ကင်မ်ဂျွန်းထယ်ဒီမိုကရေစီဆုရငွေ မြန်မာပြည်အတွက်လှူဒါန်းမယ်လို့ မပန်ဆယ်လိုပြော
2022.12.28
တောင်ကိုရီးယားနိုင်ငံမှာအခြေစိုက်တဲ့ ကင်မ်ဂျွန်းထယ်ဖောင်ဒေးရှင်း (Kim Geun Tae Foundation) က ခုနစ်ကြိမ်မြောက် ပေးအပ်တဲ့ဆုကို မြန်မာပြည်ဒီမိုကရေစီအရေးလှုပ်ရှားသူ မပန်ဆယ်လိုကို ချီးမြှင့်လိုက်တယ်လို့ ဒီဇင်ဘာလ ၂၅ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။
ဆုပေးပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ ကျင်းပမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မပန်ဆယ်လို ကိုယ်တိုင်မတက်ရောက်နိုင်ပါဘူး။ ဒါကြောင့် သူ့ကိုယ်စား ဆိုးလ်မြို့မှာနေထိုင်တဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ မရွှေမိုး က တက်ရောက်လက်ခံမှာ ဖြစ်ပါတယ်။ ဒီဆုအတွက်ချီးမြှင့်မယ့် ကိုရီးယားဝမ်ငွေ သိန်း ၁ဝဝ၊ မြန်မာငွေနဲ့ဆို ၁၆၅ သိန်းကျော်လောက်ရှိတဲ့ဆုငွေကို မိမိကိုယ်ကျိုးအတွက် တစ်စုံတရာသုံးစွဲမှာမဟုတ်ဘဲ မြန်မာ့ဒီမိုကရေစီအရေးအတွက် လှူဒါန်းမယ်လို့ မပန်ဆယ်လို က RFA ကိုပြောပါတယ်။ မပန်ဆယ်လို ကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။။
___________________
မေး။ ။ မပန်ဆယ်လိုခင်ဗျ တောင်ကိုရီးယား ကင်မ်ဂျွန်းထယ်ဖောင်ဒေးရှင်းက ပေးအပ်တဲ့ ဒီမိုကရေစီလှုပ်ရှားသူ ဆုကို ရရှိတယ်လို့ ကြားသိရတဲ့အတွက် အများကြီးဝမ်းသာပါတယ် ခင်ဗျာ။
ဖြေ။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်။
မေး။ ။ ဒီဆုရတဲ့အတွက် မပန်ဆယ်လို ဘယ်လိုသဘောထားလဲ ခင်ဗျ။
ဖြေ။ ။ ဒီဆုကိုပေါ့နော် ကျွန်မလိုမျိုးလူတစ်ယောက်လည်းဖြစ်တဲ့ ဒီအရေးအခင်းမှာပါဝင်ဆောင်ရွက်နေတဲ့ အနေအထားနဲ့ သူတို့တွေ ဒီဆုကို ကျွန်မကို ပေးအပ်တယ်ဆိုတာက ကျွန်မတစ်ဦးတည်းကို ပေးအပ်တဲ့ အနေအထားမျိုးမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူအားလုံးရဲ့လှုပ်ရှားမှုတွေနဲ့ စိတ်ဓာတ်ခိုင်ကြည်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြီးတော့ သူတို့အနေနဲ့ မမေ့မလျော့ ကျွန်မတို့ မြန်မာပြည်သူတွေရဲ့အသံကို ကြားသိတယ်။ ကျွန်မတို့ရဲ့ဆန္ဒကို သိရှိနေတယ်ဆိုတဲ့ အနေအထားနဲ့ သူတို့တွေ ဒီရည်ရွယ်ချက်တွေနဲ့ ဒီဆုကို ချီးမြှင့်တယ်လို့ ယူဆပါတယ်။
