ရှမ်းမြောက်နဲ့ ချင်းပြည်နယ်မှာ အရပ်သားတွေ မြေမြှုပ်မိုင်းဒဏ် ခံစားနေရ

RFA Burmese
2024.02.13
ရှမ်းမြောက်နဲ့ ချင်းပြည်နယ်မှာ အရပ်သားတွေ မြေမြှုပ်မိုင်းဒဏ် ခံစားနေရ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ကလေးငယ်အား မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှုပေးနေသည်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့က တွေ့ရစဥ်။
Kachin News Group

တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခတွေ မြင့်တက်လာတာနဲ့အမျှ မြေမြှုပ်မိုင်းဒဏ်ကို အရပ်သားတွေ ပိုခံစားလာရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့ တန်ပြန်နှိမ်နင်းမှုဒဏ်ကို အပြင်းအထန် ခံစားခဲ့ရတဲ့ ရှမ်းမြောက်ဒေသနဲ့ လက်နက်ကိုင်တော်လှန်ရေး အစောဆုံး စတင်ခဲ့တဲ့ ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေပါ သေဆုံးထိခိုက် ဒဏ်ရာရကြတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဖြတ်တောက်ခံထားရတဲ့ ညာဘက်ခြေထောက်က နာကျင်ကိုက်ခဲမှုဒဏ်ကို အန်တုရင်း အသက် ၃၆ နှစ်အရွယ် ကိုကျော်နု တစ်ယောက် ဆေးရုံခုတင်ပေါ်မှာ လဲလျောင်းနေပါတယ်။

“မိုင်းတွေကလေ တစ်ရက်ခြား၊ နှစ်ရက်ခြား အဲလိုကို ပေါက်ကွဲနေတာပဲ"

နမ္မတူမြို့နယ် ခိုဖိတ်ကျေးရွာသား ကိုကျော်နုဟာ ဇန်နဝါရီလ ၃၀ ရက်နေ့က နေအိမ်ခြံစည်းရိုးအတွက် ဝါးခုတ်ရင်း မိုင်းနင်းမိတာကြောင့် သူ့ရဲ့ ညာခြေတစ်ဖက် ဖြတ်လိုက်ရပါတယ်။ ဒဏ်ရာရထားတဲ့ သူ့ကို နမ္မတူနဲ့ လားရှိုးက ပရဟိတအသင်းအဖွဲ့တွေက လားရှိုးဆေးရုံကို ခက်ခက်ခဲခဲ ပို့ဆောင်ပေးခဲ့ကြပါတယ်။

နေအိမ်ကနေ ပေတစ်ရာလောက်ပဲဝေးတဲ့ ရွာအနီးက တောလမ်းလေးမှာ သူ မိုင်းနင်းမိခဲ့တာပါ။

“တကယ် အိမ်နဲ့တိုင်းလို့ရှိရင် ပေတစ်ရာလောက်ပဲရှိတယ်။ ကျွန်တော်က ခြံစည်းရိုးကာရင်သုံးဖို့ ဝါးခက်လေးတွေ သွားယူမလို့၊ ဝါးကိုကြည့်ရင်းနဲ့ မဖြစ်တော့ဘူးဗျာဆိုပြီး နောက်လှည့်တဲ့အချိန်မှာ နင်းမိတာ။ အိမ်ပြန်မလို့ဆိုပြီး လှည့်ပြန်တဲ့အချိန်မှာ နင်းမိတာ။ အဲနေရာက တိုက်ပွဲတော့ မဖြစ်ဘူး။ သူတို့သွားတဲ့ လမ်းတွေတော့ ဟုတ်တယ်။ တောဘက်ကသွားတဲ့ လမ်းတွေပေါ့ဗျာ။ သူတို့ စစ်ဖြစ်တဲ့ ကာလပေါ့နော်၊ အဲအချိန်ဆို ရွာထဲမှာဆိုရင် ဘယ်သူမှ မရှိဘူးပေါ့ဗျာ။ အခု ကျွန်တော်နင်းမိတဲ့ နေရာဆိုရင် အရှေ့တည့်တည့်မှာဆိုရင် အိမ်လည်းရှိတယ်၊ အဲလိုမျိုး နေရာတွေ မိုင်းမထောင်တာ ပိုကောင်းတာပေါ့ဗျာ၊ ပြည်သူလူထု ပိုဒုက္ခရောက်တာပေါ့။ သွားချင်တိုင်း၊ သွားလို့မရဘူး၊ လာချင်တိုင်း၊ လာလို့မရဘူး။ အဲဒီလမ်းကနေ အထဲကိုသွားရင် ရွာအကြီးကြီးရှိသေးတယ်”

