KNU ရဲ့သဘောထားမဟုတ်သလို ပတ်သက်မှုလည်း မရှိဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောပါတယ်။
" ဒါတွေက လူပုဂ္ဂိုလ်တွေရဲ့အစီအစဉ်ဖြစ်သလို KNU ရဲ့ သဘောထားလည်း မဟုတ်ဘူးလို့ ပြောချင်ပါတယ်၊ ကျွန်တော်တို့ရဲ့သဘောထားကတော့ အာဏာသိမ်းတာကို လက်မခံသလို တရားမဝင်ဖြစ်နေတဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဖို့ကလည်း ကျွန်တော်တို့မှာ သဘောထား အစီအစဉ်မရှိသေးပါဘူးလို့ ပြောချင်ပါတယ်"
ဒီတွေ့ဆုံပွဲကို KNU ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ စောရောဂျာခင်၊ KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့လည်း တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စောမူတူးစေးဖိုးဟာ အာဏာသိမ်းစစ်တပ်နဲ့ စေ့စပ်ဆွေးနွေးဖို့ အစဉ်တစိုက် တိုက်တွန်းခဲ့သူပါ။ ဒီနှစ် ဧပြီလကုန်ပိုင်းမှာကျင်းပတဲ့ KNU ရဲ့ ၁၇ ကြိမ်မြောက် ကွန်ဂရက်မှာ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဟာ KNU ဥက္ကဋ္ဌအဖြစ်ကနေ ဖယ်ရှားခံရပြီးနောက် ပဒိုစောကွယ်ထူးဝင်း က ဥက္ကဋ္ဌသစ် ဖြစ်လာတာပါ။
အဲဒီကွန်ဂရက်ကနေ ထွက်ပေါ်လာတဲ့ KNU ခေါင်းဆောင်သစ်တွေကတော့ NCA စာချုပ်ကို စစ်တပ်ကချိုးဖောက်တာကြောင့် ပျက်ပြယ်သွားပြီလို့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
"NCA နဲ့ပတ်သက်ပြီး လိုက်နာစရာအကြောင်းမရှိတော့ပါဘူး၊ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်းတစ် အခြေခံမူကို နင်းခြေပစ်တာ စစ်တပ်ဖြစ်ပါတယ်၊ အခန်းတစ်က NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်၊ နှလုံးသားကို ဖျက်ဆီးလိုက်ပြီဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာမရှိတော့ဘူး၊ NCA ကိုအသုံးပြုပြီးတော့ ကျွန်တော်တို့ နိုင်ငံတကာကို လှည့်စားခြင်းသော်လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း အဲဒါတွေက ကျွန်တော်တို့မဆိုင်ဘူးဆိုတာ ပြောချင်ပါတယ်"
ဩဂုတ် ၁၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ပြောခဲ့တာပါ။
ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့ တွေ့ဆုံတာဟာ စစ်ကောင်စီက ကျဆင်းနေတဲ့ နိုင်ငံရေးပုံရိပ်ကို မြှင့်တင်ဖို့အတွက် နိုင်ငံရေးအရ အသုံးချတာလို့ နိုင်ငံရေးလေ့လာသူတွေနဲ့ ကရင်အရပ်ဘက်အဖွဲ့တွေက ဝေဖန်ပါတယ်။
စစ်ကောင်စီက NCA အသက်ဝင်ဖို့ ကြိုးစားနေတာဟာ ပကတိအခြေအနေနဲ့ ဝေးကွာနေတယ်လို့ နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
"စစ်ကောင်စီက ငြိမ်းချမ်းရေးမအောင်မြင်ပေမဲ့ NCA ကိုရှေ့တန်းတင်ပြီး ငြိမ်းချမ်းရေး ဗိသုကာလုပ်ချင်တဲ့အခါကျတော့ ဦးမူတူးစေးဖိုးကို နိုင်ငံရေးအရ အနားယူနေရာကနေ ခေါ်ပြီးတော့ သူ့ကို အသုံးချပြီးတော့ NCA စာချုပ်က ဆက်လက် အသက်ဝင်နေတယ်ဆိုတာကို ပုံဖော်ချင်လို့ လုပ်တာလို့ ယူဆပါတယ်၊ အဲဒါဟာ ပကတိအခြေအနေနဲ့ ကင်းကွာပြီးတော့ တိုင်းရင်းသားအများစုရဲ့ သဘောဆန္ဒနဲ့လည်း မကိုက်ညီတော့တဲ့ အခြေအနေ အချိန်အခါကို ရောက်နေပြီလို့ ယူဆပါတယ်"
စစ်ကောင်စီဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြောဆိုနေပေမဲ့ KNU ထိန်းချုပ်နယ်မြေတွေမှာ ထိုးစစ်ဆင်တာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းကနေ ထိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေဆဲဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။ စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးကတော့ KNU ထဲမှာ ငြိမ်းချမ်းရေးလိုလားသူ ရှိသေးတယ်ဆိုတာကို ပြသတာလို့ ပြောပါတယ်။
" KNU ထဲမှာ ငြိမ်းချမ်းရေးကို လိုလားတဲ့သူ ထုနဲ့ထည်နဲ့ ရှိနေတယ်ဆိုတာကို ဒီနေ့ ဖြစ်ရပ်ကနေပြီးတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ ဖထီး ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ဖက်လဲတကင်းတွေ့လိုက်တဲ့ပုံက ပြလိုက်တဲ့သဘောလို့ပဲ မှတ်ချက်ပေးချင်ပါတယ်"
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာဆိုရင် စစ်ကောင်စီထိုးစစ်ဆင်တာ၊ လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာ၊ နေအိမ်မီးရှို့တာတွေရှိနေပြီး ကျေးရွာ ၁၂ ရွာက လူ ငါးထောင်ကျော်ဟာ ပြန်စရာနေအိမ်မရှိတော့ဘဲ နီးစပ်ရာမှာ နေထိုင်နေကြရပါတယ်။
စစ်ကောင်စီရဲ့ ရက်စက်မှုတွေ ခါးခါးသီးသီးခံနေရတယ်လို့ ကျောက်ကြီးမြို့နယ်မှာ ဒုက္ခသည်တွေကို ကူညီပေးတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
" စစ်ကောင်စီကလုပ်တဲ့အပေါ်မှာ ကျွန်တော်တို့ ခါးခါးသီးသီးလည်း ခံရတယ်၊ စစ်ကောင်စီရဲ့ လုပ်ဆောင်မှုအရာအားလုံးအပေါ်မှာ ရင်ထဲမှာလည်း မကောင်းဘူး၊ တွေ့နေမြင်နေရတာတွေကို ကျွန်တော်တို့လည်း မကူညီနိုင်ဘူး၊ လူ (ဒုက္ခသည်)မြောက်များစွာရှိနေတော့ လုံလောက်အောင်လည်း မကူညီနိုင်ဘူး "
သူတို့ကတော့ လက်ရှိ KNU ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနောက်ကပဲ လိုက်ပါဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ဘေးဒုက္ခသည် ခြောက်သိန်းသုံးသောင်းကျော် ရှိလာတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်(KPSN) က စက်တင်ဘာလ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အာဏာမသိမ်းခင် ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KNU အကြား တိုက်ပွဲတွေကြောင့် ဒုက္ခသည် သုံးသိန်းခွဲနီးပါးရှိရာကနေ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် နောက်ထပ် ဒုက္ခသည် သုံးသိန်းနီးပါး တိုးလာတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ် နယ်မြေတွေမှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၂၉ ဦးသေဆုံးပြီး ၄၈၇ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း KPSN ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ခေါင်းဆောင်က လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် NCA စာချုပ် ချုပ်ဆိုမှု ရှစ်နှစ်ပြည့်အခမ်းအနား ကျင်းပမယ်လို့ ထုတ်ဖော်ပြောဆိုထားပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တချို့နဲ့ ဆက်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။
---