မေး။ ။ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် မပန်ဆယ်လို ဆောင်ရွက်နေတာတွေ အကျဉ်းချုံးပြီး သိပါရစေခင်ဗျ။
ဖြေ။ ။ ပြောရမယ်ဆိုရင် ဒီအသက်အရွယ်၊ ဒီအပိုင်းအခြား ကျွန်မနိုင်ငံရေးသမားတယောက်အနေနဲ့ လှုပ်ရှားခဲ့တာမဟုတ်ဘူး။ အနေအထားတစ်ခုအရ ခေတ်စနစ်တစ်ခုအရ အခုလိုမျိုး နိုင်ငံရေးကို စိတ်ဝင်တစားရှိတဲ့ လူငယ်တယောက်အနေနဲ့ ကျွန်မဖြစ်ချင်တာတွေ၊ ကျွန်မနိုင်ငံနဲ့ပတ်သက်ပြီး မျှော်လင့်တာတွေ ရေးသားရင်းနဲ့ စစ်တပ်ရဲ့ အာရုံစူးစိုက်မှုကို ရရှိထားပြီးတော့ အဲ့အချိန်ကနေ ဒီဘက်ခြမ်းကို ပိုပြီးတော့ တွန်းပို့လိုက်သလို ဖြစ်သွားခဲ့တယ်။ အဲ့ဒီကနေပြီး လူထုရဲ့အာရုံစိုက်မှုကိုလည်း ကျွန်မရလာတယ်။ ကျွန်မမှာ Popularity တစ်ခုရှိတယ်။ တိုင်းပြည်က စစ်အာဏာအသိမ်းခံရချိန်မှာ လူထုနဲ့ကျွန်မရဲ့ကြားထဲက communication က မြန်ဆန်တယ်၊ ပျံ့နှံ့လွယ်တယ်။ အဲဒီအတွက် ကျွန်မပုခုံးပေါ် ရောက်လာတဲ့ တာဝန်သည် လူထုနဲကျွန်မတို့ကြားထဲမှာ အရေးတော်ပုံ လှုပ်ရှားသူတွေကြားထဲမှာ၊ ဒီမိုကရေစီလှုပ်ရှားသူတွေ ကြားထဲမှာ တော်လှန်ရေးသမားတွေကြားထဲမှာ သတင်းအချက်အလက်တွေ မြန်ဆန်ပျံ့နှံ့ဖို့ စိတ်ဓာတ်အင်အားမြှင့်တင်ဖို့နဲ့ သတင်းစီးဆင်းမှု အပိုင်းနဲ့တော်လှန်ရေးမှာ ပါဝင်နေသူတွေရဲ့လှုပ်ရှားမှုတွေကိုပြည်သူတွေ အမြဲမပြတ်သိရှိနေဖို့နဲ့ နောက်တစ်ခုကတော့ ပြည်သူတွေရဲ့ စိတ်ဓာတ်အင်အားမြှင့်တင်မှုအပိုင်းကို ကျွန်မအဓိကထား ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကျွန်မတို့အနေနဲ့ ဒီတော်လှန်ရေးမှာ မရှိမဖြစ် လိုအပ်နေတာသည် တော်လှန်ရေးအတွက် မရှိမဖြစ်လိုအပ်နေတဲ့ အရာတွေအတွက်ကို ပြည်သူတွေရဲ့ ဝိုင်းဝန်းထောက်ပံ့ချင်မှုတွေကို စုစည်းပေးနိုင်ဖို့လိုအပ်နေတယ်လို့ ကျွန်မမြင်လာတယ်။ အဲ့အတွက် ကျွန်မဒီရန်ပုံငွေ ရှာဖွေရေးအပိုင်းကို ဇောက်ချပြီး ဆောင်ရွက်ခဲ့ပါတယ်။
မေး။ ။ အဲ့တော့ ဒီရန်ပုံငွေ ရှာနေတာ ဘယ်လောက်လောက်အောင်မြင်မှု ရရှိနေပြီလဲ ခင်ဗျ။
