ရွေးကောက်ပွဲအောင်နိုင်ခဲ့ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အောက်ခြေလူထုနဲ့ ဆုံးဖြတ်ချက်ချနိုင်မယ့် အစိုးရကြား ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် ယန္တရားတစ်ခု ပေါ်ပေါက်အောင် ကြားဝင်ဆောင်ရွက်လိုကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP)ကို ကိုယ်စားပြုပြီး ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ပြည်နယ်အမှတ် ၂ မဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ဦးပလုရယ်(ခ) ခူးပလုရယ်က ပြောပါတယ်။
သူရဲ့ယှဉ်ပြိုင်ဘက်တွေထဲမှာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ပြည်နယ် စီမံကိန်းနဲ့စီးပွားရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ USDP ပါတီက ဦးတောရယ်လည်း ပါပါတယ်။
မေး ။ ။ ရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။
ဖြေ။ ။ ကျနော်က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရည်ရွယ်ချက်နှစ်ခုရှိတယ်။ ပထမတစ်ခုကတော့ ပြည်နယ်ငြိမ်းချမ်းရေးကို ကျနော်တို့ ပြည်သူလူထုနဲ့အတူ ကြိုးပမ်းဆောင်ရွက်မယ်။ နောက်တစ်ခုက ကယားပြည်နယ်မှာ ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်တဲ့ ဒေသန္တရအုပ်ချုပ်ရေး ယန္တရားတစ်ခု ဖြစ်ပေါ်လာဖို့ အတွက် ပြည်သူနဲ့ အတူပူးပေါင်းဆောင်ရွက်မယ်။ ဆိုတော့ ဒီရည်ရွယ်ချက်နှစ်ခုနဲ့ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။
မေး ။ ။ ရွေးကောက်ပွဲအောင်နိုင်ခဲ့ရင် ဘာလုပ်မလဲ။
ဖြေ။ ။ လုပ်ရမယ့်အထဲမှာမှ နံပါတ်တစ်ဦးစားပေးက လူထုကိုအသိပညာပေးတဲ့ လုပ်ငန်းအစီအစဉ်တွေ ဖြစ်ပါတယ်။
ကျနော်အနေနဲ့ အသိပညာပေးတဲ့ အစီအစဉ်ကို တစ်စိုက်မတ်မတ် လုပ်ချင်တယ်။
ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးရှိမယ် ရပ်မိရပ်ဖရှိမယ် ပြီးရင်တော့ ဘာသာရေးအကြီးအကဲရှိမယ်။ ပြီးရင် လူငယ်ခေါင်းဆောင်ရှိမယ် ဒီလိုရပ်ရွာထဲမှာ အရေးပါတဲ့ ခေါင်းဆောင်တွေ အကြီးအကဲတွေက လူထုကိုယ်စားပြု ပြီးတော့ ငြိမ်းချမ်းရေးမှာ ဘယ်လိုမျိုးပါဝင်ထိန်းသိမ်းမလဲ ဆိုတဲ့ဟာကို ဒါကသေသေချာချာလေး ဝိုင်းဝန်း ဖော်ဆောင်ဖို့လိုတယ် အသိအမှတ်ပြုဖို့လိုတယ်။
ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေ အဓိကကတော့ အစိုးရနောက် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြီးရင် သြဇာအာဏာရှိသူတွေက ဒီဟာကိုအသိအမှတ်ပြုဖို့ လိုသလို ကူညီပံ့ပိုးပေးဖို့လိုတယ်။ သူတို့ကလည်းတာဝန်ယူမှု တာဝန်ခံမှုဆိုတာရှိရမယ် လူထုပါဝင်မှုဆိုတဲ့ကိစ္စမှာ ဒါကလည်း ကျနော်တို့က အောက်ခြေမှာ ငြိမ်းချမ်းရေးကို အတူတကွထိန်းသိမ်းနိုင်မယ် တင်းမာမှုတွေကို လျော့ချနိုင်မယ် လူထုတွေရဲ့ စိုးရိမ်ပူပန်မှု လူထုတွေရဲ့ ထိခိုက် နစ်နာမှုကိုလည်း မဖြစ်အောင် ပိုပြီးတားဆီးနိုင်မယ် ကြိုတင်ကာကွယ်နိုင်မယ်။ အဲလိုမျိုးပုံစံနဲ့ ကျနော် အနေနဲ့ကတော့ ဒီအလွှာသုံးလွှာကို ပိုပြီးတော့ ဆက်ဆံရေးနဲ့ ယုံကြည်မှုတွေကောင်းအောင် ကြားဝင်ပြီးတော့မှ ချိတ်ဆက်ပေးတာမျိုးတွေ လုပ်ချင်တယ်။ လုပ်ပေးဖို့လည်းရနိုင်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ထားတယ်။ ဒီအောက်ခြေမှာပေါ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အဲလိုစီစဉ်ထားတယ်။
မေး ။ ။ အခုစည်းရုံးရေးကာလမှာ ဘာတွေလုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ အခုကတော့ ကိုဗစ်ကာလဖြစ်တဲ့ အတွက်ကြောင့် လူစုလူဝေးနဲ့တော့ တွေ့ဆုံစည်းရုံးလို့မရဘူးပေါ့။ ဒါပေမဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ပြဌာန်းထားတဲ့ စည်းကမ်းချက်နဲ့အညီ UECက ထုတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အညီ ကျနော်တို့ မဲဆန္ဒနယ်မှာရှိတဲ့ ကျေးရွာအသီးသီးကို သွားပြီးတော့မှ လူဦးရေ အကန့်အသတ်နဲ့ ပါတီမူ ဝါဒပြီးတော့ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီတွေရဲ့ ရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ ဒါရှေ့ဆက်ဘာလုပ်မလဲ လူထုနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မလဲ လူထုနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မလဲဆိုတာကို သေသေချာချာ သွားလုပ်နေတယ်။ ပြီးတော့ ကျနော်တို့ နောက်တစ်ခုလုပ်နေတာက မဲဘယ်လိုထည့်ရမလဲဆိုတာ ဒီစည်းရုံးရေးကာလမှာ သွားရင်းနဲ့ အချိန်ယူပြီးတော့မှ ကမ်ပိန်း သဘောမျိုးနဲ့ ကျနော်တို့လုပ်နေတယ်။
မေး ။ ။ ပြိုင်ဘက်တွေထဲ ပြည်နယ်ဝန်ကြီးဟောင်းပါတဲ့အပေါ် ဘာပြောချင်လဲ။
ဖြေ။ ။ကျနော်တို့က နိုင်ငံရေးလို့ပြောတဲ့အခါ ရွေးကောက်ပွဲဝင်တဲ့အခါ ပိုပြီးတော့ကောင်းတဲ့ ပြိုင်ဘက်တွေနဲ့ ပြိုင်ရတဲ့အပေါ်မှာ ကျတော့အတွက်ကတော့ ပိုပြီးတော့မှ ပညာရတယ်။ အကယ် ကျနော်အနိုင်ရရှိခဲ့ရင် ပိုပြီးတော့မှ ကျနော် လုပ်ဆောင်နိုင်စွမ်းရှိတဲ့ဟာကို ပိုပြီးလုပ်နိုင်ဖို့အတွက် တွန်းအားတစ်ရပ်ဖြစ်တယ်လို့ ကျနော်ပြောချင်တယ်။ ချုပ်ပြီးပြောရမယ်ဆိုရင် ဒီလိုပြိုင်ဘက်ကောင်းတွေနဲ့ ပြိုင်ရတဲ့အတွေ့အကြုံနဲ့ ရလဒ် ဘယ်လိုဘဲထွက်ထွက် ကျနော်အတွက်ကတော့ ပိုပြီးတော့မှ နိုင်ငံရေးမှာ တွန်းအားတစ်ခု တကယ့်ပြည်သူအတွက် ကျနော်ပြည်နယ်အတွက် ဒီတိုင်းရင်သားလူမျိုးတွေအတွက် လုပ်ဖို့အတွက် တွန်းအားကောင်း တစ်ခုဖြစ်တယ်လို့ ကျနော်အဲလိုဘဲ မြင်ပါတယ်။ သူတို့လည်းအဲလိုဘဲ ကြိုးစားပြီး ပြိုင်ကြမယ်လို့ ကျနော် အဲလိုပဲနားလည်တယ်။ သူတို့ဆီကနေ ပညာတွေရယူနိုင်တဲ့ အပိုင်းလည်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ အကောင်းဆုံပြိုင်မယ်။ နိုင်မယ်လို့ယုံကြည်တယ်။