အာဏာသိမ်းစစ်ကောင်စီကို တရုတ်က တရားဝင် အသိအမှတ်ပြုမှာလား

ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ)
2021.11.27

တရုတ်နိုင်ငံဟာ အာဏာသိမ်း စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုထားတာ မရှိသေးပေမယ့်၊ အာဏာမသိမ်းခင်က အခြေအနေအတိုင်း ပုံမှန်ဆက်ဆံရေး တည်ထောင်ထားပြီးပြီလို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ Country Director ဖြစ်တဲ့ Jason Tower က RFA နဲ့ သီးသန့် မေးမြန်းရာမှာ ပြောပါတယ်။

အခု တရုတ်နိုင်ငံဟာ အာဏာသိမ်း စစ်ကောင်စီ (SAC) ကို မြန်မာ နိုင်ငံအစိုးရအဖြစ် တရားဝင် အသိအမှတ် ပြုကြောင်း မပြောသေးပေမယ့် ပုံမှန်ထိတွေ့ဆက်ဆံမှုတွေ ရှိနေပြီလို့ သိရပါတယ်။ စစ်ကောင်စီ လက် အောက်မှာ တရုတ်-မြန်မာ ဆက်ဆံရေးက အာဏာမသိမ်းခင်က အခြေအနေအတိုင်း ပြန်ဖြစ်နေပြီလား။

“တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ သြဂုတ်လကလောက်တည်းကစပြီး အာဏာမသိမ်းခင်က ဆက်ဆံရေးမျိုး အတိုင်း စစ်ကောင်စီနဲ့ ပြန်တည်ထောင်ထားပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ဦးဆောင်တဲ့ လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကနေ မြန်မာနိုင်ငံမှာလုပ်မယ့် ဖွံ့ဖြိုးရေး စီမံကိန်းတွေ ပုံမှန်အတိုင်း ပြန်စနေပါပြီ။ ပြီးခဲ့တဲ့ သြဂုတ်လက ယူနန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနဲ့ ပူးပေါင်းပြီး တရုတ်-မြန်မာ ကုန်စည်ပြပွဲကို ကျင်းပခဲ့ပါတယ်။ သြဂုတ်လမှာပဲ တရုတ် မြန်မာ သယ်ယူပို့ဆောင်ရေး စင်္ကြန် စီမံကိန်း အကောင်အထည်ဖော်မယ့်အကြောင်း ကြေညာခဲ့ ပါတယ်။ ဒီစီမံကိန်းဖြစ်မြောက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက်လည်း အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေကိုလည်း ကျေးဇူးတင်ကြောင်း တရုတ်အစိုးရ အာဏာပိုင်တွေနဲ့ တရုတ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေက တရားဝင် ပြောခဲ့ပါတယ်။ တရုတ်သံရုံးက ကြေညာချက်တွေထဲမှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင်ကို မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် ဖော်ပြထားပါတယ်။ အာဆီယံနဲ့ ထိပ်သီး အစည်းအဝေးမှာ စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပြုဖို့ အတွက်လည်း အာဆီယံခေါင်းဆောင် တွေကို စည်းရုံးခဲ့ပါတယ်။ ဒါတွေအားလုံးက တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် တွေနဲ့ လက်တွဲပြီး အလုပ်လုပ်ဖို့ ပြဿနာမရှိကြောင်း ပြသနေတာဖြစ်ပါတယ်”

ဘယ်လိုအကြောင်းပြချက်ကြောင့် တရုတ်နိုင်ငံက စစ်ကောင်စီကို လက်ခံပြီး ထိတွေ့ဆက်ဆံနေတာလို့ ထင်ပါသလဲ။