ဖြေ။ ။ အခုဆိုလို့ရှိရင် ပြီးခဲ့တဲ့ နှစ်ကနေစပြီး ၂၀၂၁၊ ၅ လပိုင်းဝန်းကျင်ကနေစပြီး ဒီနေ့ထိ ကျွန်မလှုပ်ရှားလာခဲ့တာ အားလုံးပေါင်း စုစုပေါင်း ပေါင်းလိုက်ရင် အမေရိကန်ဒေါ်လာ ရှစ်သန်းဝန်းကျင်လောက်အထိ ရှာဖွေနိုင်ခဲ့ပါပြီ။
မေး။ ။ ဟုတ်ကဲ့ အဲ့ဒီငွေတွေကိုကော မပန်ဆယ်လိုက ဘယ်လိုပြန်ပြီး ပေးပို့ပါသလဲခင်ဗျ။
ဖြေ။ ။ အမေရိကန် ရှစ်သန်းထဲမှာ NUG ဘွန်း ရောင်းချရငွေတွေ ပါဝင်တယ်။ ကျွန်မတို့ရဲ့ ပရောဂျက်တွေ ပါဝင်တယ်။ အများစုကတော့ ကျွန်မတို့ရဲ့ ဒီအမျိုးသားညီညွတ်ရေးအစိုးရဆီကို တိုက်ရိုက်စီးဆင်းပြီးတော့ အဲ့ဒီကနေတစ်ဆင့် ဒေသကာကွယ်ရေးအဖွဲ့တွေ ပြီးတော့ ပြည်သူကာကွယ်ရေးအဖွဲ့တွေကို စီမံစီးဆင်းပါတယ်။
မေး။ ။ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့လက်ရှိဆောင်ရွက်မှုတွေကိုကော မပန်ဆယ်လိုက ဘယ်လို သဘောထားပါသလဲ ခင်ဗျာ။
ဖြေ။ ။ အခုလိုမျိုးတော်လှန်ရေးကာလအတွင်းမှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့တော့ ကျွန်မတို့တတွေက ပြောရမယ်ဆိုရင် ဒါ နှစ်နှစ်သားအစိုးရဖြစ်တယ်။ နောက်တစ်ခုက တော်လှန်ရေးလိုမျိုး အခက်အခဲကြားထဲမှာ ပေါ်ပေါက်လာတဲ့ အစိုးရတစ်ရပ်ဖြစ်တယ်။ အဲ့အခြေအနေတွေမှာ ကျွန်မတို့ရဲ့ဖြစ်ချင်မှုတွေ ဘာဖြစ်လို့လဲဆိုတော့ နေ့စဉ်နေ့တိုင်းမှာ ပေးဆပ်နေရတာတွေသည် အသက်တွေ သွေးချွေးတွေဖြစ်တယ်။ အဲ့တော့ လူထုရဲ့ အမြင်မှာ ကျွန်မတို့တွေက အမြန်ဖြစ်ချင်တယ်။ မြန်မြန်အောင်မြင်ချင်ကြတယ်။ ကျွန်မကိုယ်တိုင်လည်း တစ်သဘောတည်းရှိပါတယ်။ ဒါပေမယ့် တစ်ဖက်ခြမ်းမှာလည်း ဒီအခက်အခဲကြားထဲကနေ လုပ်ဆောင်နေရတဲ့ အခြေအနေမှာ ဒီအခြေအနေ ဒီအတိုင်းအတာအထိ လျှောက်လှမ်းနိုင်ခဲ့တာသည် အားနည်းချက်တွေ ရှိနေပေမယ့် ဒီအချိန်ကာလမှာ အဆင်ပြေဆုံးနဲ့ အထိုက်တန်ဆုံး အစိုးရတစ်ခုကို ရရှိထားတယ်လို့ ယူဆတယ်။ အားနည်းချက်တွေရှိတယ်ဆိုတာကိုလည်း ကျွန်မကိုယ်တိုင် ဝေဖန်တယ်၊ ထောက်ပြတယ်။ နောက်တစ်ခုက ဝေဖန်ထောက်ပြမှုတွေ ပြုလုပ်ပေမယ့် ကျွန်မတို့က ဒီတော်လှန်ရေးမှာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ကျွန်မတို့ရဲ့ ဦးဆောင်သူတွေ နောက်ကနေပြီးတော့ တစိုက်မတ်မတ်နဲ့ လိုက်ရမှာဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ ပြောရမယ်ဆိုရင်တော့ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် အထိုက်အလျောက် ကျေနပ်စရာကောင်းတယ်လို့ မြင်ပါတယ်။
