ပွင့်ဖြူမြို့နယ်မှာ တိုက်ပွဲကြောင့် ဒေသခံ နှစ်သောင်းခန့် ထွက်ပြေးနေရ
2025.02.03

ရခိုင် ရိုးမတောင်တန်းအနီးမှာရှိတဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကျေးရွာဆယ်ရွာခန့်က လူဦးရေ နှစ်သောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပွင့်ဖြူမြို့နယ်မှာရှိတဲ့ မဒဲကုန်း၊ ကနီ၊ ရွာသစ်၊ ဇီးကျွန်း ၊ အင်းကုန်း၊ မဲဇလီ၊ ထန်းတောစု၊ ညောင်ပင်ဝိုင်း၊ ထူးဘောက်နဲ့ ချင်းကုန်း စတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
သူတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ထွက်ပြေးနေကြရတာလို့ မဒဲရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ တော်တော်ကို ဒုက္ခရောက်တာပေါ့နော်။ ဒီမှာ ကလေးတွေနဲ့ လူအိုတွေနဲ့ ကျွန်တော်ဆိုရင် အိမ်မှာ အမေအို အဖေအို အသက် ၈၀ ကျော်တွေ ထားခဲ့ရတာဗျ။ အဲဒါကိုခေါ်တော့လည်း လူကြီးတွေက မလိုက်ဘူးဗျ။ အခုဆို ရွာထဲမှာ လူကို မရှိတော့ဘူး။ ကလေးတွေရော လူကြီးတွေပါ ယာခင်းထဲမှာ တဲလေးတွေနဲ့ နေကြရတာ။ အရိပ်ကလေးတွေ ကိုယ့်ဘာသာကိုယ် ထိုးနေကြရတာ။ ကျွန်တော်တို့အရပ်က တောင်သူလယ်သမားတွေဆိုတော့ တိရစ္ဆာန်၊ ကျွဲ၊ နွားတွေ ရှိတယ်လေ။ အဲဒီအခါကျတော့ တိရစ္ဆာန်တွေက တစ်မျိုး၊ ကျွဲတွေ နွားတွေက တစ်မျိုးဆိုတော့ တော်တော်လေး ဒုက္ခရောက်ကြတယ်”
ရွာတွေထဲမှာ သက်ကြီးရွယ်အိုတချို့နဲ့ ကျွဲ၊ နွား ရှိနေသူတချို့သာ ကျန်နေခဲ့ပြီး အားလုံးနီးပါး ထွက်ပြေးနေတယ်လို့ ပြောပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အိမ်ခြေသုံးရာခန့်ရှိတဲ့ မဒဲမြောက်ရွာက အိမ်ခြေ တစ်ရာခန့်လည်း မီးရှို့ခံခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီမီးလောင်တဲ့အထဲမှာ ရိတ်သိမ်းထားတော့ စပါးနဲ့ နှမ်း စတာတွေ ပါသွားတယ်လို့ ပြောပါတယ်။
“နယ်မြေစိုးမိုးရေး စစ်ကြောင်းထိုးလာရာကနေ မနေ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်”
ပွင့်ဖြူမြို့မှာ စစ်ကောင်စီရဲ့ စလင်းမြို့အခြေစိုက် ခြေလျင်တပ် ခလရ-၂၅၃၊ ၂၅၄၊ ၂၅၅ က အင်အားသုံးရာခန့်ဟာ စစ်ကြောင်း သုံးကြောင်းခွဲပြီး စစ်ကြောင်းထိုးနေရာကနေ တိုက်ပွဲဖြစ်ပွားနေတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ရွှေစက်တော်ဘုရားသွားတဲ့ လမ်းပိုင်းတွေကို နယ်မြေစိုးမိုးရေး စစ်ကြောင်းထိုးလာရာကနေ မနေ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုအညာသားက RFA ကို ပြောပါတယ်။
“လက်ရှိ အခြေအနေကတော့ သူတို့ မဲဇလီစခန်းကို အထိုင်ချလိုက်တာပေါ့။ အင်အားဖြည့်နေတယ်။ ဒါတွေက ရွှေစက်တော်ဘုရား ဖွင့်ဖို့ပေါ့။ ရွှေစက်တော်ဘုရားက ဖွင့်ပြီးသွားပြီ။ ပြည်သူတွေကလည်း အခုအချိန်အထိ ကျွန်တော်တို့နဲ့ ပူးပေါင်းနေတော့ ရွှေစက်တော်ဘုရားက ဖွင့်နေပေမဲ့ လာရောက်ဖူးမြော်တာမျိုး မရှိဘူးပေါ့နော်။ ရွှေစက်တော်လမ်းတွေက တော်လှန်ရေး အင်အားစုတွေ စိုးမိုးထားတယ် ဆိုပြီးတော့ နယ်မြေရှင်းလင်းတဲ့ သဘောမျိုးပါပဲဗျ”
