စစ်ကောင်စီ ဒရုန်းအသုံးပြုတိုက်ခိုက်မှု ပိုများလာကြောင်း တော်လှန်ရေးအင်အားစုတွေ ပြော

RFA Burmese
2024.05.10
စစ်ကောင်စီ ဒရုန်းအသုံးပြုတိုက်ခိုက်မှု ပိုများလာကြောင်း တော်လှန်ရေးအင်အားစုတွေ ပြော ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ စနဲမြို့ကို စစ်ကောင်စီတပ်မှ ဒရုန်းနှင့် ဗုံးကြဲခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုအား ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

တစ်နိုင်ငံလုံးအနှံ့ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေမှာ စစ်ကောင်စီက အဆင့်မြင့် ဒရုန်းတွေ အသုံးပြု တိုက်ခိုက်မှု များလာပြီး အရပ်သားပြည်သူထိခိုက်သေဆုံးမှုလည်း မြင့်တက်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအကြောင်း သတင်းဖော်ပြနေတဲ့ Clash Report က မြန်မာနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်တပ်နှစ်ဖက်လုံးက FPV ဒရုန်းတွေကို စတင်အသုံးပြုနေပြီလို့ မေလ ၃ ရက်နေ့က ဗီဒီယိုဖိုင်အထောက်အထားနဲ့တကွ ဖော်ပြပါတယ်။

"များလာတဲ့အခါကျတော့ ရေရှည်မှာ ဘယ်သူတောင့်ခံမလဲဆိုတာ အဓိက အဆုံးအဖြတ်ပေးမှာပဲ”

FPV ဒရုန်းဟာ ပစ်မှတ်မြင်ကွင်းကို ထိန်းချုပ်မောင်းနှင်သူက မြင်တွေ့နိုင်ဖို့ အထူးကင်မရာ တပ်ဆင်ထားတဲ့ ဒရုန်းအမျိုးအစားဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှားစစ်ပွဲမှာလည်း နှစ်ဖက်လုံးက တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ဒရုန်းအမျိုးအစားဖြစ်ပါတယ်။

အခုနောက်ပိုင်း စစ်ကောင်စီက တရုတ်နိုင်ငံထုတ် အဆင့်မြင့် ဒရုန်းတွေပါ သုံးလာတယ်လို့ မြင်းခြံခရိုင် ဒရုန်းတိုက်ခိုက်ရေးအဖွဲ့ (MDDS) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တပ်ဘက်မှာ သုံးတာတွေ့ရတာတော့ ပန်ကာဒလက် ခြောက်ခုပါတဲ့ ( Hexacopter) တွေ သုံးတာတွေ့ရတယ်။ ပြီးရင် အထက်အောက် အတက်အဆင်းပြုလုပ်နိုင်တဲ့ (Vtoll ) ဘာညာသုံးတာ တွေ့ရတယ်။ ပြီးရင် တရုတ်က ထုတ်တဲ့ ( CH-2)၊ (CH-4) သုံးတာ တွေ့ရတယ်။ နည်းပညာပိုင်းရော၊ ပစ္စည်းပိုင်းရော တော်တော်ကွာဟပါတယ်ဗျ။ အဲဒါတွေနဲ့ အသုံးပြုမယ်ဆိုရင်တော့ တော်လှန်ရေးမှာသုံးတဲ့ ပစ္စည်းတွေနဲ့တော့ ထိခိုက်မှုအန္တရာယ် အခြေအနေတွေကတော့ နှစ်ဖက်ကရှိကြမှာပါပဲ။ သူတို့လည်း ပိုပြီးတော့ အဆင့်မြင့်တဲ့ အနေအထားရှိလာတယ်ဆိုတော့လေနော်”

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ပန်ကာလေးခုပါ Quadcopter ဒရုန်းတွေနဲ့ စိုက်ပျိုးရေးသုံး ပန်ကာခြောက်ခုပါ Hexacopter ဒရုန်းတွေကိုသာ အများဆုံးအသုံးပြုနေတယ်လို့ ဆိုပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က မေလ ၁ ရက်နေ့အထိ ေလးလအတွင်း စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ လူရှစ်ဦး သေဆုံးခဲ့ပြီး ၂၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူ ရှစ်ဦးထဲမှာ သုံးဦးက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကလေးငယ်တစ်ဦး အပါအဝင် ကျန်ငါးဦးကတော့ အရပ်သားပြည်သူတွေဖြစ်ပါတယ်။ ဒဏ်ရာရသူ ၂၆ ဦးကလည်း သာမန်အရပ်သားတွေဖြစ်ပြီး အဲဒီအထဲမှာ ကလေးငယ် ၁၅ ဦးအထိ ပါဝင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လေးလအတွင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ကလေးငယ်တစ်ဦး အပါအဝင် ထိခိုက်ဒဏ်ရာရသူ လေးဦးသာရှိခဲ့ပါတယ်။

