မြန်မာနိုင်ငံပြိုကွဲနိုင်မယ့်အခြေအနေ ICG သုံးသပ်
2024.06.13

စစ်တပ်အာဏာသိမ်းထားပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရတဲ့ မြန်မာနိုင်ငံဟာ အစိတ်စိတ်ကွဲသွားနိုင်ခြေရှိတဲ့အကြောင်း ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG)က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီရင်ခံစာကို ရေးသားခဲ့တဲ့ မြန်မာ့အရေးကျွမ်းကျင်သူ ရစ်ချတ် ဟော်ဆေး (Richard Horsey) ကို ကိုရဲခေါင်မြင့်မောင် ဆက်သွယ်မေးမြန်းထားပါတယ်။
------
RFA: အခုလို မေးမြန်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ကနေ “မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အကျိုးဆက်များ” ဆိုတဲ့ အစီရင်ခံစာကို ထုတ်ဝေခဲ့ပါတယ်။ ဒီအစီရင်ခံစာကို ရေးသားခဲ့တဲ့ မြန်မာ့အရေးကျွမ်းကျင်သူတစ်ဦးအနေနဲ့ ဒီအထဲက အရေးကြီးတဲ့ လေ့လာတွေ့ရှိချက်တွေအကြောင်း ပြောပြပါဦး။
Richard Horsey: လွန်ခဲ့တဲ့ ခုနစ်လလောက်အတွင်းမှာ မြန်မာစစ်တပ်ဟာ နယ်မြေတွေ၊ စစ်စခန်းတွေနဲ့ မြို့ရွာတွေ တော်တော်များများ လက်လွတ်ဆုံးရှုံးခဲ့ရတာကို မြန်မာ့အရေး လေ့လာစောင့်ကြည့်နေတဲ့သူတော်တော်များများ သိပြီးသား ဖြစ်ပါတယ်။ ဒီလို လက်လွှတ်ဆုံးရှုံးလိုက်ရတာကြောင့် မြန်မာနိုင်ငံရဲ့အနာဂတ်ကို ဘယ်လိုသက်ရောက်မှု ရှိလာမလဲဆိုတာကို ကျွန်တော်တို့ရဲ့အစီရင်ခံစာမှာ လေ့လာသုံးသပ်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လေ့လာတွေ့ရှိချက်တွေအရ အခုနောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေမှာ သဘောထားရပ်တည်ချက်တွေ ပြောင်းလဲလာတာတွေ့ရပါတယ်။ တိုင်းရင်းသားခေါင်းဆောင် တော်တော်များများဟာ စစ်တပ်က အာဏာမသိမ်းခင်အထိ အချို့ကိစ္စတွေမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမတိုင်ခင်လောက်အထိ သူတို့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ လက်နက်ကိုင်ပြီး တိုက်ခိုက်နေရုံနဲ့ မရဘူးလို့ ယူဆခဲ့ကြပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်လာတာ အချို့ဆို နှစ် ၇ဝ၊ ၈ဝ လောက်ရှိနေပါပြီ။ သူတို့ဟာ လက်နက်ကိုင်တိုက်ပွဲဝင်တာနဲ့ ဗဟိုအစိုးရနဲ့ စေ့စပ်ညှိနှိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးတာ နှစ်မျိုးလုံးပေါင်းမှ အောင်မြင်မယ်လို့ ယူဆခဲ့ကြပါတယ်။
