ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေ တွေ့ဆုံပွဲ ဦးစောသန်းမြင့်နဲ့ မေးမြန်းချက်

2014-12-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ် ဒါမှမဟုတ် နိုဝင်ဘာလ ပထမဆုံးအပတ်မှာ ကျင်းပပေး မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး က ဒီကနေ့ ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတို့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဌ ဦးစောသန်းမြင့်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဌ ဦးစောသန်းမြင့်နဲ့ မေးမြန်းချက်အပြည့်အစုံ

ကိုကျော်သူ။         ။ အန်ကယ်ဦးစောသန်းမြင့်ခင်ဗျာ၊ ဒီနေ့ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီတို့ ပန်ဒါဟိုတယ်မှာ ရွေးကောက်ပွဲ ကိစ္စတွေ အဓိက ဘယ်လိုအကြောင်းအရာတွေများ ဆွေးနွေးဖြစ်ကြလဲဗျ။

ဦးစောသန်းမြင့်။    ။ ဒီနေ့ကတော့ အဓိက ကတော့ ဦးတင်အေးကတော့ သူကြေငြာ သွားတာတော့ လာမယ့် ၂၀၁၅ အောက်တိုဘာ နောက်ဆုံးပတ် မဟုတ် ရင် နိုဝင်ဘာ ပထမပတ်မှာ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပပေးသွားမယ်ဆိုတာ အထပ်ထပ် အခါခါ ဒီနေ့တော့ ဥက္ကဌကြီးက သတိပေးသွားတာ ရှိပါတယ်၊ ဒါကတော့ ဥက္ကဌကြီး ရဲ့ထူးခြားတဲ့ မိန့်ခွန်းစကားလို့ပဲပြောရမှာပေါ့နော်။

ကိုကျော်သူ။         ။ ပါတီဝင်တွေထဲကပေါ့လေ အမျိုးသမီး ကိုယ်စားလှယ်လောင်း အတွက်ကိုလဲ လာမယ့်ရွေးကောက်ပွဲအတွက်ကိုလဲ ဦးစားပေးပြီးတော့ လုပ်ကြဖို့လဲ ပြောသွားတယ်လို့လဲ ကျနော်တို့သိရပါတယ်။

ဦးစောသန်းမြင့်။    ။ ဟုတ်တယ်ဗျ၊ ဒါနဲ့ပတ်သက်ပြီးတော့လဲ ကော်မရှင်ကတော့ ပြောသွားတာရှိတယ်ပေါ့နော်၊ အဲ့လိုကော်မရှင်တွေကိုတော့ အမျိုးသမီး၊ အမျိုးသား ခွဲခြားတဲ့ အနေအထားမရှိပါဘူး၊ အားလုံးကဥပဒေနဲ့အညီတစ်ပြေးတည်းဖြစ်ပါတယ်၊ အမျိုးသမီးနဲ့ ပတ်သက်ပြီးတော့ အမျိုးသမီး ပါတီခေါင်းဆောင်တွေက တင်ပြတာ ပေါ့ နော်၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီးနဲ့ ပတ်သက်ပြီးတော့ ဦးစားပေး ဆောင်ရွက်ပေးလို့မရဘုးလားလို့ အဖွဲ့တစ်ဖွဲ့က တင်ပြပေးတာပေါ့နော်၊ ကျနော်တို့က အမျိုးသမီး၊ အမျိုးသားအားလုံးပေါ်မှာ ဥပဒေအရပဲသွားပါတယ်၊ ဒါကြောင့်မို့လို့ ဒီ သက်ဆိုင်ရာ ပါတီတွေကပေါ့နော် အမျိုးသမီးကိုယ်စားလှယ်ရွေးချယ်ပြီးတော့ အနိုင် ရအောင်ဆောင်ရွက်ပေးဖို့သာ အဓိကဖြစ်ပါတယ်၊ ကော်မရှင်ပေါ်မှာ တာဝန် မရှိပါဘူး ဆိုပြီးတော့ဖြေကြားသွားပါတယ်။

ကိုကျော်သူ။         ။ ပါတ်ီတွေအနေနဲ့ ကျင့်ဝတ်ရေးဆွဲကျဖို့ ပျက်ကွက်နေတာလို့လဲ ဦးတင်အေးက ပြောတယ်လို့လဲသိရပါတယ်၊ အဲ့လိုကျင့်ဝတ်တွေ ရေးဆွဲဖို့ အခြေအနေ ကရော အန်ကယ်တို့ဘယ်လို့များရှိပါလဲခင်ဗျာ။