စစ်တပ်သတင်းတွေကို ထောက်ခံရေးသားနေတဲ့ နေပြည်တော်အခြေစိုက် People Media က… ကရင်ပြည်နယ် ကော့ကရိတ်၊ သင်္ကန်းညီနောင်နဲ့ မြ၀တီ နယ်မြေပြန်လည်စိုးမိုးရေး အောင်ဇေယျ စစ်ဆင်ရေးမှာ စစ်ကောင်စီက တရုတ်နိုင်ငံထုတ် CH- 4 ဒရုန်းတွေ အသုံးပြုခဲ့တယ်လို့ ဧပြီလ ၂၅ ရက်နေ့က ဖော်ပြပါတယ်။

CH-4 ဒရုန်းတွေဟာ တရုတ်နိုင်ငံထုတ် နည်းပညာမြင့် ဒရုန်းအကြီးစားတွေဖြစ်ပြီး နာရီပေါင်းများစွာ ကင်းလှည့်ထောက်လှမ်းနိုင်သလို တိုက်ခိုက်ရေးအတွက်အသုံးပြုနိုင်တဲ့ ဒရုန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ သုံးတဲ့ CH-4 ဒရုန်း စွမ်းဆောင်ရည်မှာ အားနည်းချက်ရှိတယ်လို့ CDM လေတပ်အရာရှိ ဗိုလ်ကြီးဇေသူအောင်က ပြောပါတယ်။

“CH-4 ဒရုန်းက သူ့မှာ အားနည်းချက်ရှိတယ်။ အဲဒါဘာလဲဆိုတော့ CH-4 တွေက ပြေးလမ်းလိုတာပေါ့နော်။ ကြီးလည်းကြီးတယ် ဒီကောင်တွေကလေ။ သူက မစ်ဇိုင်းတပ်ထားတဲ့ ဒရုန်းတွေဖြစ်ပြီးတော့ သူက ဟိုအရင်ကတည်းကရှိတယ်။ ၂၀၁၃ လောက်ကတည်းက CH-4 ဒရုန်းကရှိတယ်။ ဒါပေမဲ့ အခုချိန်မှာသုံးတာက မြေပြင်မှာ တကယ်သုံးတာက CH-4 ဒရုန်း မဟုတ်ဘူး။ ကျွန်တော်ထင်တာက အခုလက်ရှိ တော်လှန်ရေးတပ်တွေ သုံးသလိုပဲ ဒရုန်းတွေကို အဓိကထားသုံးတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အဲဒါက ပြေးလမ်းမလိုဘူး။ နောက်ပြီးတော့ သယ်ယူရတာလည်း လွယ်တယ်။ ရွှေ့ပြောင်းရတာလည်း လွယ်တယ်”

စစ်ကောင်စီဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ရင်ဆိုင်ရပြီးနောက်ပိုင်း နေပြည်တော်မှာ လူငယ်တွေကို ဒရုန်းသင်တန်းပေးတာတွေရှိလာသလို ဒရုန်းမှာတပ်ဆင်တဲ့ ဗုံးသီးတွေလည်း ကိုယ်တိုင်ထုတ်လုပ်နေတာကြောင့် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အထူးသတိထားသင့်တယ်လို့ ဗိုလ်ကြီး ဇေသူအောင်က ပြောပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ဒုတိယ ဥက္ကဋ္ဌ ဆလိုင်းပီတာထန်းကလည်း စစ်ကောင်စီက ဒရုန်းအသုံးပြုတိုက်ခိုက်ရာမှာ အရင်ကထက် ဗုံးတွေပါ တွဲသုံးလာတယ်လို့ ပြောပါတယ်။