ဖေဖော်ဝါရီ ၁ ရက်နေ့က တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်က မဒဲရွာက လူငယ်တစ်ဦးကို ပစ်သတ်သွားတယ်လို့ ကိုအညာသားက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
ပွင့်ဖြူမှာ ဒေသခံ လေးဆယ်ကျော် ဖမ်းဆီးခံရ
ပွင့်ဖြူမှာ စစ်ကြောင်းထိုး၊ ဗုံးကြဲတာကြောင့် ဒေသခံနှစ်ထောင်နီးပါး ထွက်ပြေးနေရ
မကွေးတိုင်းမှာ တိုက်ပွဲကြောင့် ဒေသခံ လေးထောင်ခန့် ထွက်ပြေး
ဒီရက်ပိုင်းဖြစ်နေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က နှစ်ဆယ်ခန့် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဲဒီမှာ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေနဲ့အတူ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက စစ်ရေးဖော်ဆောင်နေတာပါ။
မြိုင် ပကဖ၊ ပေါက် ပကဖ၊ မင်းဘူးခရိုင် တပ်ရင်း ၆၊ တပ်ရင်း ၄ ၊ JOKER ပြောက်ကျားတပ်ဖွဲ့ (MYG) ၊ Young Force People Defense Force(PKU)၊ စေတုတ္တရာ ပအဖနဲ့ Earthquake People's Defense Force တွေ ပူးပါင်းပြီး တိုက်ပွဲဖော်ဆောင်နေတာလို့လည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အခုရက်ပိုင်းတွေအတွင်း ပွင့်ဖြူမြို့နယ်က မဲဇလီရဲစခန်း၊ မင်းဘူးမြို့နယ်၊ လက်ပတောစခန်းနဲ့ စစ်ကြောင်းတွေကို ပူပေါင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ Earthquake People's Defense Force က သတင်းတာဝန်ခံက ပြောပါတယ်။
“ဒီလိုပေါ့။ ကျွန်တော်တို့က ရဲစခန်းကိုတိုက်ပြီးတော့ ဒီလာကူမဲ့စစ်ကြောင်းကို စောင့်ပြီးတော့ တိုက်ခိုက်တာမျိုးပါ၊၊ ရဲစခန်းကို ဒရုန်းနဲ့ချပြီးတော့ သူတို့ကို လာကူမဲ့စစ်ကြောင်းကို ကြားကနေ စောင့်တိုက်တာ အဲဒီလို သဘောမျိုးပါ။ လက်ရှိကတော့ တင်းမာနေဆဲပဲပေါ့။ တိုက်ပွဲ ဘာညာကတော့ ၁ ရက်နေ့ကပဲ ဖြစ်ထားတာ၊၊ သူက အနီးနားဝန်းကျင် စစ်ကြောင်းထိုးပြီးတော့ မဲဇလီတစ်ဖက်ကမ်းကိုပေါ့။ လာကူတဲ့သဘောမျိုး အဲဒီလိုမျိုး ဖြစ်နေတာ”
မကွေးတိုင်းမှာ စစ်အာဏာရှစ်စနစ်ကနေ လွတ်မြောက်အောင် ပူပေါင်းလုပ်ဆောင်သွားမယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
“အဓိကတော့ ပြည်သူ ပံ့ပိုးပါဝင်မှုနှင့်အတူ ကျွန်တော်တို့က ဒါ ရုန်းထွက်ဖို့၊ ကျွန်တော်တို့ မကွေးဒေသ လွတ်မြောက်ဖို့အတွက်ကို ကြိုးစားကြတယ်ပေါ့နော်။ အဲဒီအခြေအနေတစ်ခုမှာ လက်ရှိအနေအထားကတော့ ကျွန်တော်တို့ မကြာတော့ပါဘူး။ အောင်မြင်တဲ့ဟာကို ရောက်ရှိလာမယ်လို့ ကျွန်တော် ပြောချင်ပါတယ်”
လက်ရှိမှာ မုန်းချောင်းတောင်ဘက်က ဆည်တော်၊ မကျီးစု၊ ကုန်းစုရွာ စတဲ့ ရွာတချို့လည်း ဘေးလွတ်ရာ ပြေးနေရတယ်လို့ ဆိုပါတယ်။
ထွက်ပြေးလာတဲ့သူတွေကို စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေက ပိတ်ဆို့ဟန့်တားတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
မကွေးတိုင်းနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ် ပဒါန်း၊ မင်းတုန်း၊ ဆော၊ ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။