ဆေးဝါးတွေ ရှားပါးဈေးတက်နေချိန်မှာ သွင်းကုန်လိုင်စင် ထပ်တင်းကျပ်

RFA Burmese
2024.09.09
ဆေးဝါးတွေ ရှားပါးဈေးတက်နေချိန်မှာ သွင်းကုန်လိုင်စင် ထပ်တင်းကျပ် ရန်ကုန်မြို့ရှိ ဆေးဆိုင်တစ်ဆိုင်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ နယ်စပ်ကုန်သွယ်ရေးလမ်းတွေပြတ်လို့ နိုင်ငံခြားက တင်သွင်းနေရတဲ့ အထွေထွေရောဂါသုံး ဆေးဝါးတွေ ရှားပါးဈေးတက်နေတဲ့အချိန်မှာ ဆေးကုမ္ပဏီတွေအနေနဲ့ ပို့ကုန်ဝင်ငွေပြမှ ဆေးတင်သွင်းခွင့် လိုင်စင်ရမယ်လို့စစ်ကောင်စီက ညွှန်ကြားလိုက်ပါတယ်။

ဒီကိစ္စကို စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ဩဂုတ်လ ၂၈ ရက်နေ့စွဲ့နဲ့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းကို အကြောင်းကြားစာပို့ထားပြီး၊ စက်တင်ဘာ ၁ ရက်နေ့ ကစလို့ ဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။

"စီးပွားရေးသမားနဲ့ နိုင်ငံတော်နဲ့က အားပြိုင်နေတဲ့အခါကျတော့ အဓိကကတော့ ပြည်သူပေါ့ဗျာ။ ပြည်သူကတော့ ဒုက္ခရောက်ဦးမှာပေါ့”

ဒါနဲ့ပတ်သက်လို့ ညွှန်ကြားစာအပို့ခံရတဲ့ ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းရဲ့ သဘောထားသိရအောင်၊ အသင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းကြိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လတ်တလောမရသေးပါဘူး။

လူတွေအတွက် မရှိမဖြစ်ဆေးတွေရှားပြီး ဈေးတက်နေတဲ့ အခုလိုအချိန်မှာ စစ်ကောင်စီက မလုပ်သင့်တာ လုပ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆေးဝါးတင်သွင်းသူတစ်ဦးက ပြောပါတယ်။

“ဆေးဝါးမှာလည်း ဈေးတွေက တောက်လျှောက်တက်နေတယ်။ ပြီးတော့ ကျန်းမာရေးကဏ္ဍဖြစ်တဲ့အတွက် လူတွေက မဝယ်လို့လည်း မရဘူးဗျာ။ မဖြစ်မနေဝယ်ရမှာ။ အဲဒီလိုဝယ်ဖို့အတွက်ကို ကျွန်တော်တို့က ဆန်ရှင်နိုင်ငံ (စီးပွားရေးပိတ်ဆို့အရေးယူခံထားရတဲ့နိုင်ငံ) ဖြစ်နေတယ်။ ငွေပေးချေတာတွေက ပေးလို့ မရဘူး။ အများကြီးပဲပေါ့ဗျာ။ အဲဒီအများကြီးတွေအားလုံးမှာ သယ်ယူပို့ဆောင်ရေးမှာဆိုလည်း စစ်ဖြစ်နေတဲ့အတွက် လမ်းကြောင်းတွေက အများကြီးစဉ်းစားရတာမျိုး၊ ဈေးတွေ အဆမတန်တိုးပေးရတာမျိုးတွေလည်း ဖြစ်နေတာပဲ။ ပြီးတော့ အဘက်ဘက်ကဗျာ အရမ်းခက်တာပေါ့ဗျာ။ အခုဟာက မလုပ်ရမဲ့အပိုင်းကို သွားထိတာပေါ့”

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အိမ်သုံးဆေးတွေရဲ့ ဈေးနှုန်းဟာ သုံးဆကနေ ငါးဆအထိ တက်သွားတယ်လို့ ပြည်ပကနေ ဆေးတင်သွင်းရောင်းချသူတွေက ပြောကြပါတယ်။

ရန်ကုန်မြို့ရှိ ဆေးဆိုင်တစ်ဆိုင်တွင် ဆေးဝယ်ယူရန် တန်းစီနေသူများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)
ရန်ကုန်မြို့ရှိ ဆေးဆိုင်တစ်ဆိုင်တွင် ဆေးဝယ်ယူရန် တန်းစီနေသူများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

အထူးသဖြင့် နာတာရှည်ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ နှလုံး၊ ဆီးချိုတွေအတွက် လိုအပ်တဲ့ဆေးတွေ လက်ရှိမှာ ပစ္စည်းပြတ်နေသလို၊ စျေးနှုန်းလည်း အဆမတန် မြင့်တက်နေပါတယ်။