မေး။ ။ မပန်ဆယ်လို အခုပြောသွားတဲ့အထဲမှာ ညီညွတ်မှုဆိုတဲ့ စကားပါတယ် ခင်ဗျ။ အဲ့တော့ လက်ရှိ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးလုပ်ဆောင်နေတဲ့ လူပုဂ္ဂိုလ်ကိုယ်အားလုံးရဲ့ ညီညွတ်ရေးကို ခြုံငုံပြီး မပန်ဆယ်လို ဘယ်လိုမြင်လဲ ခင်ဗျ။
မေး။ ။ လူအားလုံးဆိုတဲ့ အခါမှာတော့ ကျွန်မအနေနဲ့ ဒါအငြင်းပွားစရာတော့ ရှိတယ်ပေါ့နော်။ တော်လှန်ရေးဘက်အခြမ်းထဲမှာကို ဒီစကစ ကလွှတ်ထားတဲ့သူတွေ ဒါမျိုးတွေ ရှိမနေနိုင်ဘူးလို့ ကျွန်မတို့ ပြောလို့ မရဘူးရှင့်။ လူအားလုံးဆိုတဲ့ အရာပေါ်မှာ ဘယ်လိုလူတွေလဲဆိုတဲ့ဟာကို ကျွန်မတို့ ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ လိုတယ်။ အဲဒီအပေါ်မှာ တိကျခိုင်မာတဲ့ သက်သေတွေ ရှိမယ်ဆိုလို့ရှိရင် တော်လှန်ရေးပေါ်မှာ မရိုးသားတဲ့ အရာတွေ တော်လှန်ရေးပေါ်မှာ ဖျက်ဆီးဖို့ စီမံဝင်ရောက်လာတဲ့သူတွေဆိုရင်တော့ ကျွန်မတို့ ထောက်ပြဖို့လိုအပ်တယ်။ အဲ့ဒီအရာသည် ညီညွတ်ရေးကို ထိခိုက်တာ မဟုတ်ဘူး။ ညီညွတ်ရေးနဲ့ မဆိုင်ဘူး။ ညီညွတ်ရေးမှာ ကျွန်မတို့ ဒီတော်လှန်ရေးကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်စေချင်တဲ့ စိတ်ရင်း စေတနာသန့်သန့်နဲ့ တော်လှန်ရေးအတွက် ကြိုးစားနေတဲ့သူတွေ ညီညွတ်ဖို့ လိုတာ။ တော်လှန်ရေးကို ဖျက်ဆီးချင်လို့ ပူးဝင်ပူးသတ်လာတဲ့သူတွေနဲ့ ညီညွတ်တာသည် ကျွန်မတို့တော်လှန်ရေးအတွက် အန္တရာယ်တစ်ရပ်ပဲလို့ ယူဆပါတယ်။ အဲ့တော့ တစ်ခါတစ်ရံကျလို့ရှိရင် ကျွန်မတို့တတွေက သွေးကွဲမယ်လို့ မြင်ကြတယ်။ ဒါပေမယ့် ကျွန်မတို့တတွေဆီမှာရှိတဲ့ သွေးပုပ်တွေကို ဖြုတ်ချပြစ်ဖို့လိုတယ်၊ ဖောက်ထုတ်ပစ်ဖို့လိုတယ် ဆိုတာကိုလည်း ကျွန်မဒီနေရာက ပြောကြားချင်ပါတယ်။
မေး။ ။ မပန်ဆယ်လို အခုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့နေရာမှာ ဘယ်လိုအခက်ခဲတွေကော ရှိလဲ ခင်ဗျ။