ခိုဖိတ်ကျေးရွာဟာ စစ်ကောင်စီရဲ့ နမ္မတူမြို့ အခြေစိုက် ခလရ (၃၂၄) တပ်ရင်းအနီးမှာ တည်ရှိပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလ နမ္မတူမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ TNLA တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

လားရှိုးမြို့နယ်မှာတော့ ဇန်နဝါရီလအတွင်း မြေမြှုပ်မိုင်းကြောင့် ခြေလက်အင်္ဂါ ဆုံးရှုံးရသူ ငါးဦး ရှိခဲ့ပါတယ်။ အဲဒီထဲမှာ အသက် ၃၀ အရွယ် တာပုံရွာသူ မစုမွန်လည်း ပါဝင်ပါတယ်။ သူတို့ရွာအနီးက ရေဆိပ်မှာ ရေချိုးဖို့သွားတဲ့အချိန် လမ်းခုလတ်မှာ သူ မိုင်းနင်းမိခဲ့တာပါ။

“ဖြစ်တာက ညီမတို့က ရေဆိပ်မှာ ရေသွားချိုးနေတာ၊ တာပုံရွာသူတွေက ရေချိုးနေကြတာ၊ ရေသွားချိုးတဲ့လမ်းမှာပဲ တက်နင်းမိတာ။ သူက လမ်းလျှောက်တဲ့ လမ်းတည့်တည့်မှာပဲ ထောင်ထားတာ။ တက်နင်းမိတာ။ ဖြစ်ဖြစ်ချင်းမှာတော့ လုံးဝကို လူက ဘာမှမပြောနိုင်ဘူး။ လူက အဲနားမှာပဲ လူးလိမ့်နေတာ၊ ဘယ်သူ့ကိုမှလည်း ကယ်ပါလို့ မအော်နိုင်ဘူး။ ကိုယ့်ခြေထောက်ကိုပိုက်ပြီး အဲဒီလိုဖြစ်နေတာ။ ထပ်ပြီးထိမှာလည်း စိုးရိမ်နေတာလေ”

တာပုံရွာဟာ လားရှိုး-မိုင်းယော် ကျေးရွာလမ်းဘေးမှာတည်ရှိပြီး စစ်ကောင်စီလက်အောက်ခံ တပ်ရင်း အချို့နဲ့ နီးပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မိုင်းယော်၊ တာပုံ၊ မက်ချီးနု၊ နားဖ စတဲ့ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီပြီး လားရှိုးမြို့ပေါ်ကို ထွက်ပြေးခဲ့ရပါတယ်။

မိုင်းယော်ကနေ လားရှိုးမြို့ကို စစ်ဘေးရှောင်လာတဲ့ အသက် ၄၀ အရွယ် ကိုဘိုဘိုလည်း မိုင်းနင်းမိလို့ ညာဘက်ခြေထောက် ဖြတ်လိုက်ရပါတယ်။

စစ်ဘေးရှောင်နေစဉ် စားဝတ်နေရေးအတွက် နေ့စားအလုပ်ရဖို့ သူငယ်ချင်းရဲ့အိမ်ကိုအသွား ဒီဇင်ဘာ ၂၇ ရက်နေ့က လားရှိုးမြို့ပေါ် ရပ်ကွက်တစ်ခုမှာ သူ မိုင်းနင်းမိခဲ့တာပါ။

“မိုင်းယော်ကနေ ခဏရှောင်ခိုင်းတာပေါ့လေ။ ကိုးကန့်တပ်က ရှောင်ခိုင်းတာ။ အဲလိုမျိုးပြောတဲ့အချိန်မှာ ရှောင်လာတာ သုံးရက်ပဲရှိသေးတယ်။ ကျွန်တော့် သူငယ်ချင်းတွေရှိတဲ့နေရာကို သွားရင်းနဲ့ မိုင်းထိခဲ့တာ။ ပန်းရန်နဲ့ လက်သမားလုပ်တယ် ကျွန်တော်က။ အခါတိုင်း အုတ်ဆယ်လုံး စီနိုင်ရင် အခုတော့ အနည်းဆုံး ခုနစ်လုံးတော့ စီနိုင်မှာပေါ့။ သာမန်ထက်တော့ လျော့သွားပြီးပေါ့။ ခြေတု ဘာညာတပ်ပြီးရင်ပေါ့”

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ သီပေါ၊ လားရှိုးနဲ့ ကိုးကန့်ဒေသမှာ ဇန်နဝါရီ ၂ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ တစ်လအတွင်း မိုင်းနဲ့ စစ်လက်နက်ပစ္စည်း လက်ကျန်တွေကြောင့် နမ့်ဆန်မြို့နယ်က ကလေးငယ် သုံးဦးနဲ့ နမ့်ခမ်းမြို့နယ်က အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

