အာဏာသိမ်းမှာကို ဒေါ်အောင်ဆန်းစုကြည် ကြိုတင်သိရှိခဲ့

2022.09.20
အာဏာသိမ်းမှာကို ဒေါ်အောင်ဆန်းစုကြည် ကြိုတင်သိရှိခဲ့ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြစဉ်။
Photo: Reuters

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိတင်သိရှိခဲ့တယ်လို့ လွတ်မြောက်နယ်မြေတစ်နေရာကို မကြာခင်ကရောက်ရှိလာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲကာလ မဟာဗျူဟာရေးဆွဲရာမှာ ပါဝင်သူ ဦးနိုင်ကိုကိုက ထုတ်ဖော်ပြောကြားပါတယ်။ မြန်မာပြည်ရဲ့အနာဂတ်မှာ စစ်တပ်ရဲ့ ဦးဆောင်မှု ပြီးဆုံးသွားပြီလို့လည်း သူက ပြောပါတယ်။ ဦးနိုင်ကိုကိုဟာ NLD ပါတီ အာဏာရရှိပြီးနောက်ပိုင်း အဂတိတိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှာလည်း အကြံပေးပုဂ္ဂိုလ်အဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်တာဝန် ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဦးနိုင်ကိုကို ကို RFA က မေးမြန်းထားပါတယ်။


-----------

မေး။ ။ ဦးနိုင်ကိုကိုက မြန်မာပြည်မှာ ဘာတာဝန်တွေများ ထမ်းဆောင်ခဲ့ပါသလဲ ခင်ဗျ။

ဖြေ။ ။ ကျနော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အသွင်ကူးပြောင်းရေးကာလမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးကဏ္ဍ သင်ရိုးညွှန်းတမ်းရေးဆွဲရာ နေရာမှာ ဝင်ရောက်ပြီး ပါဝင်ရေးဆွဲခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကြေညာစာတမ်း ရေးဆွဲတဲ့အခါမှာလည်း ရေးဆွဲခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဝန်ကြီးများ ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းဒေသကြီးဝန်ကြီးတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးကာလမှာလည်း ပါဝင်ခဲ့ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် အဂတိတိုက်ဖျက်ရေးကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်ရေးအဖွဲ့မှာလည်း ဆောင်ရွက်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ် ဥပဒေဌာနမှာ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဥပဒေနှင့် ဖွဲ့စည်းပုံဆိုင်ရာဥပဒေတွေကိုလည်း သင်ကြားပြသပေးခဲ့ပါတယ်။

မေး။ ။ လွတ်မြောက်နယ်မြေကို ရောက်တာ ကြာပြီလား ခင်ဗျ။

ဖြေ။ ။ မကြာသေးပါဘူး။ လပိုင်းပဲရှိပါတယ် ရောက်ရှိလာတာ။

မေး။ ။ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းမှာကို ဒေါ်အောင်ဆန်းစုကြည် ကြိုသိပါသလား ခင်ဗျ။

