PR စနစ်ကိုစိစစ်ဖို့ အခြေခံဥပဒေခုံရုံးထံ အမျိုးသားလွှတ်တော်တင်ပြ


2015-01-21
Share

လာမယ့်ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာ ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ လွှတ်တော်က ဆုံးဖြတ်ထားတာကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အဆုံးအဖြတ်ပေးဖို့ တင်ပြထားပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်း ထားပါတယ်။

ကိုကျော်သူ။ ။အန်ကယ်လ် ဦးအောင်ကြည့်ညွန့်ခင်ဗျား လာမယ့်ရွေးကောက်ပွဲတွေမှာ ပီအာရ်စနစ်ကျင့်သုံးဖို့ကို အမျိုး သားလွှတ်တော်က ဆုံးဖြတ်လိုက်တာကို အန်ကယ်လ်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ပြစီစဉ်ထားရာမှာ အခြေအနေဘယ်လိုများရှိပါလဲဗျ။

ဦးအောင်ကြည်ညွန့်။ ။အခု ကျနော်တို့က လုပ်ငန်းစဉ်တွေကို စာရွက်စာတမ်းတွေပြင်ဆင်ပြီး တင်ရုံပဲရှိသေးတယ်၊ ၂၃ ရက်နေ့ကျရင် ပါဝါတင်ပေးဖို့ပဲရှိတယ်၊ ကျနော်တို့က ကျန်တဲ့ ၂၅ ယောက်ကနေပြီးတော့ ပါဝါလွှဲပေးရတယ်ပေါ့နော်၊ ဂျီပီပါဝါတင်ပေးဖို့ရယ်၊ လိုအပ်တဲ့စာရွက်စာတမ်းတွေ ဖြည့်ဆည်းပေးဖို့ရယ် အဲ့ဒါလေးတွေ စာတမ်းပြုစုတုန်းပဲရှိသေး တယ်၊ လုပ်ငန်းစဉ်က မစသေးဘူး၊ ကျနော်တို့ မစသေးဘူးဗျ။

ကိုကျော်သူ။ ။ဒီနေ့ အမျိုးသား လွှတ်တော်အစည်းအဝေးမှာလည်း ဒီပီအာရ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လွှတ်တော် မှာ ကြေညာတယ်လို့လည်းသိရတယ်၊ အဲ့ဒါဘယ်လိုပုံစံမျိုးလဲဗျ။

ဦးအောင်ကြည်ညွန့်။ ။ကျနော်တို့ဟာကို ဒီဇင်ဘာ ၁ ရက်နေ့ကနေပြီးတော့ ကျနော်အပါအဝင် ၂၆ ယောက်ကနေ ပြီးတော့ လုပ်ငန်းစဉ်အဆင့်ဆင့်ကနေပြီးတော့ ဥက္ကကနေတဆင့် ခုံရုံးကိုတင်ရတာလေ၊ ဥက္ကဌက ၁၅ ရက်နေ့ကျတော့ ကျနော်တို့ တင်တဲ့အပေါ်မှာမူတည်ပြီးတော့ လုပ်ထုံးလုပ်နည်းဥပဒေတွေ ညီညွတ်တယ်ဆိုပြီး ခုံရုံးကိုသူကပို့လိုက်တယ် ၊ ဖွဲ့စည်ပုံ အခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ မရှိ ခုံရုံးကိုတင်ဖို့ တင်ပြလျှောက်ထားပါတယ်၊ အဲ့ဒါဟာ လုပ်ထုံးလုပ်နည်း ဥပဒေတွေ ညီညွတ်တဲ့အတွက် သူကလည်းပဲ ခုံရုံးကိုဆက်လက် တင်ပို့ထားပြီးဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကို အသိပေးကြေညာပါတယ်ဆိုတဲ့ အဲ့ဒါလေးပြောတာ။

ကိုကျော်သူ။ ။လွှတ်တော်မှာတုန်းက ဒီပီအာရ် ကိစ္စနဲ့ပတ်သက်ပြီးတော့ ခုံရုံးကိုတင်ပြတာမှာပေါ့လေ အကြောင်းပြန် တာကတော့ ချက်ချင်းလက်ငင်း ဖြစ်လာတယ်ပေါ့လေ၊ အခုအမျိုးသားလွှတ်တော်မှာကျတော့ ဒီလိုမျိုးပုံစံဖြစ်နေတာ ဘယ်လိုကွာခြားမှုရှိလို့လဲ၊ အန်ကယ်လ် တချက်လောက်ရှင်းပြပေးပါလားခင်ဗျ။