အမျိုးသမီး ခြောက်ဦးနဲ့ အမျိုးသား ၁၈ ဦး စုစုပေါင်း ၂၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ မူဆယ်မြို့က ခြောက်ဦး၊ လားရှိုးနဲ့ သီပေါမြို့က ငါးဦးစီ ပါဝင်ပါတယ်။ ဒဏ်ရာရသူအများစုက ခြေလက်အင်္ဂါတွေ ဆုံးရှုံးပြီး ဘဝတစ်လျှောက်လုံး ဒုက္ခိတဘဝနဲ့ ဖြတ်သန်းရတော့မှာပါ။

နမ္မတူမြို့ခံ အမျိုးသမီးတစ်ဦးက အပစ်အခတ်ရပ်စဲရေးကြောင့် တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် ကျေးရွာအနီးမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေ ရှိနေသေးတယ်လို့ ပြောပါတယ်။

“မိုင်းတွေကလေ တစ်ရက်ခြား၊ နှစ်ရက်ခြား အဲလိုကို ပေါက်ကွဲနေတာပဲ။ ခိုဖိတ်ရွာမှာက လက်နက်ကြီးကျည်တွေလေ အဲဒါတွေလည်း အများကြီးရှိသေးတယ်။ လက်နက်ကြီးကို မိုင်းရှင်းတဲ့အဖွဲ့လည်း လာမယူပေးသေးဘူး။ အဲဒါ သူတို့ကို သွားပြောတော့ TNLA ကလည်း မိုင်းရှင်းတဲ့အဖွဲ့တွေက ဒီမှာမရှိဘူး၊ ခရီးထွက်နေတယ် အဲလိုပဲ အကြောင်းပြန်တာ။ ရွာသားတွေ လက်ထဲမှာတောင်မှ မိုင်းတွေရှိတယ်”

ဒီမိုင်းတွေနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကို ကလေးငယ်တွေ ဆော့ကစားလို့ ပေါက်ကွဲပြီး အသက်ဆုံးရှုံးနိုင်တာကြောင့် ရွာသူ၊ ရွာသားတွေကပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမှတ်အသားလုပ်၊ ကာကွယ်ပြီး သတိနဲ့ သွားလာနေရတယ်လို့ သူက ဆိုပါတယ်။

နမ့်ဆန်မြို့နယ် ဇယန်းကြီးရွာမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့က RPG လို့ယူဆရတဲ့ လက်နက်ကြီးကျည်ကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်လို့ အသက် ကိုးနှစ်အရွယ် မိုင်းအစော၊ အသက် ခြောက်နှစ်အရွယ် အခြိုင်းနဲ့ အသက် ရှစ်နှစ်အရွယ် မိုင်းလမင်းအောင်တို့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဇယန်းကြီးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပြီး ဘယ်အဖွဲ့က ကျန်ခဲ့တဲ့ လက်နက်ကြီးကျည်ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။

မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေ ရှင်းလင်းနိုင်ရေးအတွက် အရေးပေါ် ဆောင်ရွက်ပေးဖို့လိုနေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးချီစငါးက ပြောပါတယ်။

“ရှမ်းမြောက်မှာဆိုရင် မိုင်းပေါက်ကွဲမှုတွေ တောက်လျောက် ဖြစ်လာတာတွေရှိတယ်။ သို့ပေမဲ့ ဒီစစ်ဆင်ရေးကာလအတွင်းမှာ ပိုပြီးမှ စိပ်လာတာပေါ့နော်။ သိမ်းထားတဲ့ မြို့တွေမှာဆိုရင်လည်း စစ်တပ်နားက ပြည်သူလူထု အနေနဲ့ များသောအားဖြင့်က သွားလာတာနည်းမှာပေါ့နော်။ ဒါပေမဲ့ တပ်မဟုတ်တဲ့ နေရာတွေမှာဆိုရင် လက်နက်ကြီးကျည်တွေ၊ လုပ်ငန်းခွင်သွားတဲ့ ဧရိယာမှာ အဲလိုမျိုး အဓိကလမ်းတွေမှာ မကြာခဏ ပေါက်ကွဲမှုဖြစ်တဲ့အခါကျတော့ ဦးစားပေး ရှင်းလင်းဖို့ လိုအပ်တယ်လို့ မြင်တာပေါ့နော်။ တခြားလုပ်ရမယ့်ဟာတွေ ရှိကောင်းရှိပေမယ့် ဒီတစ်ခုကတော့ ဦးစားပေး လုပ်သင့်တယ်လို့ မြင်တာပေါ့နော်”

မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေဟာ စစ်ဆင်ရေးကာလအတွင်း နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာတွေမှာ အများဆုံးဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။ မြောက်ပိုင်း သုံးဖွဲ့ထဲက TNLA နဲ့ MNDAA ပြောခွင့်ရသူတွေကို အွန်လိုင်းကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်အာဏာသိမ်းမှုကို အစောဆုံး လက်နက်ကိုင်ဆန့်ကျင်ခဲ့တဲ့ ချင်းပြည်နယ်မှာလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းအထိ သုံးနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ချင်းလူမျိုး ၃၃ ဦး သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စီမံအရာရှိ ဆလိုင်းမန်ဟဲရဲလျန်က ပြောပါတယ်။

“စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ သုံးနှစ်တာအတွင်းထိ ကျွန်တော်တို့ CHRO အနေနဲ့ အတည်ပြုနိုင်တဲ့ စာရင်းအရ စစ်ကောင်စီမိုင်းကြောင့် အရပ်သား သေဆုံးမှု လူ ၃၃ ယောက် စာရင်းပြုစုထားတယ်ပေါ့နော်။ ဒဏ်ရာရတဲ့ဟာက အရပ်သား ၅၂ ယောက်လောက်ထိကို ကျွန်တော်တို့ CHRO အနေနဲ့ စာရင်းပြုစုနိုင်ပါတယ်”

သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ငါးဦးနဲ့ ဒဏ်ရာရသူတွေထဲမှာ ကလေးငယ် ပါဝင်ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ (၂၇၄) တပ်ရင်းအနီးက နေအိမ်ခြံဝန်းထဲမှာတင် မြေမြှုပ်မိုင်း နင်းမိတာကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ညာဘက်ခြေထောက် ဖြတ်လိုက်ရပါတယ်။ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေး တစ်ဦးကတော့ ကျောပြင်မှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ကလေးငယ်အား မြစ်ကြီးနားဆေးရုံတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့ကတွေ့ရစဥ်။ (Photo: Kachin News Group)
မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ကလေးငယ်အား မြစ်ကြီးနားဆေးရုံတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့ကတွေ့ရစဥ်။ (Photo: Kachin News Group)

တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်း လမ်းဘေးမှာရှိတဲ့ သိုင်းငင်းရွာ စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှာ ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်တွေက စခန်းတစ်ဝိုက်နဲ့ အနီးဝန်းကျင်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့က တီးတိန်မြို့နယ် သိုင်းငင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ် CDF တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နှစ်ဖက်စလုံးက မိုင်းထောင်ထားတာကြောင့် နေ့စဉ်စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ရတာ ခက်ခဲနေတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဆလိုင်းဆိုင်အွန်က ပြောပါတယ်။

“မြေမြှုပ်မိုင်းတွေက ဘယ်သူက ထောင်ထားလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူးလေ။ မြေမြှုပ်မိုင်းတွေကို မရှင်းပေးနိုင်ဘူးဆိုရင် ဘယ်လိုနေလို့ရမလဲ၊ ကျွန်တော်တို့ မွေးမြူရေးနဲ့ စပြီးမှ တောင်ယာခုတ်တဲ့နေရာဆိုရင် လုံးဝသွားရဲမှာ မဟုတ်တော့ဘူး။ လူမပြောနဲ့ တိရစ္ဆာန်တောင်မှ အန္တရာယ်ရှိတယ်။ နွားနောက်တောင်မှ မိုင်းထိတာ အကောင်ရေက ၂၀ လောက်ကျော်နေပြီ”

သိုင်းငင်းရွာတပ်စခန်းမှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းတွေကို စီးယင်းချင်း ဒေသကာကွယ်ရေးအဖွဲ့က ရှင်းလင်းရေးလုပ်နေပေမယ့် အကုန်မရှင်းနိုင်သေးဘူးလို့ အဖွဲ့စစ်ဦးစီးချုပ် ကိုထောင်ပူ (Thawng pu) က ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ချင်းလူ့အခွင့်အရေးအဖွဲ့ စီမံအရာရှိ ဆလိုင်းမန်ဟဲရဲလျန်ကတော့ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရပြီး ဒုက္ခိတဘဝ ရောက်ရတာတွေ ပိုများလာပေမယ့် မိုင်းနဲ့ပတ်သက်တဲ့ အသိပညာပေးမှုကတော့ မရှိသလောက်နည်းနေတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။