ဖြေ။ ။ တော်လှန်ရေးဆိုတဲ့သဘောကိုက ကျွန်မတို့ကို ဖိနှိပ်သူတွေရှိလို့ တော်လှန်ရတာ။ အဲဒီအခါကျတော့ ဖိနှိပ်မှုမျိုးစုံကိုတော့ ရင်ဆိုင်ရပါတယ်။ အထူးသဖြင့် အခုဆောင်ရွက်တဲ့ကိစ္စတွေမှာ စစ်အာဏာသိမ်းတဲ့ အချိန်ကစပြီး ကျွန်မတို့ကို ဖိနှိပ်ခဲ့တယ်။ မြန်မာပြည်သူတွေ အားလုံးနည်းတူ ကျွန်မလည်း ဒီထဲက ဖိနှိပ်ခံရတဲ့ တစ်ယောက်အပါအဝင် ဖြစ်ခဲ့တယ်။ ပါဆင်နယ် ခံစားချက်ကို ပြောရင်တော့ ကိုယ့်ရဲ့လူမှုဘဝမှာ ဖိနှိပ်ခံရတာတွေ ဆုံးရှုံးမှုတွေ ရှိသလို ဒါသည်လည်း ပြောရမယ်ဆိုရင် အများထဲက တစ်ယောက်ဖြစ်တဲ့အတွက် ဒါသည်လည်း စွန့်လွှတ်မှုတွေ ပေးဆပ်မှုတွေ မဟုတ်ပါဘူး။ အားလုံးနဲ့ အတူတူပါပဲ။ ဒါပေမဲ့ တော်လှန်ရေးမှာ လုပ်ဆောင်ရတဲ့အခါမှာ အခက်အခဲတွေကတော့ ပုံမှန်အချိန်ကာလတွေထက် ပိုခဲ့တယ်။ ကျွန်မတို့ဆိုလို့ရှိရင် Psychology Warfare အတွက်ပဲဖြစ်ပစေ။ စိတ်ဓာတ်မြှင့်တင်ရေးအတွက်ပဲဖြစ်ပစေ စာတွေရေးရတဲ့ အခါမှာဆိုရင် အတိုက်အခိုက်တွေက အရင်တုန်းကထက်ပိုပြီးတော့များတယ်။ ပိုပြီးတွေ့ရတယ်။ အရင်တုန်းက အတိုက်ခိုက်တွေဆိုတာက ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်တာ ဆဲဆိုတာ ဒီဟာတွေအပြင် ကျွန်မတို့က ဒီကာလတွေမှာ ဆိုရင် ပြင်ပမှာ ရှိတဲ့အန္တရာယ်တွေကိုပါ သတိထားရတယ်။ နောက်တစ်ခုက မဆီမဆိုင် လူတွေကိုပါ လိုက်ဒုက္ခပေးတဲ့ အဲ့စိတ်ဖိအားတွေကိုပါ ကျွန်မတို့ရတယ်။ ဒါကတော့ ပါဆင်နယ်ပေါ့။ တော်လှန်ရေးဘက်အခြမ်းမှာ ပြောရမယ်ဆိုရင်လည်း ကျွန်မရဲ့ ရန်ပုံငွေရှာဖွေရေးအပိုင်းတွေမှာဆိုလည်း အင်မတန် သတိထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာရှိတဲ့ မြန်မာပြည်သူတွေ ကျွန်မတို့ဆီကို တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ချင်ကြတယ် စိတ်ထက်သန်တဲ့သူတွေ သူတို့ အန္တရာယ်မဖြစ်စေရေးကိုလည်း ကျွန်မတို့မှာ အင်မတန်ဂရုပြုရတယ်။ သူတို့ ပို့လိုက်တဲ့ငွေတွေကလည်း အန္တရာယ်ကင်းကင်းနဲ့ လိုအပ်တဲ့နေရာကို အရောက်ပို့နိုင်ဖို့ ကျွန်မတို့စီမံရတဲ့ အဆင့်ဆင့် ပေါင်းများစွာကလည်း အင်မတန် ရှုပ်ထွေးပါတယ်။ ဒါပေမဲ့ ကျွန်မဖြတ်သန်းနိုင်ခဲ့တယ်။ ကျွန်မရှာဖွေခဲ့တဲ့ အချိန်တောက်လျှောက်မှာ အထိအခိုက်အနည်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ဆောင်ရွက်ရတဲ့အခါမှာ ဖြတ်သန်းနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ စကစ အနေနဲ့ သူ့တို့ရဲ့ဉာဏ်ရည်က ကျွန်မတို့ ဒီဘက်မှာ လှုပ်ရှားနေတဲ့ တော်လှန်ပြည်သူတွေ ပြီးတော့ တော်လှန်ရေးသမားတွေရဲ့ ဦးနှောက် ဉာဏ်ရည်ကို မမှီနိုင်တဲ့အတွက် ကျွန်မတို့ ဒီနေရာထိ ဆက်ပြီးလှုပ်ရှားနေနိုင်တယ်လို့ ပြောချင်ပါတယ်။
မေး။ ။ မနက်ဖြန်ဆုယူမယ်ဆိုတော့ မပန်ဆယ်လို ဆုကို ကိုယ်တိုင်တက်ရောက် ရယူနိုင်ခြင်းမရှိဘူးလို့သိရတယ်။ အဲ့အစီစဉ်ကော ဘယ်လို ရှိလဲ ခင်ဗျ။
ဖြေ။ ။ ကျွန်မဒီကနေပြီး တောင်ကိုရီးယားကို သွားပြီး ဆုလက်ခံရယူဖို့ အဆင်မပြေတဲ့အတွက် စာရေးဆရာမ မရွှေမိုး ကိုရီးယားကနေ ဆုကို တက်ပြီး လက်ခံရယူပေးပါမယ်ရှင့်။ ရရှိလာတဲ့ ဆုကြေးငွေ ဝမ်သိန်း ၁၀၀ ကိုလည်း ကျွန်မတစ်ပြားတစ်ချပ်မှ မယူဘဲ မြန်မာပြည်အတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။
မေး။ ။ မပန်ဆယ်လို ရေးတဲ့စာတွေ ပြောတဲ့စကားတွေမှာ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ ပါဝင်လေ့ရှိတာ မြင်ရပါတယ်။ အဲ့ဒါဘာကြောင့်များလဲ ခင်ဗျ။
ဖြေ။ ။ ခေတ်ကြောင့်လို့ပဲ မြင်ပါတယ် ရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က စိတ်ဓာတ်မြင့်မားတဲ့ ခေတ်စနစ်ကြီးတစ်ခုလုံးကို မရခဲ့ဘူး။ အဲ့ဒီခေတ်စနစ်ထဲက ကြီးပြင်းလာတဲ့ သူတွေ မဟုတ်ဘူး။ နောက်တစ်ခုကကျတော့ လူတွေက ဘာကြိုက်လဲ။ ပြောရမယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေအများဆုံးကြိုက်သည့် အရာသည် ဘာဖြစ်နေလဲ။ ကောင်းကောင်းမွန်မွန်ပြောတာထက် ခပ်ဆတ်ဆတ်ပြောတာကို လူတွေက ရင်ထဲ ထိကြတယ်ရှင့်။ အဲ့အခါကျတော့ ကျွန်မရဲ့ပထမဦးဆုံးစခါစမှာ ပန်ဆယ်လို ဆိုတဲ့နာမည်နဲ့ စာတွေ စရေးခဲ့တာ ဒီနေ့ ဒီချိန်ထိ သွားဖို့ မရည်ရွယ်ခဲ့ဘူး။ ၂၀၁၅ ရွေးကောက်ပွဲ အချိန်ထိပဲ တတ်နိုင်မယ်လို့ အဲ့အချိန်တွေတုန်းက ထင်ခဲ့တယ်။ အဲ့ဒီအချိန်တွေတုန်းက ကျွန်မရဲ့ရည်ရွယ်ချက်သည် ကျွန်မတို့ ဒီမိုကရေစီ ရချင်တယ်။ ဒီမိုကရေစီဆိုတာ ဘာမှန်းသိချင်တယ်။ အဲ့တုန်းက စစ်တပ်က အုပ်ချုပ်နေတာကို မကြိုက်ဘူး။ အဲ့တုန်းက ကျွန်မရဲ့ အသက်အရွယ် အပိုင်းအခြားအရလည်း ကျွန်မတွေးခဲ့တဲ့ အတွေးကလည်း ကျွန်မဒါလုပ်ချင်တယ် စည်းရုံးရေးတွေလုပ်ချင်တယ်။ လူများများသိဖို့လိုတယ် လူတွေဘာကြိုက်လဲ။ လူတွေဒါကြိုက်တယ်။ ကြိုက်တဲ့အရာကို ကျွန်မတို့ပေးတယ်။ နောက်တစ်ခုက အခုလို အချိန်ကာလမှာ အင်မတန်ကိုပဲ ရိုင်းစိုင်းတဲ့ စကားတွေ မပြောဘဲနဲ့ လူယဉ်ကျေးယောင်ဆောင်ပြီးနေတဲ့သူတွေက လူသတ်သမားတွေ ဖြစ်နေကြတယ်။ ပြည်သူတွေ ထောင်ချီပြီးသတ်တယ်၊ သောင်းချီကို ဒုက္ခပေးတယ်။ သိန်းချီဒုက္ခရောက်နေကြတယ်။ သန်းချီ မီးရှို့ခံရပြီး ထွက်ပြေးနေကြတယ်။ အဲ့ဒီလို အခြေအနေမျိုးတွေမှာ ကျွန်မတို့ရဲ့ စိတ်တွေဟာ ပုံမှန် လုံးဝအကောင်းတိုင်းမှာ ရှိမနေနိုင်ဘူး။ ကျွန်မတို့ ပြည်သူတွေရဲ့ ရင်ထဲမှာလည်း အဲ့လိုမျိုးပဲ ခံစားနေရချိန်မှာ ကျွန်မတို့က တစ်နေရာရာမှာ ဖောက်ထွက်ဖြစ်ဖို့လိုတယ်။ ကျွန်မတို့ ဆိုရှယ်မီဒီယာ သုံးစွဲနေတယ်ဆိုတာသည် ပြောရမယ်ဆိုရင် ယဉ်ကျေးတာတော့ အကောင်းဆုံးပါ။ ယဉ်ယဉ်ကျေးကျေး ပြောနိုင်ဆိုနိုင်၊ လူတွေရဲ့ ရင်ထဲကို ထိအောင်ရေးနိုင်သည်တော့ အကောင်းဆုံးပါ။ ဒါပေမဲ့ အမြင်မတူသူတွေကြားထဲမှာ တိုက်ခိုက်မှုတွေကြားထဲမှာ ဒီလို ဘာလို့ဖြစ်လာရတာလဲ မေးမယ်ဆိုလို့ရှိရင်တော့ ပန်ဆယ်လို ဖြစ်ကြည့်ပါလို့ပဲ ကျွန်မပြောချင်ပါတယ်။
မေး။ ။ အခု မပန်ဆယ်လို ဘာတွေ ဆက်လုပ်မလဲ ခင်ဗျာ။
ဖြေ။ ။ ဘာတွေဆက်လုပ်မလဲဆိုတော့ ရန်ပုံငွေရှာဖွေရေးက ကျွန်မရဲ့ ပုံမှန်လုပ်နေကျ။ လက်ရှိမှာဆိုလို့ရှရင် သုံးလဝန်းကျင်လောက် ဆန်ရေ ပရောဂျက် ရရှိတဲ့ပိုက်ဆံတွေကို စီးဆင်းနေတာ စီမံခန့်ခွဲနေတာ။ သုံးလလောက်က ပြီးသွားပြီဆိုတော့ ဒီနှစ်ကုန် ဒီနှစ်အစပိုင်းကစပြီးတော့ ရန်ပုံငွေ ရှာဖွေရေးတွေကို ပြုလုပ်ပါမယ်။ ပွင့်လင်းရာသီရောက်လာပြီဆိုရင် ကျွန်မနေထိုင်ရာ US မှာ တော်လှန်ရေး ရန်ပုံငွေရှာဖွေပွဲတွေ ဆက်လက် တက်ရောက်ဖို့ ရှိပါတယ်။ ပြီးတော့ တော်လှန်ရေးအဆုံးထိ တော်လှန်ရေး အမြန်ပြီးပြတ်ဖို့ အားမလျှော့တမ်းပါဝင်နိုင်ဖို့ကတော့ လတ်တလော ကျွန်မရဲ့အိပ်မက်ပါပဲ။ ကျွန်မတို့နိုင်ငံ ဒီမိုကရေစီ ရရမယ်၊ ကျွန်မတို့ အမြန်ဆုံးအောင်မြင်ရမယ် ဆိုတာကတော့ ကျွန်မလတ်တလောမက်နေတဲ့ အတွေးတိုင်း အိပ်မက်တိုင်းပါ။