ဦးစောသန်းမြင့်။    ။ ပြီးခဲ့တဲ့ ၁၃ ရက်နေ့က အကြိုဆွေးနွေးပွဲလုပ်တယ်ဗျ၊ မီကာဆာ ဟိုတယ်မှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ တစ်ဖက်နဲ့တစ်ဖက် ခိုက်ရန် ဖြစ်ပွားမှုမဖြစ်အောင်၊ ပါတီတစ်ခုနဲ့ တစ်ခု၊ ကိုယ်စားလှယ်တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက် နဲ့တစ်ဖက် ရန်ဖြစ်ပွဲ၊ သတ်ပွဲ၊ တိုက်ပွဲတွေမဖြစ်အောင်၊ နောက်ပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် ရန်ဆောင်ပြီးတော့ စောင်းမြောင်းပြောဆိုမှုတွေ မဖြစ်အောင် အားလုံး လွတ်လွတ်လပ်လပ် ဖြစ်ပြီးတော့ သန့်သန့်ရှင်းရှင်းနဲ့ ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်နဲ့ လက်တွဲပြီးအတူတကွ ဆောင်ရွက်သွားနိုင်အောင် အဓိက ကတော့ပါတီတွေအားလုံး သဘောတူညီမှုနဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုကိုဆွဲပြီးတော့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေအားလုံး အဲ့ဒီတိုင်းလုပ်ဖို့ သဘောတူရင် ပိုပြီးတော့ ကောင်းမယ်ထင်တယ်၊ ဒါကြောင့်နိုင်ငံရေးပါတီကရော၊ အားလုံးကရော၊ ကော်မရှင်ကရော အားလုံးသဘောတူနိုင်တဲ့ အနေအထားဖြစ်ပြီဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန်နဲ့ အောင်အောင်မြင်မြင်ဖြစ်သွားဖို့ အဓိက ဖြစ်ပါတယ်ဗျ၊ ဒီနေ့နောက်ဆုံးဖြတ်ချက် အရကတော့ ကျနော်တို့ ပါတီခေါင်းဆောင် အားလုံးက နောက်ဆုံးအချိန် မရ လိုက်တဲ့အတွက် လုပ်မယ်လို့ဆုံးဖြတ်ချက်တော့ မချလိုက်ရဘူး၊ ဒါပေမယ့် မူအားဖြင့်တော့ သဘောတူသွားတယ်၊ တစ်ကယ်လို့နောက်တစ်ခေါက် အားလုံး ဆုံးဖြတ်ချက်နဲ့ သဘောတူဆုံးဖြတ်ပေးဖို့ရှိတယ်၊ အဲ့ခါဆုံးဖြတ်ပြီးမှ အဲ့ဒီအစားပေါ့နော် ကော်မတီတစ်ခုဖွဲ့ပြီးမှ အဲ့ကော်မတီကနေကြိုးစားဆောင်ရွက်ပြီးတော့ ဘယ်အချက်တွေက ပါသင့်တယ်၊ အဲ့လိုဆောင်ရွက်မယ်၊ အဲ့လိုဆောင်ရွက်လို့ရလာတဲ့ အချက်အလက်အားလုံးကို ကျနော်တို့ပါတီခေါင်းဆောင်အားလုံး၊ ပါတီဇုန်တွေအားလုံး ကို ဖိတ်ခေါ်ပြီးတော့ တင်ပြမယ်၊ တင်ပြပြီးတော့ အားလုံးကနေ ထောက်ခံတဲ့ ရလာတဲ့ နောက်ဆုံးအချက်ကိုကျမှ ကျနော်တို့က ကော်မရှင်နဲ့ ညှိနှိုင်းမယ်၊ ကော်မရှင်ကလဲ သဘောတူတယ်ဆိုရင် အဲ့ဒီမူအတိုင်း ၂၀၁၅ မှာအသုံးပြုပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲ ကို ကောင်းကောင်းမွန်မွန်၊ အေးအေးချမ်းချမ်းနဲ့ ကျော်ဖြတ်ချင်တယ်ပေါ့။

ကိုကျော်သူ။         ။ မဲစာရင်းပြုစုဖို့၊ မဲပေးတဲ့ကိစ္စတွေ အဲ့ဒီအကြောင်းအရာတွေရော ဦးတင်အေးက ဘာတွေများထည့်သွင်းပြောကြားသွားသေးလဲဗျ

ဦးစောသန်းမြင့်။    ။ မဲဆန္ဒရှင် စာရင်းနဲ့ပတ်သက်ပြီးတော့လည်း လာမယ့် ရွေးကောက်ပွဲမတိုင်ခင်၊ မကြေငြာခင်မှာ သူတို့အပြီးအစီး ဆောင်ရွက် ပေးသွား မယ်လို့လဲ ပြောတယ်ခင်ဗျ၊ ရွေးကောက်ပွဲ မကြေငြာခင်အတွင်းမှာ သူတို့ကြေငြာ သွားလိမ့်မယ်၊ နောက်ပြီးတော့ ဒီကြားထဲမှာ ကြေငြာပြီးပြီဆိုရင် သူတို့ထဲထဲ ဝင်ဝင်ဆောင်ရွက်သွားမယ်၊ ပါတီတွေကိုလည်း သူတို့ဆွေးနွေးမယ်၊ မဲဆန္ဒရှင် စာရင်းကိုလဲ အရင် ၂၀၁၀ တုန်းကလိုမဟုတ်ဘဲနဲ့ တိတိကျကျ မှန်မှန်ကန်ကန်နဲ့ မဲမပေးခင် ရွေးကောက်ပွဲမတိုင်ခင်၊ အတတ်နိုင်ဆုံး၊ အစောဆုံး သက်ဆိုင်ရာပါတီတွေ ကို ပေးမယ်၊ နောက်ပြီးတော့ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာလဲ ကပ်ထားပေး မယ်၊ အဲ့ဒါကြောင့်မို့ အဲ့အတွက်ကိုဘာမှ မပူပါနဲ့ လို့ ကော်မရှင်ဥက္ကဌကြီးကတော့ ဒီနေ့ဖြေကြားသွားပါတယ်ခင်ဗျာ။

ကိုကျော်သူ။         ။ အန်ကယ် အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ် ခင်ဗျာ။

ဦးစောသန်းမြင့်။    ။ ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်။

 

 

 

 

 

 

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့