အရင်တုန်းကတော့ ဆေးတင်သွင်းတဲ့အခါ လိုအပ်မဲ့ နိုင်ငံခြားငွေပမာဏရဲ့ ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်က ရောင်းပေးခဲ့ပါတယ်။ အခုတော့ မရောင်းပေးတော့ဘဲ ဆေးသွင်းမဲ့ကုန်သည်တွေအနေနဲ့ ပြည်ပကို ပစ္စည်းအရင်ရောင်း၊ အဲဒီကနေရတဲ့ငွေနဲ့မှ ဆေးဝယ်ပြီး ပြန်သွင်းဆိုတဲ့ ညွှန်ကြားချက် ထုတ်လိုက်တာပါ။

ဒီလို တင်းကျပ်တဲ့မူဝါဒဟာ ပြည်သူတွေကို ပိုပြီး ဒုက္ခရောက်စေတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ စီးပွားရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။

“ကိုယ့်ပိုက်ဆံ ကိုယ်ရှိမှသွင်းဆိုတဲ့ ပုံစံဖြစ်လာတာ။ စီးပွားရေးသမားက ဝိသမစီးပွားရေးသမား ပုံစံမျိုးမြင်နေတော့ အဲဒီဟာတွေသိပ်ပြီးတော့ သူတို့ (စစ်ကောင်စီ) ပံ့ပိုးမှု မလုပ်တော့ဘူးဆိုတဲ့ သဘောတော့ မြင်လာတယ်ဗျ။ စီးပွားရေးသမားနဲ့ နိုင်ငံတော်နဲ့က အားပြိုင်နေတဲ့အခါကျတော့ အဓိကကတော့ ပြည်သူပေါ့ဗျာ။ ပြည်သူကတော့ ဒုက္ခရောက်ဦးမှာပေါ့”

စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနရဲ့ အကြောင်းကြားစာမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း သွင်းကုန် လိုင်စင်လျှောက်ထားခဲ့တဲ့ ဆေးကုမ္ပဏီတစ်ရာကျော်က အမေရိကန်ဒေါ်လာ သန်းတစ်ရာ ကျော်တန်ဖိုးရှိတဲ့ လိုင်စင်ခုနစ်ရာကျော်ကို ပယ်ဖျက်ပြီး အသစ်ပြန်လျှောက်ရမယ်လို့လည်း ဖော်ပြထားပါတယ်။ အဲဒီအပြင် အခုနှစ် ဩဂုတ်လအထိ လျှောက်ထားတဲ့ ဆေးဝါးသွင်းကုန်လိုင်စင် အားလုံးကိုလည်း ပယ်ဖျက်မယ်လို့ ဆိုပါတယ်။

ဒီလို တင်းကျပ်လိုက်တာကြောင့် ဆေးတွေရှားပါးပြီး ဈေးပိုတက်လာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ အိမ်သုံးဆေးရောင်းချသူတစ်ဦးက RFA ကို ပြောပါတယ်။

“ပိုပြတ်သွားပြီး ပိုဈေးတက်မယ်ထင်တာပဲ။ ဆေးကုမ္ပဏီတွေက တစ်ခေါက်တက်သွားတဲ့ ဒီဒေါ်လာဈေး ခြောက်ထောင်ကျော်လောက်အထိ တက်သွားတဲ့ဟာကနေပြီးတော့ တက်သွားဈေးကို ပြန်မချတော့ဘူး အခု ကုမ္ပဏီတွေက။ အခုဟာကကြည့်ရတာ ကုမ္ပဏီတွေလည်း တော်တော်အီ (အထိနာ) နေတဲ့သဘောရှိတယ်”

ဒါကြောင့် လက်ရှိအချိန်ဟာ ပြည်သူလူထုအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကျန်းမာအောင်နေရမဲ့ အခြေအနေဖြစ်နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက သတိပေးပါတယ်။

“အခြေအနေအရပ်ရပ်က ကိုယ်မတတ်နိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်နေတာဆိုတော့လေ။ ကျန်းမာအောင် ဂရုစိုက်ပြီး နေထိုင်မှရမယ်။ အာဟာရပြည့်၀အောင် စားသောက်မယ်။ အိပ်ရေး၀အောင် အိပ်မယ်နော်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အရာတွေကိုရှောင်မယ်။ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်မယ်”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်ရှိအချိန်မှာ နိုင်ငံခြားငွေလိုအပ်ချက် ရှိနေတဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းသိမ်းဖို့၊ မူဝါဒချပြီးလုပ်ဆောင်နေရတယ်လို့ စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့မှာကျင်းပတဲ့ စစ်ကောင်စီရဲ့ အစည်းအဝေးမှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။