ဖြေ။ ။ ကျနော့်အမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည် သိပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမယ်ဆိုတာ ၂၀၁၈ ကတည်းက ကြိုပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗီယက်နမ်မှာရှိတဲ့ (Asia Economics Forum) အေးရှားအီကိုနောမစ်ဖိုရမ်မှာ စတော့အိတ်ချိန်းက လူတစ်ယောက်က မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ .. တပ်မတော်က အာဏာသိမ်းရင် ဘာလုပ်ပါမလဲ ခင်ဗျာဆိုပြီး မေးပါတယ်။ အဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက အာဏာသိမ်းမယ့်သူကို ပြန်မေးပါလို့ ပြောခဲ့ပါတယ်။ အဲ့လိုပဲ ရန်ကုန်၊ မန္တလေးမှာလည်း ခဏခဏ အာဏာသိမ်းမယ့်ဥစ္စာကို ကြိုပြောကြပါတယ်။ အထူးသဖြင့် အာဏာသိမ်းမယ်ဆိုတာကို ၂၀၁၈ ကတည်းက ကြိုပြောကြပါတယ်။ ပြောတဲ့သူတွေကိုလည်း ကျနော်တို့ နာမည်ထုတ်ပြောလို့ မကောင်းပါဘူး။ အဲ့လူတွေ လေးယောက်လောက်က ၂၀၁၈,၁၉ လောက်ကတည်းက တောက်လျှောက်မှာ အာဏာသိမ်းမယ်ဆိုတာ ကြိုပြောပါတယ်။ မြန်မာနိုင်ငံမှာ အပေါဆုံးစကားကလည်း အာဏာသိမ်းမယ်ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာကတော့ အာဏာ သိမ်းမယ်ဆိုရင် သိမ်းမယ့်သူကို သွားမေးပါ၊ အဲ့ဒီသိမ်းတဲ့သူက အာဏာသိမ်းတဲ့တာဝန်ကို ယူရပါလိမ့်မယ်လို့ ဖြေထားပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားအတိအကျက ဘယ်လိုလဲခင်ဗျ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်က အာရှအီကိုနော်မစ်ဖိုရမ် ဗီယက်နမ်နဲ့စင်္ကာပူ အီကိုနောမစ်ဖိုရမ်တွေမှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမယ်ဆိုတာကို world စတော့အိတ်ချိန်းမှာ List တင်ထားတဲ့ သူတစ်ယောက်က မေးပါတယ်။ မေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက သိမ်းမယ်ဆိုရင် သိမ်းမယ့်သူကို သွားမေးပါ။ သူသိမ်းပြီးရင် သူဘာလုပ်မှာလဲ၊ တာဝန်ယူပါလိမ့်မယ်။ ကျမက သိမ်းမယ့် သူမဟုတ်ပါဘူး လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၈,၁၉မှာ အာဏာသိမ်းမယ်ဆိုတဲ့ စကားကို ခဏခဏကို စစ်တပ်က ထုတ်ပါတယ်။ ထုတ်တဲ့အတွက်လည်း ဒီအာဏာသိမ်းခြင်းဟာက ဖြစ်လာတာပဲ။ အာဏာသိမ်းမှာကို ပထမဦးဆုံးပြောလာတာက ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ရန်ကုန်စတော့အိတ်ချိန်း ဥက္ကဋ္ဌ ဦးမြသန်းပြောတာပါ။ အဲ့ဒီအာဏာသိမ်းတာကို ဘယ်သူတွေကြံစည်လဲ ဆိုတော့ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းတို့ ကြံစည်တာ။ အဲ့ဒီအာဏာသိမ်းမှာကို ဒေါ်အောင်ဆန်းစုကြည်သိတယ်၊ သိတဲ့အခါမှာလည်း သိမ်းတဲ့သူတွေက တာဝန်ယူရပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မေး။ ။ ဦးစိုးသိန်းပြောတာကို အသေးစိတ် ပြန်ပြောပေးပါ ခင်ဗျ။

ဖြေ။ ။ ၂၀၁၈,၁၉ မှာ ရန်ကုန်မှာ ဒေါ်လာ ၁၃၅၀ ဖြစ်တဲ့ အချိန်မှာ အာဏာကို သိမ်းမယ်လို့ပြောပါတယ်။ ဦးမြသန်း သူသည် ရန်ကုန်စတော့အိတ်ချိန်း ဥက္ကဋ္ဌ၊ သူသည် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဖြစ်ပါတယ်။ သူတို့ စပြောတာပါ။ အာဏာသိမ်းမယ် ဆိုတာကို။ အာဏာသိမ်းမယ် ခင်ဗျားတို့ ကြည့်ကြပ်လုပ်ကြပါဦး။ ဘယ်လိုလုပ်ကြမလဲ။ ကျနော်တို့က သွားညှိကြမှာ၊ ဘယ်သူနဲ့ ညှိကြမှာလဲဆိုတော့ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းနဲ့ ညှိရမယ်လို့ ပြောပါတယ် ခင်ဗျ။ အဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အဖြေကတော့ ဒီအာဏာသိမ်းရင် သိမ်းမယ့်သူတွေကို သွားမေး သိမ်းမယ့်သူတွေ တာဝန်ယူရပါလိမ့်မယ်ပြောပါတယ် ခင်ဗျ။