ဦးအောင်ကြည်ညွန့်။ ။ခုံရုံးကိုတင်တာကျနော်တော့ လွှတ်တော်ဥက္ကဌတို့၊ နာယကတို့၊ သမ္မတတို့ အဲ့လိုပုဂ္ဂိုလ်တွေ ကျတော့ ခုံရုံးကိုတိုက်ရိုက်လှမ်းမေးလို့ရတယ်၊ ပြည်သူ့လွှတ်တော် ပီအာရ်ကိစ္စဖြစ်လာတဲ့အခါမှာ အားလုံး ဒီမှာ ဆွေးနွေးနေကြရင်းနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကိုယ်တိုင်က ဒီပီအာရ်လုပ်တာက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီဆုံးဖြတ်ပေးဖို့ဆိုပြီးတော့ ခုံရုံးကိုသူကိုယ်တိုင်က တိုက်ရိုက်ပို့လိုက်ဖို့ပြောတယ်၊ အဲ့ဒါကျ ရင်မြန်တာပေါ့၊ သူ့တစ်ယောက်တည်း ပို့လိုက်တာကိုး၊ ပီအာရ်စနစ်ကို အမျိုးသားမှာ ကျင့်သုံးမယ်ဆိုတဲ့အဆိုကြီးက မဲခွဲပြီးတော့၊ အနိုင်ရပြီးတော့ အတည်ဖြစ်နေတယ်၊ ပြည်သူ့တုန်းက အတည်ကိုမဖြစ်လိုက်ရဘူး အတော်ကွာတယ်၊ ဘယ်လွှတ်တော်ကမဆို ပြည်သူ့လွှတ်တော်ကဖြစ်စေ၊ အမျိုးသားလွှတ်တော်ကဖြစ်စေ ၁ဝ ရာခိုင်နှုန်းအနည်းဆုံးရှိတဲ့ လွှတ်တော်က လက်မှတ်ရေးထိုးပြီးတင်မှ တင်လို့ရတာ၊ အခုအမျိုးသားလွှတ်တော်မှာ ၂၁၅ ယောက်ရှိတယ်၊ အဲ့ဒီတော့ အနည်းဆုံး ၂၂ ယောက်က လက်မှတ်ထိုးမှ ခုံရုံးကိုတင်ခွင့်ရှိတယ်၊ အကိုတို့လက်မှတ်ထိုးတဲ့အခါကျတော့ ၂၆ ယောက် က ဒါကိုဆုံးဖြတ်ခံယူဖို့ သဘောတူတယ်၊ အဲ့ဒီတော့ ၁ဝ ရာခိုင်နှုန်းကျော်သွားတဲ့အတွက် အခွင့်အရေတရပ်အရ အဲ့ဒီ ၂၆ ယောက်က လက်မှတ်ထိုးပြီးတော့ ခုံရုံးကိုအဆုံးအဖြတ်လှမ်းတင်တာ၊ အဲ့လိုတင်တဲ့အခါမှာ လုပ်ငန်းစဉ်တွေက တိုက်ရိုက်သွင်းခွင့်မရှိပဲနဲ့ သက်ဆိုင်ရာလွှတ်တော် ဥက္ကဌကတဆင့် တင်ရတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ရေး ကတည်းက ဥက္ကဌကတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဆိုပြီးလှမ်းတင်လိုက်တယ်။

ကိုကျော်သူ။ ။ပြည်သူ့လွှတ်တော်မှာကျတော့ ဖွဲ့စည်ပုံအခြေခံဥပဒေခုံရုံးကနေပြီးတော့ ဒီပီအာရ်ကိစ္စက မညီညွတ်ဘူး ဆိုပြီးတော့ သူတို့ကပြန်ပြီးအကြောင်းပြန်လာတယ်၊ အမျိုးသားလွှတ်တော်ကျတော့ ဆုံးဖြတ်မယ့်အနေအထားမျိုး မရှိဘူးလားခင်ဗျ။