ဆုံးသွားတဲ့ ကချင်ခေါင်းဆောင် မရန် ဘရန်ဆန် ဆိုရင် သူတို့ဟာ တောတောင်တွေထဲမှာ လက်နက်ကိုင်ပြီး တိုက်နေကြပေမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ ကချင်ပြည်ဖြစ်လာဖို့အတွက်တော့ နိုင်ငံရေး စားပွဲဝိုင်းပေါ်ကနေ တိုက်မှ ရနိုင်လိမ့်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီအယူအဆတွေအားလုံးဟာ ‘၁ဝ၂၇’ စစ်ဆင်ရေး နောက်ပိုင်းမှာ ပြောင်းလဲသွားပါတယ်။ အခုဆိုရင် အားအကောင်းဆုံး တိုင်းရင်းသားအဖွဲ့တွေဟာ လက်နက်ကိုင်တိုက်ပွဲ သပ်သပ်နဲ့ သူတို့ဒေသသူတို့ ထိန်းချုပ်ဖို့ လုပ်နိုင်နေပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကိုပဲ ကြည့်ပါ။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က Arakan Dream ဆိုတဲ့ ရည်မှန်းချက်ကို ပထမဆုံး စပြောခဲ့တဲ့အချိန်ကဆို စိတ်ကူးယဉ်အဆင့်ပဲ ရှိခဲ့ပါတယ်။ အခုတော့ ဒီရည်မှန်းချက်ဟာ လက်တွေ့အကောင်အထည်ပေါ်လာဖို့ နီးစပ်လာနေပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ နေပြည်တော်မှာ အခြေစိုက်တဲ့ စစ်ကောင်စီ တစ်စထက်တစ်စ အားလျော့နေတာ ထင်ထင်ရှားရှား မြင်နေရပါတယ်။ အခုလို အင်အားနည်းပြီး၊ ဘယ်လောက်ကြာကြာခံမလဲ မသေချာတဲ့ စစ်ကောင်စီနဲ့ ဘာကြောင့်ညှိနှိုင်းနေမှာလဲလို့ သူတို့ ယူဆလာကြပါတယ်။ အခုအချိန်မှာ ကိုယ့်ဒေသကိုယ် ထိန်းချုပ်နိုင်ဖို့ ယူလို့ ရသလောက် တိုက်ယူရမယ့် အချိန်လို့ ယူဆနေကြပါတယ်။ ဒီလို အယူအဆပြောင်းလဲလာတာကြောင့် မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ့် အနာဂတ် မျှော်မှန်းချက်ကို သက်ရောက်မှု ရှိပါတယ်။ ဒီအဆင့်ကို ကျော်လွန်သွားတာနဲ့ တိုင်းရင်သား အဖွဲ့တွေကို ဖက်ဒရယ်ပုံစံပြည်ထောင်စု တည်ထောင်ဖို့ ရည်မှန်းချက်နဲ့ စည်းရုံးလို့ မရနိုင်တော့ပါဘူး။ အခုဆိုတိုင်းရင်းသားအဖွဲ့တွေဘက်က စေ့စပ်ညှိနှိုင်းတာမပါဘဲ လိုချင်တာ ရနိုင်နေတဲ့ အခြေအနေမှာ ဗဟိုအစိုးရနဲ့ သဘောတူညီချက် တစ်ခုခုရဖို့ဆိုရင် (ဖက်ဒရယ်အုပ်ချုပ်ရေးထက် ပိုမြင့်တဲ့) ဘယ်လောက်အဆင့်အထိ အပေးအယူတွေ လုပ်ဖို့လိုမလဲ။ ဒီလိုအပြောင်းအလဲကြောင့် အနာဂတ် မြန်မာနိုင်ငံ ဘယ်လိုပုံစံ ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့အဖွဲ့က သုတေသနပြုထားတာ ဖြစ်ပါတယ်။
RFA: သေချာအောင် တစ်ခုမေးပါရစေ။ အခုပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့သဘောထား အပြောင်းအလဲဖြစ်လာတယ်ဆိုတာ ဘယ်လောက်တိကျသလဲ။ ဒါက တိုင်းရင်းသားခေါင်းဆောင်တွေဆီက တိုက်ရိုက်သိရတဲ့ သဘောထားလား။ ဒါမှမဟုတ် ခင်ဗျားတို့ ပညာရှင်တွေရဲ့ သုံးသပ်ချက် သပ်သပ်လား။