“တရုတ်က စစ်ကောင်စီကို လက်ခံရတဲ့ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ များပြားလှတဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ တရုတ်နိုင်ငံက တည်ဆောက်ထားတဲ့ စီမံကိန်းတွေ တော်တော်များများရှိတဲ့အထဲမှာ မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြီးကို ကာကွယ်ဖို့ လိုပါတယ်။ ဒီပိုက်လိုင်းဟာ ယူနန်ပြည်နယ် စီးပွားရေးအတွက် အရေးကြီးရုံမကပဲ တရုတ်နိုင်ငံ တစ်ခုလုံး စွမ်းအင်ဖူလုံရေးအတွက် မဟာဗျူဟာကျတဲ့ အခြေခံအဆောက်အဦး တစ်ခုဖြစ်ပါတယ်။ ဒီလို အရေးကြီး တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့အတွက် စစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက် ထားဖို့ လိုတယ်လို့ တရုတ်နိုင်ငံက ယုံကြည်ပါတယ်။ နောက်ထပ် အကြောင်းပြချက် တစ်ခုက ကိုဗစ် ၁၉ ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့အတွက်ပါ။ မြန်မာနိုင်ငံနဲ့ ယူနန်ပြည်နယ် နယ်စပ်တလျှောက် ဟာ ကိုဗစ်ရောဂါပိုး တကြော့ပြန် ကူးစက်ပျံ့နှံ့မှုတွေ အဖြစ်များတဲ့အတွက် ရောဂါထိန်းချုပ်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှုရှိဖို့ လိုပါတယ်။ တရုတ်နိုင်ငံလုပ် ကာကွယ်ဆေး အစုံ ၂၄ သန်းကို စစ်ကောင်စီ အာဏာပိုင်တွေဆီကို ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်က ကြည့်မယ် ဆိုရင် ဒီလို ကာကွယ်ဆေးထိုးတဲ့ ကိစ္စမျိုးအတွက် လက်တွဲအလုပ်လုပ်ဖို့ စစ်ကောင်စီအပြင် အခြားရွေး စရာမရှိပါဘူး။ စစ်ကောင်စီရဲ့ တရားဝင်မှုကို ဆုံးဖြတ်ဖို့ထက်၊ ကပ်ရောဂါ ကာကွယ်ရေးအတွက် ဦးစားပေးဖို့ လိုအပ်တယ်လို့ သုံးသပ်ပါတယ်။ နောက်ပြီး တရုတ်နိုင်ငံရဲ့ သူများနိုင်ငံ ပြည်တွင်းရေးကို ဝင်မစွက်ရေး non-interference မူအရ၊ ဘယ်သူ့ကိုတော့ အစိုးရအဖြစ် လက်မခံကြောင်း ထုတ်ပြောဖို့ ခက်ပါတယ်။ လက်တွေ့မှာ တရုတ်ရဲ့ ရပ်တည်ချက်ဟာ မြန်မာပြည်တွင်းမှာ အမှန်တကယ် အာဏာရှိ နေတဲ့ စစ်ကောင်စီဘက်ကို ယိမ်းနေတာ တွေ့နိုင်ပါတယ်။ ဒါကြောင့်လည်း NUG နဲ့ ထိတွေ့ဆက်ဆံဖို့ ကိစ္စကို တော်တော်လေး သတိထားနေတာလည်း တွေ့နိုင်ပါတယ်။ ကျွန်တော်မြင်တာကတော့ တရုတ်နဲ့ ရုရှားတို့ဟာ ပြည်သူက ရွေးကောက်တင်မြောက်ထားတဲ့ ပါတီဘက်က မရပ်တည်ဘဲ၊ အာဏာသိမ်းထားတဲ့ စစ်တပ်ဘက်က ရပ်တည်နေတာကိုက မြန်မာနိုင်ငံအရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ သဘောသက် ရောက်တယ်လို့ မြင်ပါတယ်”

တရုတ်အစိုးရက အမျိုးသား ညီညွတ်ရေး အစိုးရ NUG အပေါ်မှာကော လက်ခံ အသိအမှတ်ပြုမှု အခြေအနေ ဘယ်လိုရှိပါသလဲ။

“တရုတ်အစိုးရက NUG ကို လက်ခံအသိအမှတ်ပြုကြောင်း မပြသဘူးပါဘူး။ တရုတ် ကွန်မြူနစ်ပါတီဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက NLD အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေး ပါတီအချို့နဲ့ ပါတီချင်း ဆက်ဆံ ရေး တည်ထောင်ထားတာတော့ ရှိပါတယ်။ နောက်ပြီး စစ်ကောင်စီက NLD ပါတီကို ဖျက်သိမ်းလိုက်တာ မျိုး မဖြစ်စေချင်ကြောင်း တရုတ်သံရုံးက တရားဝင် ထုတ်ပြောထားတာရှိပါတယ်။ တရုတ်သံရုံးကနေ NUG ကို ဆက်သွယ်ပြောဆိုတဲ့အထဲမှာ NLD ကို မဖျက်သိမ်းဖို့ စစ်ကောင်စီဘက်ကို ဖြောင်းဖြပြောဆို ထားကြောင်း ပြောထားတာ ရှိပါတယ်။ ဒါပေမဲ့ တရုတ်က NUG ကို အသိအမှတ်ပြုကြောင်း ပြသတာ မျိုးတော့ လုပ်မှာမဟုတ်ပါဘူး”

အခုဖြစ်နေတဲ့ မြန်မာနိုင်ငံ အကျပ်အတည်းမှာ တရုတ်နိုင်ငံက ကြားဝင်ပြီး စေ့စပ်ညှိနှိုင်းပေးပြီး သဘောတူညီမှု တစ်ခုခု ရသွားတာမျိုး ဖြစ်နိုင်တယ်လို့ ထင်ပါသလား။