ဦးအောင်ကြည်ညွန့်။ ။ဒီလိုဗျ ပြည်သူ့လွှတ်တော်ဆိုတာက လုံးဝမရဘူးဆိုတာ ရှင်းတယ်ဗျ၊ ပြည်သူ့လွှတ်တော်ရဲ့ ကိုယ် စားလှယ်တွေကျတော့ မြို့နယ်တစ်မြို့နယ်ကနေပြီး ကိုယ်စားလှယ်တစ်ယောက် ရွေးတာကိုး၊ ပီအာရ်စနစ်ဆိုတာက မဲဆန္ဒနယ်မြေမှာ တစ်ယောက်တည်းရှိတဲ့ ကိုယ်စားလှယ်အတွက် ပီအာရ်စနစ်က လုပ်လို့ကိုမရဘူး၊ ဒါကြောင့် ပီအာရ် စနစ်ဆိုတဲ့သဘောက မဲဆန္ဒနယ်မြေတစ်ခုမှာ တစ်ယောက်မက များသောကိုစားလှယ်များကို ရွေးချယ်ရတဲ့ အနေ အထားမျိုးမှာ ခွဲတမ်းယူလို့ရတော့ အဲ့ဒီမှာ ပီအာရ်စနစ်က ကျင့်သုံးလို့ရတယ်၊ အဲ့ဒါကြောင်မို့လို့ ပြည်သူ့လွှတ်တော်မှာ ပီအာရ်လုပ်လို့မရဘူးဆိုတာအရှင်းကြီး။

ကိုကျော်သူ။ ။ဒါဆိုရင် အမျိုးသားလွှတ်တော်မှာ အန်ကယ်လ် ခုနကပြောသလိုဆိုရင် လုပ်လို့ရမယ့်အနေအထားမျိုး ရှိနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့။

ဦးအောင်ကြည်ညွန့်။ ။ဟုတ်တယ် အဲ့ဒီတော့ ရေဘုယျကြည့်လိုက်မယ်ဆိုရင် အမျိုးသားလွှတ်တော်ကျတော့ တိုင်းဒေသ ကြီး ၇ ခုနဲ့ ပြည်နယ် ၇ ခုကနေပြီၤးတော့ ကိုယ်စားလှယ်က ၁၂ ယောက်စီရွေးရမယ်လို့ လုပ်ထားတာမဟုတ်ဘူးလား၊ တိုင်းဒေသကြီးဆိုတဲ့ မဲဆန္ဒနယ်တွေထဲကို ပြည်နယ်ဆိုတဲ့ မဲခပ်ဆန်ဆန်တစ်ခုဆိုတဲ့ တစ်ခုတည်းလို့စဉ်းစားလိုက်ရင် တစ်နေရာတည်းကနေပြီးတော့ မဲ့ဆန္ဒနယ်တစ်ခုတည်းကနေပြီး ၁၂ ယောက်ရွေးရတယ်ဆိုတော့ အများဖြစ်နေတဲ့အခါ ကျတော့ ပီအာရ်အရမ်းနိုင်တယ်လို့ သူကယူဆတာလေ၊ တကယ်တမ်းကျတော့ ဥပဒေအရအငြင်းပွားစရာတွေ အများ ကြီးရှိတယ်၊ အမျိုးသားလွှတ်တော်အတွက်ကို ပြောတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ်စစ် စစ်ပေါက်ပေါက် လေ့လာလိုက်ရင် ၁၂ ယောက်ဆိုပေးမယ့် အခုသွားခဲ့တဲ့ ရွေးကောက်ပွဲတွေကို သွားကြည့်လိုက်ရင် တိုင်းတစ်တိုင်းမှာ မဲဆန္ဒနယ် ၁၂ နေရာခွဲလိုက်တာလေ၊ ပြည်နယ်တွေမှာလည်း မဲဆန္ဒနယ် ၁၂ နေရာခွဲလိုက်တာလေ၊ အဲ့ဒီ ၁၂ နေရာကနေပြီးတော့ တစ်ယောက်စီ တစ်ယောက်စီ ရွေးတဲ့စနစ်နဲ့ပဲသွားခဲ့တာလေ၊ အဲ့ဒီအပြင်ကို ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသကလည်း တစ်ယောက်စီတစ်ယောက်စီ အချိုးကျဆိုတာ ပေးထားတာလည်းရှိတယ်၊ တကယ်တမ်းကျတော့ ရိုးရိုးရှင်းရှင်းပြောရရင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အစကတည်းကိုက FPTP စနစ်ကိုပဲအခြေခံပြီး ဆွဲထား တာဖြစ်တဲ့အတွက်ကြောင့် ပီအာရ်နဲ့မကိုက်နိုင်တဲ့ အချက်အလက်တွေ အများကြီးတွေ့ထားတယ်လေ၊ အဲ့ဒီဥပဒေ အချက်အလက်တွေ တင်ပြပြီးတော့ ခုံရုံးကိုတင်တာပေါ့ဗျ။

ကိုကျော်သူ။ ။အန်ကယ်လ် အခုလိုဖြေကြားပေးတာ ကျေးဇူးပါခင်ဗျ။

ဦးအောင်ကြည်ညွန့်။ ။အေး အေး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့