မေး။ ။ ဦးစိုးသိန်း က အာဏာသိမ်းပွဲမှာ ဘယ်လောက်ပါသလဲ ခင်ဗျ။

ဖြေ။ ။ ဝန်ကြီး ဦးစိုးသိန်းက အာဏာသိမ်းတဲ့ဟာမှာ အနိမ့်ဆုံးက ၅၀နဲ့ ၈၀ ရာခိုင်နှုန်းကြားမှာ ရှိနိုင်ပါတယ်။ သူတို့ ဒေါ်လာဈေးတွေ တက်တဲ့ အချိန်မှာ အကျိုးစီးပွားထိခိုက်တဲ့အတွက် အထူးသဖြင့် စီးပွားရေးအကျိုးစီးပွားထိခိုက်တယ်ဆိုပြီးတော့ ခဏခဏပြဿနာရှာနေတာပါ။ အဓိကကတော့ ဦးစိုးသိန်းနဲ့ ဦးရွှေမန်းတို့ နှစ်ယောက်ရဲ့ အားပြိုင်မှု။ ဦးစိုးသိန်းက စီးပွားရေးမှာ ပိုတော်တယ်၊ ပိုပြီးတော့ ကိုင်တွယ်နိုင်တယ်လို့ ထင်လာတာပေါ့။ နိုင်ငံရေးမှာ ဦးရွှေမန်းထိန်းနိုင်တယ်လို့ ထင်လာတာပေါ့။ အဲ့ နှစ်ယောက်အားပြိုင်မှုကြောင့်လည်း မြစ်ကျဉ်းကျဉ်းထဲမှာ လှေလှော်သလိုဖြစ်နေတာပေါ့။

မေး။ ။ စစ်တပ်က ဘာကြောင့် အာဏာသိမ်းတာလဲ။

ဖြေ။ ။ အဓိက စစ်တပ်အာဏာသိမ်းရခြင်းမှာ စီးပွားရေး အကျိုးစီးပွားပဲ။ လက်ရှိရထားတဲ့ စည်းစိမ်ဥစ္စာတွေ မစွန့်ချင်ဘူး။ လက်ရှိရထားတဲ့ စီးပွားဥစ္စာအာဏာအပြင် ဆွေစဉ်မျိုးဆက် ထိန်းသိမ်းသွားချင်တဲ့ ရည်ရွယ်ချက်ရှိပါတယ်။

မေး။ ။ စစ်တပ်အာဏာသိမ်းမှုမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘယ်လိုအခန်းကဏ္ဏက ပါဝင်တယ်လို့ ပြောနိုင်မလဲ ခင်ဗျ။

ဖြေ။ ။ မြန်မာစကားပုံနဲ့ပြောရရင် ကျားကိုက်တာ အပေါက်ပါလား မေးသလိုဖြစ်ပါတယ်ခင်ဗျ။ တကယ်တော့ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ဦးသန်းရွှေရဲ့ ခေါင်းစည်းမပါဘဲ ဘယ်သူမှ မလုပ်ရဲပါဘူး။ မည်သူတစ်ဦးတစ်ယောက်မှ ဦးသန်းရွှေကို စောဒက မတက်ရဲပါဘူး။ အထူးသဖြင့် အဲ့ဒီ ဗိုလ်ချုပ်မှူးကြီးတွေ အားလုံး။ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးတွေ ၁၀ ယောက်လောက် ရှိလိမ့်မယ်။ အဲ့လူတွေ တစ်ဦးတစ်ယောက်မှ ဦးသန်းရွှေကို စောဒကမတက်ရဲပါဘူး။

မေး။ ။ အာဏာာသိမ်းတာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အကြံဉာဏ်လို့ ပြောနိုင်မလား။

ဖြေ။ ။ အဲ့လိုပြောဖို့ ကျနော့်မှာ အထောက်အထားမရှိဘူး။ ဒါပေမဲ့ သေချာသလောက်ကတော့ ဦးသန်းရွှေရဲ့ ... ဦးနေဝင်းလို အဖြစ်မခံချင်တဲ့ ဆန္ဒကြောင့် ဒီအာဏာသိမ်းခြင်းဖြစ်လာတာ ဖြစ်တယ်။ ဦးနေဝင်းက အာဏာစွန့်လွှတ်သွားတဲ့အခါမှာ သူ့ရဲ့ဘဝက မရှုမလှနဲ့ ဆုံးရှုံးသွားတယ်။ အဲ့လိုဦးနေဝင်းလို အဖြစ်မခံချင်တဲ့အတွက် ဦးသန်းရွှေရဲ့ ဗျာဒိတ်တော်ပါတယ်လို့တော့ တွက်လို့ ရပါတယ်။

မေး။ ။ လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေကို ဦးနိုင်ကိုကို ဘယ်လို သုံးသပ်မလဲ ခင်ဗျ။

