စစ်ခေါင်းဆောင်တွေဟာ ရွေးစရာမရှိတဲ့ အခြေအနေရောက်မှ သူတို့လုပ်ရပ်တွေကို ရပ်တန့်ပါလိမ့်မယ်

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021.07.30

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေဟာ အခြားရွေးချယ်စရာ မရှိတဲ့ အခြေအနေရောက်မှ သူတိုရဲ့ လုပ်ရပ်တွေကို ရပ်တန့်လိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက RFA မြန်မာပိုင်းနဲ့ သီးသန့် မေးမြန်းရာမှာ ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းမှုနဲ့ ကပ်ရောဂါဘေးကြောင့် အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံကို ကုလသမဂ္ဂဦးဆောင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဝင်ရောက်ခွင့်ရဖို့ ဘယ်လို အခြေအနေ ရှိသလဲဆိုတာကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA - ဟုတ်ကဲ့။ အခု မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး လူကြီးမင်းအနေနဲ့ ဘာများ ပြောပြနိုင်မလဲခင်ဗျ။

■ ခုချိန်မှာ မြန်မာနိုင်ငံအခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့အတွင်းမှာ အလွန့်အလွန်ကို စိုးရိမ်ပူပန်နေကြပါတယ်။ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ ပေါက်ကွဲသလို ဖြစ်ပေါ်နေပါတယ်။ ရောဂါကူးစက်ခံရသူနဲ့ ရောဂါကြောင့် သေဆုံးသူ အရေအတွက်တွေကို အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ရောဂါဖြစ်ပွားမှုတွေ အရင်ကထက် အဆပေါင်းများစွာ တိုးလာနေတာ သေချာပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေဟာ အလွန်အန္တရာယ်ရှိနေပြီး၊ ကျွန်တော်တို့ အာလုံး အလွန်မှပဲ စိုးရိမ်ပူပန်နေကြပါတယ်။

RFA - ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့တွေ မြန်မာနိုင်ငံကို ဝင်ရောက်ပြီး လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့အတွက် အာဏာသိမ်းစစ်ကောင်စီက ခွင့်ပြုဖို့ အလားအလာ ဘယ်လိုရှိပါသလဲ။

ဟုတ်ပါတယ်။ ဒါက ခုချိန်မှာ အရေးအကြီးဆုံး မေးခွန်းပါ။ ခုချိန်မှာ မြန်မာ ပြည်သူတွေ အရေးတကြီး လိုအပ်နေတဲ့ အကူအညီတွေ ပေးနိုင်ဖို့ စစ်ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်က အရေးအကြီးဆုံး ဖြစ်နေပါတယ်။ အဖြစ်သင့်ဆုံးကတော့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေဘက်က အလျော့ပေးလိုက်မယ်ဆိုရင် တရားဝင်ရွေးကောက်ခံထားရတဲ့ အစိုးရကို အာဏာလွှဲအပ်ပြီး၊ အရေးပေါ် အကူအညီတွေချက်ချင်း စပေးနိုင်ဖို့ အတွက်ပါ။ အာဏာသိမ်းမှု မဖြစ်ခင်က မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေကို အစောဆုံး စတင်နိုင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြည်သူတွေကိုဗစ် ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တွေကိုလည်း ချမှတ်ထားပြီး စတင်ဖို့ အသင့်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းလိုက်တဲ့နောက် ဒါတွေအားလုံး ပြိုလဲသွားပါတယ်။ ရောဂါကုသဖို့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် တစ်ခုလုံး ပြိုလဲသွားတာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေအနေနဲ့ အာဏာသိမ်းထားတာ အလျော့ပေးဖို့ မဖြစ်နိုင်ဘူးဆိုရင် လုပ်ပေးလို့ ရမယ့် နောက်တစ်ဆင့်ကတော့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်နေတာတွေကို ရပ်တန့်ပေးဖို့ပါ။ အခု ကျွန်တော် ဒီစကားပြောနေတဲ့ အချိန်မှာပဲ ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်တာ ဖမ်းဆီးထိန်းသိမ်းတာတွေ ဆက်ဖြစ်နေပါတယ်။ စစ်ခေါင်းဆောင်တွေဟာ ဒီလို အလုံးစုံပျက်စီးစေတဲ့ လမ်းကြောင်းကို ဆက်လျှောက်နေသရွေ့ မြန်မာ ပြည်သူတွေ လိုအပ်နေတဲ့ အကူအညီတွေပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း စစ်ခေါင်းဆောင်တွေဆီကို ပေါက်ရောက်တဲ့သူတွေအနေနဲ့ ဒီအနည်းဆုံးလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ တိုက်တွန်းပေးပါလို့ ပြောချင်ပါတယ်။

