ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအများဆုံးနေထိုင်နေတဲ့ ဘူးသီးတောင်မြို့ပေါ်မှာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိ၊ တိုက်ပွဲတွေ အလိုမရှိ၊ ဘူးသီးတောင်ကို ကာကွယ်ကြဆိုပြီး မတ် ၁၉ ရက်နေ့ အင်္ဂါနေ့ နေ့လယ်ပိုင်းမှာ ရိုဟင်ဂျာ ၇၀၀ နီးပါးက ဆန္ဒပြခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက-"ဘူးသီးတောင်မှာလုပ်တဲ့ဆန္ဒပြပွဲက စစ်ကောင်စီထိန်းချုပ်ထားတဲ့နယ်မြေမှာ စစ်ကောင်စီက လုပ်ခိုင်းတဲ့ဆန္ဒပြပွဲဖြစ်ပြီး စစ်အာဏာရှင်တွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုခံခဲ့ရတယ်ဆိုတဲ့သူတွေက သူတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သူတွေဘက်က သွားရောက်ရပ်တည်တယ်ဆိုတာကတော့ သမိုင်းမှာ အဆိုးဝါးဆုံးသစ္စာဖောက်မှုဖြစ်ပါတယ်။ တဖက်မှာ သူတို့ရဲ့အနာဂတ်ကံကြမ္မာကို သူတို့ကိုယ်တိုင်အဆုံးအဖြတ်ပေးတာလဲ ဖြစ်ပါတယ်။ AA အနေနဲ့ သေသေချာချာစောင့်ကြည့်နေပြီး လိုအပ်သင့်တော်သလို တုံ့ပြန်လုပ်ဆောင်သွားမယ်" လို့ RFA ကိုစာနဲ့ဖြေဆိုပါတယ်။
ဒီဆန္ဒပြပွဲက စစ်ကောင်စီက အတင်းအဓမ္မစေခိုင်းလို့ ပေါ်ပေါက်လာတာလို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောပါတယ်။
“စစ်တပ်မပါဘဲ ဒီကိစ္စကဘယ်လိုလုပ်ဖြစ်မှာလဲ။ ရိုဟင်ဂျာက ဒီအတိုင်းတောင်လှုပ်လို့ ရတာမဟုတ်ဘူးလေ။ ဘယ်တုန်းကမှ ဆန္ဒပြပွဲတွေဆိုတာ ရိုဟင်ဂျာတွေလုပ်ခဲ့လို့ ရတာတွေ တစ်ခါမှ မရှိဘူးလေ။ ကျွန်တော်တို့ကြားတာဆိုရင် မလိုက်ဘူးဆိုရင် အိမ်တွေကို မီးရှို့မယ်။ ဒီနိုင်ငံအတွင်းမှာ နေလို့မရ အောင်လုပ်ပစ်မယ်။ အဲ့လိုမျိုးခြိမ်းခြောက်တာတွေလည်းရှိတယ်။”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရခိုင်နိုင်ငံရေးသမားတစ်ဦးကလည်း အလားတူ ရှုမြင်ပါတယ်။
“စစ်ကောင်စီမပါဘဲ ဒီလိုပွဲမျိုးက မဖြစ်နိုင်ဘူး။ အရင်လဲ မဖြစ်ဖူးဘူး။ နောင်လဲ ဖြစ်မှာမဟုတ်ဘူး။ ဒါဟာ ဒေသကို ရှုပ်ထွေးအောင်လုပ်တာ။ စေတနာမမှန်ဘူး။ ရခိုင်စကားပုံတစ်ခုရှိတယ်။ ငါးကို မရရင် တွင်းကိုဖျက်တယ်။ ဒီသဘောပဲ။”
ကာယကံရှင်ရဲ့ ဆန္ဒအရ ဖြေကြားသူရဲ့ အသံကို အသံအစားထိုးနဲ့ တင်ပြထားပါတယ်ရှင်။
တစ်ဆက်တည်းမှာပဲ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ မဝေဝေနုက "ရုတ်တရက်ကြီးဒီလိုမျိုး လူတွေအများကြီးထွက်လာပြီးတော့မှ ဆန္ဒပြနိုင်တယ်ဆိုတဲ့ဟာက အင်မတန် အံ့ဩစရာကောင်းတယ်။ ဒါရိုးသားတဲ့လုပ်ရပ် လုံးဝမဟုတ်ဘူးဆိုတာ သိသာထင်ရှားတယ်။ ဒါ ကျွန်မတို့က အင်မတန် သတိရှိရှိ တုံ့ပြန်ရမဲ့ ကိစ္စဖြစ်တယ်ပေါ့နော်။ စိတ်လက်မာန်ပါနဲ့ တုံ့ပြန်လို့ မရဘူး။"
ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာ နှစ်သိန်းနီးပါးရှိပြီး ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာအများဆုံး မြို့နယ်ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားက သုံးသိန်းကျော်လောက်ရှိတယ်လို့ မြို့ခံတချို့ကပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA ) အလိုမရှိကြောင်း ဆန္ဒပြခဲ့တဲ့ ရိုဟင်ဂျာတွေဟာ ဘူးသီးတောင် မြို့ပေါ်က မဟုတ်ဘဲ တပ်မင်းချောင်း၊ ကျောက်ဖြူတောင်ရွာတွေဘက်ကလို့ ပြောကြပါတယ်။
သူတို့ကို စစ်ကောင်စီတပ်က စစ်ကား ၁၀ စီးနဲ့ခေါ်လာပြီး မွန်းလွဲ ၃ နာရီကနေ ညနေ ၆ နာရီအထိ ဆန္ဒပြခိုင်းခဲ့တာလို့ ဒေသခံရိုဟင်ဂျာတွေဆီကနေ သိရကြောင်း ရိုနေဆန်းလွင်က ပြောပါတယ်။
မြို့ကိုလှည့်ပတ်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြတဲ့ ရုပ်သံဖိုင်နဲ့ ဓာတ်ပုံတချို့လည်း စစ်ကောင်စီရဲ့ဝါဒဖြန့် လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာအသံနဲ့ ရုပ်မြင်သံကြားမှာလည်း ဒီဆန္ဒပြပွဲအကြောင်းကို မတ်လ ၂၀ ရက်နေ့ ည ၈ နာရီသတင်းမှာ ထုတ်လွှင့်ကြေညာခဲ့ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက စစ်ကောင်စီတပ်က ဒီဆန္ဒပြပွဲဖြစ်အောင် လုပ်ပြီး ဆန္ဒပြပွဲကြောင့် လူတွေ စိုးရိမ်ပြီး မြို့ကနေထွက်သွားတာတွေရှိနေတယ်လို့ RFA ကို မတ်လ ၂၀ ရက်နေ့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး ဒုတိယဝန်ကြီးလည်းဖြစ် ရိုဟင်ဂျာတစ်ဦးလည်းဖြစ်တဲ့ ဦးအောင်ကျော်မိုးကတော့ စစ်ကောင်စီဟာ ရခိုင်မှာ စစ်ရှုံးနေလို့ လူမျိုးရေးပဋိပက္ခ ဖြစ်အောင် လုပ်ဆောင်တာလို့ ပြောပါတယ်။
“စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ ဘယ်နေရာမှာတိုက်တိုက် တိုက်တိုင်း အကြီးအကျယ် ကျရှုံးနေတဲ့အတွက် နောက်ဆုံးထုတ်သုံးစရာရှိတဲ့ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်အောင် တစ်ပြိုင်တည်းမှာ ရိုဟင်ဂျာတွေကို လူသားဒိုင်းသဖွယ် အသုံးပြုပြီး စစ်ရေးအသာစီးရမလားဆိုပြီး ဒါတွေကြိုးစားလာတာဖြစ်တယ်"
ရိုဟင်ဂျာတွေရဲ့ ဆန္ဒပြပွဲဟာ စစ်ကောင်စီတပ်ရဲ့ ကြိုးကိုင်လှုပ်ရှားမှုကြောင့်လို့ ရခိုင်၊ ရိုဟင်ဂျာ နှစ်ဖက်အသိုင်းအဝိုင်းကပြောပေမဲ့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို RFA က မရရှိသေးပါဘူး။
ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ခရီးသွားနေတယ်ဆိုပြီး ဖြေဆိုဖို့ငြင်းဆိုပါတယ်။
နောက်ဆက်တွဲအနေနဲ့ ဒီဆန္ဒပြပွဲကြောင့် လူမျိုးရေးပဋိပက္ခဆက်ဖြစ်လာမှာကို မြို့ခံတွေစိုးရိမ်ပြီး တိမ်းရှောင်တာတွေရှိလာပါတယ်။ ဘူးသီးတောင်မြို့အထွက်မှာရှိတဲ့ စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ရင်း နခခ (၈) က ဘူးသီးတောင်မြို့တောင်ပိုင်း အထွက်လမ်းတွေကို မတ်လ ၂၀ ရက် နေ့လယ်ပိုင်းကစပြီး ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။