ဖြေ။ ။ လက်ရှိတိုင်းပြည်ကတော့ ဂိမ်းသီအိုရီပြောရရင် zero- ဆန်းဂိမ်းကို သွားပါတယ်။ Lose ဂိမ်းပဲ နှစ်ဖက်စလုံးရှုံးပါတယ်။ တကယ်တော့ Win-Win ဖြစ်ရအောင် အနောက်နိုင်ငံတွေကကော ဒီမိုကရေစီနိုင်ငံတွေကကော တရုတ်နိုင်ငံကကော အားလုံးဝိုင်းဝန်း ပံ့ပိုး ကူညီခဲ့ကြပါတယ်။ တကယ်တော့ အပြစ်တင်ရမှာ မိမိကိုယ်ကို မိမိပဲ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေကတော့ မြန်မာပြည်သူလူထုက စစ်တပ်ကို လက်မခံဘူးဆိုတာ တွေ့ရပါတယ်။ အလုံးစုံပျက်စီးသွားပါပြီ။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲဖြစ်ဖြစ် တိုင်းရင်းသားခေါင်းဆောင်တွေကပဲ ဖြစ်ဖြစ် စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဟာ မတတ်နိုင်တော့ပါဘူး။ ဘယ်သူပဲ ကြားဝင်ဖျန်ဖြေဖျန်ဖြေ ပြည်သူလူထုက စစ်တပ်ကို မုန်းသွားပါပြီ ခင်ဗျ။ စစ်တပ်က မုန်းခြင်းခံလိုက်ရတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က စစ်တပ်ကို တွေ့ဆုံဆွေးနွေးရေးလုပ်မယ်ဆိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တပ်ကိုကာကွယ်ပြီး လုပ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်း ခံရလိမ့်မယ်။

မေး။ ။ မြန်မာပြည်ရဲ့ အနာဂတ်ကို ဘယ်လိုပြောနိုင်မလဲ ခင်ဗျ။

ဖြေ။ ။ မြန်မာပြည်ရဲ့ အနာဂတ်ကတော့ အထူးသဖြင့် ပုံဖော်နိုင်တယ်။ ဖွဲ့စည်းပုံ တစ်ခုတွေ့ရမယ်။ အသစ်တစ်ခု လိုအပ်နေတယ်။ အဲ့ဒီမြန်မာနိုင်ငံရဲ့ လမ်းကြောင်းကို ပြမယ့်ဟာကတော့ NUG တို့ CRPH တို့ လက်ရှိဦးဆောင်နေတဲ့ NUCC တို့ အဲ့ဒီ့လူတွေ ရေးဆွဲနိုင်တဲ့ အဲ့ဒီ့နိုင်ငံရေးသမားတွေ ရေးဆွဲနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ အဲ့ဒီသွားမယ့် ဖက်ဒရယ်နိုင်ငံတစ်ခုနဲ့ နိုင်ငံသစ်တစ်ခု ပေါ်လာလိမ့်မယ်လို့သွားတွေ့ရပါတယ်။ အဲ့ဒီနိုင်ငံသစ်မှာလည်း တပ်မတော်ပဲဖြစ်ဖြစ်၊ လက်နက်ကိုင်အင်အားစုပဲဖြစ်ဖြစ် အကုန်လုံးသည် ရွေးကောက်တင်မြှောက်ခံထားရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့အောက်မှာ လုပ်ရမယ်ဆိုတဲ့ လမ်းကြောင်းသစ်တစ်ခုကို လူထုက ချပေးတာ တွေ့ရပါတယ်။ လက်ရှိအနေအထားမှာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမှာ တပ်ရဲ့အနာဂတ်အခန်းကဏ္ဍ မရှိတော့ပါဘူး။ စစ်တပ်က စစ်တန်းလျားပြန်ရပါလိမ့်မယ်။ အဲ့ဒါက ပြည်သူလူထုက ထင်ထင်ရှားရှားပဲ ပြောလိုက်တဲ့ စကားပဲ ဖြစ်ပါတယ်။ ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ဉီးထင်လင်းအောင်
2022-09-21 03:35

အန်တီစု ဘာပြောပြော ဘာလုပ်လုပ် ပြည်သူတွေက သဘောတူပြီးသား။ဒါကြောင့် အန်တီစုကို လွတ်မြောက်နယ်မြေရောက်အောင် ကယ်တင်ရပါမည်။