RFA - လူကြီးမင်းအနေနဲ့ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံအတွက် အရေးပေါ်ညွ့န်ပေါင်းအဖွဲ့ Emergency coalition အဖွဲ့ ဖွဲ့စည်းဖို့ တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။ ဒီ Emergency coalition အဖွဲ့ ဖွဲ့စည်းနိုင်ဖို့ရော ဘယ်လို အခြေအနေရှိပါသလဲ။ နောက်ပြီး ဒီအဖွဲ့က မြန်မာနိုင်ငံအတွက် ဘယ်လို အပြောင်းအလဲတွေ ဆောင်ကျဉ်းပေးနိုင်မယ်လို့ မျှော်လင့်ပါသလဲ။

ကျွန်တော့်အနေနဲ့တော့ ဒီ Emergency coalition အဖွဲ့ကို ဖွဲ့နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေကို ဆက်လက်ပြီး တိုက်တွန်းဖို့ လိုပါတယ်။ ဒီ အဖွဲ့ကနေ လုပ်ပေးနိုင်တာ အဓိက နှစ်ခုရှိပါတယ်။ ပထမတစ်ခုက အခုဖြစ်ပွားနေတဲ့ ကပ်ရောဂါအကြပ်အတည်းကို တိုက်ဖျက်ရာမှာ ကမ္ဘာ့နိုင်ငံအားလုံး စုစည်းပြီး၊ ညီညွတ်မှုရှိတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ ဖြစ်လာအောင် လုပ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတကာက အကူအညီတွေ ဝင်ရောက်လို့ ရတဲ့ အခြေအနေ ဖြစ်လာအောင် ဝိုင်းလုပ်ပေးဖို့ပါ။ နောက်တစ်ခုကတော့ မြန်မာ စစ်ခေါင်းဆောင်တွေကို တညီတညွတ်တည်း ဝိုင်းဝန်းပြီး ဖိအားပေးတဲ့နေရာမှာ အထောက်အကူ ဖြစ်နိုင်ပါတယ်။ အခုအချိန်မှာ ကမ္ဘာ့နိုင်ငံတွေက မတူညီတဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ လက်နက်ရောင်းချမှု ပိတ်ပင်တာတွေကို ပုံစံအမျိုးမျိုးနဲ့ လုပ်နေကြပါတယ်။ ဒီအရေးယူ ပိတ်ဆို့မှုတွေဟာတစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှု မရှိသလို၊ စုစည်းညီညွတ်မှုလည်း မရှိပဲ ဖြစ်နေပါတယ်။ စစ်ခေါင်းဆောင်တွေကို အမြင့်ဆုံး ဖိအားပေးနိုင်ဖို့ ဆိုရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ချိတ်ဆက် ဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ဗိုလ်ချုပ်တွေဟာ တစ်နေ့နေ့မှာ သူတို့ ရဲ့ လုပ်ရပ်တွေ မှားယွင်းနေတာကို နားလည်သဘောပေါက်လာပြီး၊ အကြောက်တရားနဲ့ အုပ်ချုပ်နေတာကို ရပ်တန့်ပေးမယ့် အနေအထားမရှိပါဘူး။ သူတို့အတွက် အခြား ရွေးခြယ်စရာ မရှိတော့တဲ့ အခြေအနေရောက်လာအောင် ဖိအားပေး ခံရမှသာ သူတို့ လုပ်ရပ်တွေ ရပ်တန့်ပါလိမ့်မယ်။ အခုဆိုရင် မြန်မာ စစ်ခေါင်းဆောင်တွေကို စေ့စပ်ညှိနှိုင်းရေး စားပွဲကို ရောက်လာအောင် ကြိုပမ်း အားထုတ်မှုတွေ ရှိခဲ့တာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် အဓိပ္ပယ်ရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်လာဖို့အတွက် ဆိုရင် ဒီ စစ်ခေါင်းဆောင်တွေအပေါ်မှာ လုံလောက်တဲ့ ဖိအားပေး တိုက်တွန်းမှုတွေ ရှိမှ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လဲ မြန်မာပြည်သူတွေအတွက် ရပ်တည်ပြီး၊ စစ်ခေါင်းဆောင်တွေကို ဖိအားပေးမယ့် ကမ္ဘာ့နိုင်ငံတွေ ပါဝင်ထားတဲ့ emergency coalition အဖွဲ့ကို ဖွဲ့စည်းနိုင်ဖို့အတွက် တစိုက်မတ်မတ် တိုက်တွန်းနေတာဖြစ်ပါတယ်။