“အဓိက ပြဿနာ တစ်ခုက မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် ဇန်နဝါရီလ ၃၁ ရက်အထိ ရှိခဲ့တဲ့ အခြေအနေအောက်မှာ၊ တစ်နည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ နှစ်ဖက် စေ့စပ်ညှိနှိုင်းဖို့ အားပေးကြောင်း တရုတ်နိုင်ငံက ပြောထားတာရှိပါတယ်။ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းလိုက်ပြီးပါပြီ။ သူတို့က ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ဖို့ဆိုတဲ့ လမ်းကြောင်းပေါ် ရောက်နေကြပါပြီ။ ဒါကြောင့် အာဏာသိမ်း စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းမယ်ဆိုရင် ဘယ်လိုပုံစံအောက်မှာ ညှိနှိုင်းမလဲဆိုတာ ရှုမြင်ပုံ မတူတာ ပြဿနာရှိနေပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် စေ့စပ်ညှိနှိုင်း တဲ့ နည်းလမ်းကို လုံးဝလက်မခံတာကလည်း ပြဿနာဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက စစ်ခေါင်းဆောင် က ဂျကာတာမှာ အာဆီယံ နိုင်ငံတွေကို ပေးခဲ့တဲ့ ကတိကဝတ်တွေထဲမှာ စေ့စပ်ညှိနှိုင်းရေးကနေတဆင့် သဘောတူညီမှုရအောင် လုပ်ဖို့ဆိုတာ ပါပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဒီလိုလုပ်ဖို့ စိတ်ဝင်စားတဲ့ လက္ခဏာ မရှိသေးပါဘူး။ NUG ဘက်ကလည်း ပြည်သူတွေရဲ့ ခုခံကာကွယ်ရေးတိုက်ပွဲလို့ ကြေညာပြီး လက်နက်ကိုင် တိုက်ပွဲဝင်ကြဖို့ ကြေညာထားတာ တွေ့နိုင်ပါတယ်”

မြန်မာနိုင်ငံဟာ တရုတ်အတွက် မဟာဗျူဟာအရ အရေးပါတဲ့အတွက် BRI နဲ့ အကြီးစား စီမံကိန်း တော်တော်များများ ရင်းနှီးမြှုပ်နှံထားတာရှိနေပါတယ်။ အခုအချိန်မှာ ဒီအကြီးစား စီမံကိန်းတွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။

“အခုအချိန်မှာ စစ်ကောင်စီကတော့ တရုတ်နိုင်ငံနဲ့ အစိုးရချင်း သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အကြီးစား စီမံကိန်းတွေကို ရှေ့ဆက်အကောင်အထည် ဖော်စေချင်တဲ့သဘော တွေ့ရပါတယ်။ ဒီအထဲမှာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုံ စီမံကိန်းနဲ့ မြစ်ကြီးနား စက်မှုဇုန်လိုမျိုး စီမံကိန်းတွေ ပါဝင်ပါတယ်။ ဥပမာ ကျောက်ဖြူ ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်မယ့် တရုတ် ကုမ္ပဏီတွေ ဆိုရင် assessment နဲ့ လေ့လာသုံးသပ်တဲ့ အပိုင်းတွေ ပြန်စတော့မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ တကယ့် တကယ် မြေပြင်ပေါ်မှာတော့ လှုပ်ရှားမှု မရှိသလောက်ပါပဲ။ ကိုဗစ်ရောဂါ ဖြစ်ပွားမှုတွေ ရှိနေသေးတာက လုပ်ငန်းပြန်မစနိုင်သေးတာကလည်း အကြောင်းပြချက် တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့် ၂၀၂၂ ခုနှစ်ထဲမှာ ကိုဗစ်ရောဂါ အခြေအနေ ကောင်းလာရင်တော့ တရုတ်ကုမ္ပဏီတွေအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရပါလိမ့်မယ်။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီ လက်အောက်မှာ လက်နက်ကိုင် ပဋိပက္ခတွေ၊ ပိတ်ဆို့အရေးယူမှုတွေ၊ ဘဏ်လုပ်ငန်း ပျက်စီးမှုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် အန္တရာယ် အလွန်များတဲ့ အခြေအနေထဲမှာ ဒီစီမံကိန်းတွေကို ဆက်လုပ်မလား၊ ဖျက်သိမ်းမလားဆိုတာ တရုတ်ကုမ္ပဏီတွေရော၊ အခြား နိုင်ငံတကာ ကုမ္ပဏီအားလုံး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချကြရမှာပါ”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။