မေး။ ။ နိဂုံးချုပ် ဘာများပြောလိုပါသေးလဲ ခင်ဗျာ။
ဖြေ။ ။ ဒီဆုက ကျွန်မရရှိခဲ့တယ် ဆိုပေမယ့် ကျွန်မတော်လို့၊ ကျွန်မဘယ်လိုဖြစ်လို့ ကျွန်မ ဘယ်လိုကြိုးစားခဲ့တယ် ဆိုတာတွေထက် ကျွန်မတို့ မြန်မာနိုင်ငံသားအားလုံးကို ကိုရီးယားနိုင်ငံက ဒီမိုကရေစီလှုပ်ရှားမှုကို အသိအမှတ်ပြုပြီးပေးတယ်လို့ ခံယူပါတယ်။ အဲဒီအတွက်လည်း ဒီက ရရှိတဲ့ငွေအားလုံး နောက်ပြီး ကျွန်မရဲ့စာအုပ် ကိုရီးယားနိုင်ငံမှာ ဘာသာပြန်ထွက်ရှိခဲ့တဲ့စာအုပ်။ အဲစာအုပ်ကတစ်ဆင့် ကျွန်မတို့ နိုင်ငံမှာ ကြုံတွေခဲ့ရတာတွေကို ကိုရီးယားနိုင်ငံသားတွေ သိအောင်ဆောင်ရွက်နိုင်ခဲ့သလို အဲ့ဒီစာအုပ်က ရရှိခဲ့တဲ့စာမူခတွေကိုလည်း တော်လှန်ရေးကို တိုက်ရိုက် လှူဒါန်းခဲ့ပါတယ်။ ဒီဆုက ရရှိခဲ့တဲ့ ဆုကြေးငွေ အားလုံးကိုလည်း ကျွန်မတော်လှန်ရေးကို ပေးပို့သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်မစဉ်းစားထားတာကတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် ချီးမြှင့်တဲ့ ဆုဖြစ်တဲ့အတွက် ကျွန်မတို့နိုင်ငံမှာထိခိုက် မီးသင့်နေတဲ့ ဒေသတွေကို ရည်ရွယ်ပြီးလှူဒါန်းသွားမှာဖြစ်ပါတယ်။
မေး။ ။ ဒီဆုရတဲ့အတွက် ဒီမိုကရေစီရရှိရေးဆောင်ရွက်မှုတွေအတွက် အားရှိလာလား ဘယ်လိုခံစားရလဲ။
ဖြေ။ ။ နည်းနည်းပိုပြီး တာဝန်ကြီးသွားတယ်လို့ ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစပိုင်းမှာ ပြောသွားသလိုပဲ ဘာဆိုပြီး စဉ်းစားထားခဲ့ပြီးတော့ ဒီအခြေအနေအထိ ဒီအလုပ်တွေကို လုပ်ဖြစ်ခဲ့သလဲဆိုတာ အခုချိန်ထိ အဖြေမရှိခဲ့ဘူး။ မတရားတာကို မတရားဘူးလို့ ခံယူတဲ့ ခံယူစိတ်ကလေးတစ်ခုတည်းနဲ့ ဒီဇာတ်လမ်းတွေကို စခဲ့မိတယ်။ ပြီးတော့ ဒီနေရာထိရောက်လာတယ်။ ဒီနေရာဆိုတာက ဒီနေရာမှာ စကားပြောနေတဲ့အထိ ဆက်လုပ်ဖြစ်ခဲ့တယ်။ အဲဒီလိုအခြေအနေမှာ ဒီလိုမျိုးဆုကို ရရှိခဲ့တဲ့အခါကျတော့ ပွင့်ပွင့်လင်းလင်း ပြောလို့ရှိရင် နည်းနည်းတာဝန်ကြီးသလို ခံစားရတယ်။ ဒါပေမယ့် ကိုယ်လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတွေ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေကို အသိအမှတ်ပြုတယ်ဆိုတဲ့ အသိအမှတ်ပြုမှုတစ်ခုကိုတော့ စိတ်ထဲမှာ ကျေနပ်မိတယ်။