RFA - မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် အမေရိကန်နဲ့ အခြားအင်အားကြီး နိုင်ငံတော်တော်များများက အာဆီယံရဲ့ five point consensus သဘောတူညီချက်အတိုင်း ဆက်သွားဖို့ သဘောတူထားတာ တွေ့ပါတယ်။ ဒီ five point consensus သဘောတူညီချက်တွေကရော ဘယ်လောက် အောင်မြင်ဖို့ အလားအလာရှိမယ် ထင်ပါသလဲ။

ကျွန်တော်တို့ အရှိကို အရှိအတိုင်းရင်ဆိုင်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၄ရက်က ဂျကာတာမှာ ရခဲ့တဲ့ ဒီ five point consensus သဘောတူညီချက်တွေဟာ တကယ်တော့ သဘောတူညီချက်တောင် မဟုတ်ပါဘူး။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီ သဘောတူညီချက်ရသွားတာကို ဝါဒဖြန့်ဖို့အတွက် အကြီးအကျယ် အသုံးချခဲ့ပါတယ်။ ဒါ့အပြင် သူက မြန်မာနိုင်ငံကို ပြန်ရောက်တာနဲ့ ဒီ သဘောတူညီချက် တွေကို ဖျက်သိမ်းပြီး၊ သူ ကတိပေးထားတဲ့ သူတွေ အားလုံးကို အလေးမထားကြောင်း ပြသလိုက်ပါတယ်။ ဒါဟာ တော်တော် အရှက်အကြောက်ကင်းမဲ့တဲ့ လုပ်ရပ်ပါပဲ။ ကျွန်တော်တို့အားလုံး ဒီ အကြပ်အတည်းကို ဖြေရှင်းဖို့ ကြိုးပမ်းအားထုတ်မှုတွေ အားလုံးကို စစ်ခေါင်းဆောင်တွေက အလေးမထားပဲ ပြန်ဖျက်သိမ်းနေမယ်ဆိုရင် ဘယ်လိုမှ တိုးတက်မှု မြင်ရမှာ မဟုတ်ပါဘူး။

ဒါကြောင့်လည်း တိုးတက်ဖြစ်ထွန်းမှုတွေ မြင်ရဖို့ တစ်ခုတည်းသော နည်းလမ်းက စစ်ခေါင်းဆောင်တွေ ဘေးကြပ်နံကြပ်ဖြစ်ပြီး အလျော့မပေးလို့ မရတော့တဲ့ အခြေအနေ ရောက်လာအောင် ဝိုင်းဝန်းပြီး ဖိအားပေးကြဖို့ပါ။ ဒီလို လုပ်နိုင်ဖို့အတွက်က ပိုမို ပြင်းထန်ပြီး စုစည်းညီညွတ်မှုရှိတဲ့ နိုင်ငံတကာက ဖိအားပေးလုပ်ဆောင်မှုတွေ ဝိုင်းလုပ်ကြဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

RFA - အခု ကိုဗစ်ရောဂါဒဏ်ကို ခံစားနေရတဲ့သူတွေနဲ့ မြန်မာပြည်သူတွေအားလုံးကို ဘာများပြောချင်ပါသလဲ။

ခုအချိန်မှာ မြန်မာ ပြည်သူတွေ တွေ့ကြုံခံစားနေရတဲ့ အခြေအနေတွေ ဘယ်လောက် ဆိုးရွားပြင်းထန်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်း နားလည်တယ်။ အခုလို ကြုံရတဲ့အတွက် ကျွန်တော် တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်လို့ ပြောချင်ပါတယ်။

မြန်မာနိုင်ငံအကြပ်အတည်းကို နိုင်ငံတကာက တုန့်ပြန်ဆောင်ရွက်မှုတွေဟာ နာကျင်စရာ ကောင်းလောက်အောင် နှေးကွေးနေပါတယ်။ အခုလိုအချိန်တွေ ကြာနေရတဲ့အတွက်လည်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာပြည်သူတွေအနဲ့အတူ ရှိနေပါတယ်။ ဆက်ပြီးတော့လည်း ကြိုးစားနေပါတယ် ဆိုတာသိစေချင်ပါတယ်။ ကျွန်တော်အနေနဲ့ကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ မြန်မာနိုင်ငံ အကြပ်အတည်းကို ဝင်ရောက်ဖြေရှင်းဖို့ လုပ်နေတာတွေ ရှေ့ဆက် တိုးနိုင်ဖို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်ပြီး လုပ်သွားမှာပါလို့ ပြောချင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။