“တပ်ရင်းအလိုက် သုံးတာမျိုးပေါ့။ လေတပ်ကလာတာမျိုး မဟုတ်ဘဲနဲ့ သူတို့ တပ်ရင်းအလိုက် ပိုပြီးတော့ သုံးလာတာမျိုးကို တွေ့ရတယ်။ ပြီးတော့ အစကတည်းက စကစက ဒရုန်းတွေကိုသုံးတယ်။ ကျွန်တော်တို့ ဒရုန်းကိုမသုံးတတ်ခင်ကတည်းက သူတို့ ဒရုန်းကိုသုံးတယ်။ ဒါပေမဲ့ ဗုံးတွေမတပ်ဘူးပေါ့။ အခုနောက်ပိုင်းကျတော့ သူတို့လည်း ဗုံးတွေတပ်ပြီးတော့ သုံးလာတာ”

စစ်ကောင်စီက အရင်ကထက် ဒရုန်းတွေကို ပိုပြီးအသုံးပြုလာတာဟာ လေကြောင်းပစ်ကူပေးတဲ့ အပိုင်းမှာ အားနည်းလာတာကြောင့်ဖြစ်နိုင်တယ်လို့ ဆလိုင်းပီတာထန်းက သုံးသပ်ပါတယ်။

ဧပြီ ၂၇ ရက်နေ့ကလည်း ချင်းပြည်နယ်၊ တီးတိန်မြို့ မိုင်နွဲရွာနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်းအစပ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ချင်းဒေသ ကာကွယ်ရေးတပ် PDF – Zophai တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ Zophai CDF တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က ဒရုန်းနည်းပညာ အသုံးပြုတိုက်ခိုက်မှုတွေမှာ လက်ဦးမှုရခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်ကလည်း အထိနာခဲ့ပါတယ်။

ဧပြီ ၄ ရက်နေ့က စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က စစ်ရုံးချုပ် (ကက-ကြည်း) နဲ့ အေလာလေတပ် နေရာတွေကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းတွေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလ ၈ ရက်နေ့ကလည်း မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ကို စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်နေချိန် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Alpha Bats Drone Force က ထုတ်ပြန်ပါတယ်။

ဒရုန်းနည်းပညာကို စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစု နှစ်ဖက်လုံးက အသုံးပြုလာပြီဖြစ်တာကြောင့် ထိခိုက်မှုပိုများလာလိမ့်မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပါတယ်။

“လူငယ်တွေပီပီ အမျိုးမျိုးကြံဆပြီးတော့ ကောင်းမယ်ထင်တာလုပ်ရင်းနဲ့ အစဦးပိုင်းမှာတော့ အားသာတာပေါ့။ ဒါပေမဲ့ ဒီဘက်မှာလည်းပဲ နည်းပညာနဲ့ပတ်သက်တဲ့ လူငယ်တွေက အများကြီးရှိတော့ အခုတော့ အပြန်အလှန် ဖြစ်သွားတာပေါ့နော်။ လောလောဆယ်မှာတော့ ထိခိုက်ကျဆုံးမှုက နှစ်ဖက်ရှိတယ်။ များလာတဲ့အခါကျတော့ ရေရှည်မှာ ဘယ်သူတောင့်ခံမလဲဆိုတာ အဓိက အဆုံးအဖြတ်ပေးမှာပဲ”

Federal wings ဒရုန်းအဖွဲ့မှ တပ်ဖွဲ့ဝင် တချို့အား ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Federal wings)
Federal wings ဒရုန်းအဖွဲ့မှ တပ်ဖွဲ့ဝင် တချို့အား ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Federal wings)

စစ်ကောင်စီဟာ ဧပြီလကုန်ပိုင်းကစတင်ပြီး ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် အမှတ် (၅) လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်နဲ့ စစ်ဆင်ရေးနယ်မြေတွေမှာပါတဲ့ တိုင်းစစ်ဌာနချုပ် တချို့မှာ ဒရုန်းသင်တန်းတွေပေးနေတယ်လို့ ပြည်တွင်းသတင်းမီဒီယာတချို့က ဖော်ပြပါတယ်။

People Media သတင်းဌာနက စစ်ကောင်စီဟာ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး နည်းပညာပိုင်းကို ရုရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံက ပညာရှင်တွေက သင်ကြားပို့ချပေးနေတယ်လို့ မေလ ၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

ရှမ်းပြည်မြောက်ပိုင်းကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ စစ်ကောင်စီဘက်က တန်ပြန်ဒရုန်း အသုံးပြုတိုက်ခိုက်တာတွေ ပိုများလာပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်မှုပိုများတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။