စစ်ကောင်စီတပ်တွေကို အနိုင်ယူဖို့အသင့်ဖြစ်နေပြီလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.04.18

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (PDF ) ၂၅၉ ရင်း ရှိနေပြီး၊ စစ်သည်အင်အား ငါးသောင်းကနေ တစ်သိန်းကြား ရှိနေပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးရည်မွန်က RFA ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မြို့နယ် ၂၅ဝ လောက်မှာလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တွေ ဖွဲ့ထားပြီးဖြစ်သလို၊ LDF–Local Defense Forces ခေါ် လူငယ်တွေ စုဖွဲ့ထားတဲ့ မြို့ပြပြောက်ကျားအဖွဲ့ ၄ဝဝ ကျော်နဲ့လည်း NUG က ချိတ်ဆက်ထားပြီးပြီ လို့ပြောပါတယ်။ အဲဒီ PDF အဖွဲ့တွေနဲ့ တိုင်းရင်းသား မဟာမိတ်အင်အားစုတွေ ပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို အနိုင်ယူဖို့ မိမိတို့ အဆင်သင့်ဖြစ်နေပြီလို့ သူက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။

------
“အင်တာဗျူး ကောက်နုတ်ချက်များ”

၁။ စစ်ကောင်စီသည် PDF တွေကို နိုင်အောင် မတိုက်နိုင်တော့ပါ။

၂။ PDF တပ်ရင်း ၂၅၉ ရင်း ဖွဲ့စည်းပြီးပြီ။ မြို့နယ်အခြေခံ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေကို မြို့နယ် ၂၅ဝ မှာ ဖွဲ့စည်းပြီးပြီ။ LDF (Local Defense Forces) ခေါ် မြို့ပြနဲ့ ကျေးလက်လူငယ်တွေရဲ့ ပြောက်ကျားတပ်ဖွဲ့ ၄ဝ၁ ဖွဲ့ရှိပြီ။

၃။ PDF နဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေကို အနိုင်ယူဖို့ အဆင်သင့်ဖြစ်နေပြီ။

၄။ တော်လှန်ရေးအင်အားစုတွေဟာ ကျေးလက်ကို ထိန်းချုပ်ရာကနေ မြို့ပြတချို့ကိုပါ ထိန်းချုပ်နိုင်တဲ့ အဆင့်တိုးတက်ရောက်ရှိ။

၅။ လက်ရှိ PDF အဖွဲ့ဝင်အင်အား ငါးသောင်းမှ တစ်သိန်းကြားရှိပြီ။ အသေးစိတ်ပြောရန် ငြင်းဆို။

၆။ အခုအချိန်ထိ ကာကွယ်ရေးဝန်ကြီးဌာနအသုံးစရိတ် အမေရိကန်ဒေါ်လာ ၃၄ သန်း ရရှိခဲ့ပြီး ဒီငွေရဲ့ ၈၅ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်ရေးအတွက် သုံးစွဲခဲ့သည်။

၇။ ယင်းမာပင် PDF လို ဥပဒေမဲ့လုပ်ရပ် ကျူးလွန်တဲ့အဖွဲ့တွေကို လိုအပ်သလို စစ်ခုံရုံးနဲ့ စစ်ဆေးမည်။

၈။ လေယာဉ်ကွင်းတချို့ PDF ထိန်းချုပ်မှုအောက် မကြာခင်ရောက်ရှိလာနိုင်သည်။

၉။ EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) ငါးဖွဲ့နဲ့ NUG ကြားမှာ နိုင်ငံရေးနဲ့ စစ်ရေးအပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီး၊ PDF တွေကို လေ့ကျင့်သင်ကြားရေးနဲ့ လက်နက်တပ်ဆင်ရေးအတွက် အကူအညီပေးနေတဲ့ EAO က အနည်းဆုံး နောက်ထပ် လေးဖွဲ့ရှိသည်။

၁ဝ။ AA (ရက္ခိုင့်တပ်တော်) သည် NUG နဲ့ တစ်လှေတည်းစီးနေတယ်လို့ မပြောနိုင်တောင် တစ်ခရီးတည်း သွားနေတဲ့ မိတ်ဆွေကောင်း ဖြစ်သည်။

၁၁။ စစ်ကောင်စီ လက်လွှတ်ထားရပြီဖြစ်တဲ့ လွတ်မြောက်နယ်မြေ နိုင်ငံတစ်ခုလုံးရဲ့ ၅ဝ ရာခိုင်နှုန်းကျော် ရှိနေပြီဖြစ်ပြီး အဆိုပါ စိုးမိုးဒေသတွေမှာ NUG က ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ တရားစီရင်ရေးကို စတင်ဆောင်ရွက်နေပြီ။

၁၂။ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မှာ ဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ် အာဏာရှင်အတွေးအခေါ်ရှိသူတွေနဲ့ ဘယ်လိုအပေးအယူမျှ NUG အနေနဲ့ လုပ်ဆောင်မည်မဟုတ်။

၁၃။ စစ်တပ်ရဲ့ အနာဂတ်ကို လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆုံးဖြတ်ရမည်ဖြစ်သည်။ စစ်တပ်တစ်ခုလုံး ပြိုကွဲပျက်စီးမှုကို ရွေးမှာလား။ ပြည်သူကို စောင့်ရှောက်ပြီး အရပ်သားအစိုးရရဲ့အမိန့်ကို နာခံမည်လား ရွေးချယ်နိုင်သည်။

၁၄။ အမေရိကန်အစိုးရထံမှ ကူညီထောက်ပံ့ငွေ ရရှိလျှင် NUG နဲ့ အမေရိကန်အစိုးရ ညှိနှိုင်းသုံးစွဲမည်။

၁၅။ တော်လှန်ရေးပြီးဆုံးတဲ့အခါ လက်ရှိစစ်ဘေးသင့်ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေအတွက် ပြည်သူ့အစိုးရက အပြည့်အဝတာဝန်ယူစောင့်ရှောက်မည်။

၁၆။ ၂ဝ၂၂ ခုနှစ်အတွင်း PDF နဲ့ မဟာမိတ်တွေလက်တွဲပြီး အရေးကြီးတဲ့ အောင်ပွဲတွေ ရယူမည်။

၁၇။ နွေဦးတော်လှန်ရေးကို အောင်ပွဲနဲ့ အမြန်ဆုံး အဆုံးသတ်ဖို့ NUG ကြိုးစားမည်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။