Richard Horsey: နှစ်မျိုးလုံး ပါပါတယ်။ ကျွန်တော်တို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ရော၊ အခြားအဖွဲ့ဝင်တွေနဲ့ရော စကားပြောပါတယ်။ အဲဒီနောက် သူတို့မှာ ဘယ်လိုအယူအဆ သဘောထားအမြင်တွေ ရှိနေသလဲဆိုတာကို ခြုံငုံသုံးသပ်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တစ်ယောက်နဲ့ ထိုင်ပြီး စကားပြောလိုက်ရုံနဲ့ သူတို့က ကိုယ်သိချင်တဲ့ သဘောထားအရွေ့ကို ကွက်တိပြောပြမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ ပြောတဲ့ စကားတွေကို အခြေခံပြီး၊ ကျွန်တော်တို့ဘက်က အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့တွေထဲက လူအမျိုးမျိုးနဲ့ စကားပြောကြည့်တဲ့အခါမှာ စစ်တပ်က အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးတဲ့နောက်၊ ‘၁ဝ၂၇’ စစ်ဆင်ရေး မတိုင်ခင်နဲ့ စစ်ဆင်ရေးနောက်ပိုင်းတွေမှာ သူတို့ရဲ့ သဘောထားအမြင်တွေ သိသိသာသာ ပြောင်းလဲသွားတာ အမှန်ပါပဲ။ အာဏာမသိမ်းခင်ကဆိုရင် သူတို့ ပြောသမျှက ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကြောင်းချည်းပါပဲ။ မြန်မာစစ်တပ်ကို ဖက်ဒရယ်ပုံစံ အုပ်ချုပ်ရေးစနစ်ကို လက်ခံလာအောင် ဘယ်လိုတွန်းအားပေးကြမလဲ ဆိုတာပဲ ပြောကြပါတယ်။ အခုတော့ ဒီလို မဟုတ်တော့ပါဘူး။ အခုအချိန်မှာ တကယ်အလုပ်ဖြစ်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် တစ်ခုခုရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ မြင်ကြပါတယ်။
RFA: ဒီ အိုင်စီဂျီ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ အစိတ်စိတ်ကွဲသွားဖို့ ဖြစ်နိုင်ခြေ ရှိနေတဲ့အကြောင်း ပြောထားပါတယ်။ အစိတ်စိတ်ကွဲသွားတယ်ဆိုတာ ယူဂိုဆလားဗီးယား ပြည်ထောင်စု ပြိုကွဲသွားသလိုမျိုး၊ မြန်မာနိုင်ငံနေရာမှာ အချုပ်အခြာ အာဏာပိုင် နိုင်ငံအသစ်တွေ ပေါ်လာတာမျိုးကို ဆိုလိုတာလား။ ဒါမှမဟုတ် မြန်မာနိုင်ငံအတွင်းမှာပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိတဲ့ နိုင်ငံငယ်တွေ ဖြစ်လာမယ့် သဘောလား။ မြန်မာနိုင်ငံရဲ့ အနာဂတ်က ဘယ်လို ပုံစံ ဖြစ်လာမလဲ။
Richard Horsey: နိုင်ငံအစိတ်စိတ်ကွဲတယ်လို့ ပြောလိုက်ရင် လူတော်တော်များများက ၁၉၉၀ ပြည့်နှစ်တွေမှာ ယူဂိုဆလားဗီးယား ပြည်ထောင်စု ပြိုကွဲသွားတဲ့ ပုံစံကိုပဲ ပြေးမြင်ကြတယ်။ နိုင်ငံငယ်တွေ အသစ်ပေါ်လာပြီးတဲ့နောက် လူမျိုးစုအချင်းချင်းကြား မဆုံးနိုင်တဲ့ တိုက်ပွဲတွေ ဆက်ဖြစ်လာတဲ့ ပုံစံမျိုး ဖြစ်လိမ့်မယ်လို့ ထင်ကြတယ်။ ကျွန်တော်တို့ သုံးသပ်ချက်အရတော့ မြန်မာနိုင်ငံ ဦးတည်နေတာ အဲဒီလို ပုံစံမျိုး မဟုတ်ပါဘူး။ နားလည်ထားဖို့ လိုတာက မြန်မာနိုင်ငံ အစိတ်စိတ်ကွဲတယ်ဆိုတာ အခုမှဖြစ်လာမှာလည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေးရကတည်းက ဗဟိုအစိုးရနဲ့ အာဏာသိမ်း စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်ကနေ ကင်းလွတ်နေတဲ့ ဒေသတွေ အများကြီး ရှိပါတယ်။ စုစည်းညီညွတ်နေတဲ့ နိုင်ငံတစ်နိုင်ငံ ပထမဆုံးအကြိမ် အစိတ်စိတ်ကွဲသွားမယ့် သဘော မဟုတ်ပါဘူး။ အနာဂတ်မြန်မာနိုင်ငံ ဘယ်လိုပုံစံဖြစ်မလဲဆိုတာနဲ့ ပတ်သက်လို့ ပြောရရင် ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကမှတော့ လုံးဝလွတ်လပ်ရေး ကြေညာတဲ့အဆင့်အထိ ရည်မှန်းထားတဲ့အကြောင်း ပြောလာတာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ ဘယ်အဖွဲ့ကမှလည်း အရင်လို ဖက်ဒရယ်ပြည်ထောင်စုအဆင့် နဲ့ ကျေနပ်ကြတော့မှာ မဟုတ်ပါဘူး။
တိုင်းရင်းသားအဖွဲ့တွေထဲမှာ ရက္ခိုင့်တပ်တော် AA ကတော့ ‘ကွန်ဖက်ဒရေးရှင်း’ ပုံစံ ဖြစ်ချင်တယ်လို့ တိတိကျကျပြောထားတယ်။ ကွန်ဖက်ဒရေးရှင်း (Confederation) ဆိုတာကတော့ ‘ဝ’ ဒေသမှာ အုပ်ချုပ်နေတဲ့ ပုံစံမျိုးပါ။ ဗဟိုအစိုးရရဲ့လွှမ်းမိုးမှု လုံးဝမရှိတော့ဘဲ အစစအရာရာ သူတို့ကိုယ်တိုင် စိတ်တိုင်းကျ စီမံအုပ်ချုပ်မယ်။ အမည်ခံအနေနဲ့တော့ မြန်မာနိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ဆက်ရှိနေမယ် ဆိုတဲ့ ပုံစံမျိုးပါ။ ‘တစ်နိုင်ငံ စနစ်နှစ်မျိုး’ ဆိုတဲ့ ပုံစံလိုပေါ့။ မြန်မာနိုင်ငံအခြေအနေနဲ့ ဆိုရင်တော့ ‘တစ်နိုင်ငံ စနစ်မျိုးစုံ’ ပေါ့။ ‘ဝ’ ဒေသမှာ ‘ဝ’ ပုံစံနဲ့ အုပ်ချုပ်မယ်။ ရခိုင်မှာ ရခိုင်ပုံစံ။ ကချင်မှာ ကချင်ပုံစံနဲ့ အုပ်ချုပ်ကြလိမ့်မယ်။ ဒါက ဖက်ဒရယ် ပြည်ထောင်စုပုံစံ မဟုတ်တော့ပါဘူး။ ဒီလိုမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံငယ်တွေ ဒါမှမဟုတ် ပြည်ထောင်တွေဟာ နိုင်ငံတစ်နိုင်ငံတည်းရဲ့ အစိတ်တစ်ပိုင်းတွေအဖြစ် ဆက်ရှိနေမယ့် အနာဂတ် ဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ အချင်းချင်းကြား လက်နက်ကိုင်ပဋိပက္ခတွေ ထပ်ဖြစ်လာမယ့် အလားအလာလည်း ရှိနေပါတယ်။ TNLA နဲ့ SSPP အကြား၊ TNLA နဲ့ KIO အကြား၊ ရက္ခိုင့်တပ်တော် (AA) နဲ့ ချင်းအဖွဲ့တွေအကြား တင်းမာမှုတွေ ရှိနေတာမြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ထိန်းချုပ်နယ်မြေအပြင်၊ သယံဇာတအရင်းအမြစ်တွေကိုပါ ထိန်းချုပ်နိုင်ဖို့ ပြိုင်ဆိုင်မှုတွေ ရှိလာပါလိမ့်မယ်။ သမိုင်းကို ပြန်ကြည့်ရင် ဒီလို တိုင်းရင်းသားအချင်းချင်း ယှဉ်ပြိုင်မှုတွေကနေ စစ်ရေးပဋိပက္ခ တိုက်ခိုက်မှုအချို့ဖြစ်ခဲ့ပေမဲ့ အကန့်အသတ်နဲ့ပဲ ဖြစ်ခဲ့တာတွေ့ရပါတယ်။ အချင်းချင်းညှိနှိုင်းပြီး ဖြေရှင်းနိုင်ခဲ့တာ များပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားအဖွဲ့တွေဟာ ဗဟိုအစိုးရအုပ်ချုပ်မှုအောက်ကနေ ကင်းလွတ်နေတဲ့ အခြေအနေမှာ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ ဒီလိုအခြေအနေအောက်မှာ ရှင်သန်နိုင်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။