ပလက်ဝ ဟုမ်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ခုနစ်ဦး သေဆုံး
2024.01.30

ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ဟုမ်းကျေးရွာကို ဇန်နဝါရီလ ၂၉ ရက် နေ့လယ်က စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ခုနစ်ဦး သေဆုံးသွားပြီး နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က RFA ကို ပြောပါတယ်။
သေဆုံးသူတွေဟာ အဲဒီကျေးရွာမှာ ဓာတ်ဆီလာဝယ်ကြတဲ့ မင်းတပ်မြို့နယ်က ဦးအောင်ထွန်းဝင်း၊ ဦးအောင်ချို၊ ဦးစိုင်းထွန်းမြင့်၊ ဦးမောင်ကျော်လင်း၊ ဦးမောင်ကီးလိန်း၊ ဦးကီးအွမ်နဲ့ ဒိုက်ချောင်းဝရွာက ဦးလှုပ်ဘွေးတို့ ဖြစ်ပါတယ်။
"ချင်းပြည်နယ်မှာ ပြည်သူလုထုကို ပစ်မှတ်ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်တာတွေပြီးရင် စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေကို တိုက်ခိုက်တာတွေ အကြိမ်ကြိမ်လုပ်နေတာပေါ့လေ”
တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ သုံးကြိမ်အထိ လာရောက်ပစ်ခတ်ခဲ့တာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စီမံကိန်းမန်နေဂျာ ဆလိုင်းတေရက RFA ကို ပြောပါတယ်။
“ပလက်ဝမြို့နယ် ဟုမ်းကျေးရွာကိုပေါ့နော် စစ်ကောင်စီတပ်က မွန်းလွဲ ၁ နာရီလောက်မှာ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်တယ်လို့ ကြားရတယ်။ ပြီးတော့ ပြည်သူ ခုနစ်ဦး သေဆုံးတယ်လို့ သိရတယ်။ အဲဒီမှာတိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။ စစ်ရေးတင်းမာမှုတွေလည်းမရှိဘူး။ အခု အဲဒီမှာ ဗုံးကြဲတာက ဒီတစ်ခါ မဟုတ်တော့ဘူး။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာလည်း တစ်ခါ ဗုံးကြဲတိုက်ခိုက်ခံရတယ်ပေါ့နော်”
အဲဒီ ဟုမ်းကျေးရွာဟာ ပလက်ဝမြို့နယ် အရှေ့ဘက်မှာ တည်ရှိပြီး အိမ်ခြေ ခုနစ်ဆယ်ကျော်ရှိပါတယ်။ လက်ရှိမှာ ပလက်ဝမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီက မိုဘိုင်းဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေအားလုံး ဖြတ်တောက် ထားတာကြောင့် အသေးစိတ် အချက်အလက်တွေကို တိတိကျကျမသိရသေးဘူးလို့လည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ပလက်ဝမြို့နယ် ကျီးလေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားလေးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပလက်ဝမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့ကစလို့ တိုက်ပွဲစတင်ဖြစ်ပွားတာဖြစ်ပြီး ဇန်နဝါရီလ ၁၄ ရက် နှစ်လအကြာမှာတော့ ပလက်ဝဒေသတစ်ခုလုံးကို သိမ်းပိုက်ပြီး စစ်ကောင်စီတပ် ကင်းစင်နယ်မြေအဖြစ် ရက္ခိုင့် တပ်တော် (AA) က ကြေညာခဲ့ပါတယ်။
ဒေသခံတွေကတော့ တိုက်ပွဲဖြစ်ပွားနေချိန်စလို့ မြို့နယ်ကျွေးရွာတွေနဲ့ အိန္ဒိယနယ်စပ်တွေအထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေမရှိတော့ပေမယ့် အခုလို လေကြောင်းတွေနဲ့ လာရောက်ဗုံးကြဲမှာကို စိုးရိမ်တာကြောင့် နေရပ်မပြန်ရဲသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပလက်ဝ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့က လောလောဆယ်မှာ မပြန်ရဲသေးဘူး။ စစ်ကောင်စီရဲ့ သဘောတူညီမှုရထားတဲ့ နယ်မြေလည်း မဟုတ်သေးဘူးလေ။ ဘယ်အချိန်မဆို တိုက်ပွဲဖြစ်နိုင်တဲ့နေရာတွေဖြစ်တယ်။ ပြီးတော့ စစ်ကောင်စီက အဲဒီမှာ အထိုင်ချထားတဲ့ စစ်တပ်တွေမရှိတော့ဘူးဆိုပေမယ့် လူစုလာရင် လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်။ ဒီလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ပြောနေကြတော့ စိုးရိမ်တဲ့စိတ်နဲ့ မပြန်ဖြစ်သေးတာပါ”
လက်ရှိမှာတော့ ပလက်ဝမြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေကို ဒေသခံ ငါးသောင်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်တယ်လို့ ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပြေးနေတဲ့သူတွေက RFA ကို ပြောပါတယ်။
အဲဒီ ဒေသခံတွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကြောင်စီတပ်က အချိန်မရွေး လေကြောင်းတိုက်ခိုက်မှု လုပ်လာနိုင်သလို ပြည်သူတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်နေကြောင့် လုံခြုံမှုမရှိကြဘူးလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရ ဆလိုင်းမန်က ပြောပါတယ်။
“ချင်းပြည်နယ် တစ်ခုလုံးကို ကြည့်မယ်ဆိုရင်တော့ ပြည်သူလူထုတွေက တိုက်ပွဲဖြစ်တာမရှိပေမယ့် သူတို့မှာ လုံခြုံမှုက လုံးဝမရှိဘူး။ ဘာလို့လဲဆိုတော့ လေကြောင်းတိုက်ခိုက်မှုက အချိန်မရွေး သက်ရောက်လာနိုင်တယ်။ ချင်းပြည်နယ်မှာ ပြည်သူလုထုကို ပစ်မှတ်ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်တာတွေပြီးရင် စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေကို တိုက်ခိုက်တာတွေ အကြိမ်ကြိမ်လုပ်နေတာပေါ့လေ”
အခုလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ရက္ခိုင့်တပ်တော်(AA)ကတော့ ပလက်ဝမြို့နယ်တွင်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေပြီး စစ်ရေးကာလအတွင်း ဆင်းရဲဒုက္ခတွေကို အတူတူရင်ဆိုင်ခဲ့ကြသလို အခု တိုက်ပွဲမရှိ တော့တဲ့အချိန်မှာ ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေကို ထောက်ပံ့ကူညီပေးသွားမယ်လို့ ဇန်နဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိရခိုင်ပြည်နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့ အရပ်သား နေစဉ်နဲ့အမျှ တိုးလာနေပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်မှာ တိုက်ပွဲ စတင်တဲ့ နိုဝင်ဘာ ၁၃ရက်နေ့ကနေ ဒီကနေ့အထိ စစ်ဘေးကြောင့် သေဆုံးတဲ့ အရပ်သား ကိုးဆယ်နီးပါးနဲ့ ဒဏ်ရာရသူ နှစ်ရာကျော် ရှိသွားပြီဖြစ်ပါတယ်။