ယူရိုငွေ ၈၆ သန်းအမှု ကျောက် မျက်အသင်း စုံစမ်းစစ်ဆေးမယ်

ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေထဲက ပျောက်ဆုံးနေတဲ့ ယူရိုငွေ ၈၆ သန်း ကိစ္စနဲ့ ပတ်သက်လို့ အသင်းအမှုဆောင်တွေရဲ့ အရေးပေါ်အစည်းအဝေးကို ဒီနေ့ မနက်က နေပြည်တော် ကျောက်မျက် သင်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ အသင်းရဲ့အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်ကျော်ဦး ကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုနေရိန်ကျော်။ ။ဦးကျော်ကျော်ဦးရေ -- ဒီနေ့ ကျောက်မျက်အသင်း အမှုဆောင်အရေးပေါ် အစည်းအဝေးခေါ်ထားတာတွေ့လို့ အဲ့ဒါ ဘာတွေများဆွေးနွေးကြတာလဲခင်ဗျ။

ဦးကျော်ကျော်ဦး။ ။ ဒီနေ့က ကျနော်တို့ကိစ္စပဲ အဓိကဆွေးနွေးတာ။ ဆွေးနွေးတော့ အဖြေက ဘယ်လိုလဲဆိုတော့ ဒီနေ့ သူတို့က အပိုင်းနှစ်ပိုင်းခွဲထားတာပေါ့ဗျာ။ တစ်ပိုင်းက ဗဟိုကော်မတီတွေက သုံးစွဲတဲ့ငွေတွေပေါ့၊ လူကြီးတွေသုံးတဲ့ငွေ၊ တစ်ပိုင်းက ကျနော်တို့ အသင်းချုပ်ကိုခွဲပေးလိုက်တဲ့ သုံးတဲ့ ငွေပေါ့နော်၊ အဲ့ဒီထဲမှာ ကျနော်တို့ အသင်းချုပ်ကိုခွဲပြီးတော့ ပို့ပေးလိုက်တဲ့ငွေတွေအားလုံးကိုစစ်ဖို့ အတွက် Board of Enquiry လုပ်မယ်။ ဒီထက်အဆင့်မြင့်တဲ့ အတတ်ပညာရှင်တွေ၊ ရှေ့နေတွေ ခေါ်ပြီးတော့ စစ်မယ်ဆိုတာကို ဥက္ကဌနဲ့တကွ အသင်းသားတွေအားလုံးက သဘောတူတယ်၊ အဲ့ဒီအတွက်ကြောင့် ၁၅ ရက်နေ့မှာ ကျနော်တို့ အဲ့ဒီကော်မတီ ဖွဲ့မယ်၊ ဖွဲ့ပြီးတော့ အဲ့ဒီကော်မတီ ကနေစပြီးတော့ ကျနော်တို့ ပညာရှင်တွေခေါ်ပြီးစစ်မယ်။

ကိုနေရိန်ကျော်။ ။ အဲ့တော့ အသင်းရဲ့ဗဟိုကော်မတီတွေ သုံးတဲ့ငွေကိုကျတော့ ဘယ်လိုစစ်မှာ လဲခင်ဗျ။

ဦးကျော်ကျော်ဦး။ ။ ဟိုဘက်က case ကျတော့ ဦးဝင်းထိန်က သူကရီပို့တင်လိုက်ပြီ၊ တင်လိုက်ပြီဆိုတော့ ဝန်ကြီးဆီတင်တယ်။ ဝန်ကြီးဆီကနေတဆင့် သူရဦးရွှေမန်းတို့ရဲ့ ဥပဒေရေးရာ နဲ့အထူးကိစ္စရပ်များ စုံစမ်းရေးကော်မတီဆီ ရောက်သွားပြီ၊ အဲ့ဒီကနေသူတို့ study လုပ်မယ်၊ ပြီးပြီဆိုလို့ရှိရင် သူတို့ တစ်ခုခုတော့ decision ပေးမှာပေါ့ဗျာ၊ သူတို့ကိုင်တွယ်မယ်ဆိုလဲကိုင်တွယ်၊ မကိုင်တွယ်ဘူးဆိုရင်လည်း cabinet အစိုးရအဖွဲ့ကို တင်လိုက်မှာပေါ့နော်၊ အဲ့တော့ အဲ့ဒီဟာအတွက် ကတော့ သီးခြားသွားနေတာပေါ့။ တလမ်းစီသွားနေတာပေါ့။

ကိုနေရိန်ကျော်။ ။ အဲ့ဒါက ငွေပမာဏက ဘယ်လောက်စီရှိလဲခင်ဗျ။

ဦးကျော်ကျော်ဦး။ ။ အဲ့ဒါတော့ ကျနော်တို့ ဒီ ၉၃ သန်းလုံးရဲ့စာရင်း ရလာပြီဆိုမှသိမယ်လေ။

ကိုနေရိန်ကျော်။ ။ အဲ့ဒီပမာနကိုတော့ မသိရသေးဘူးပေါ့။

ဦးကျော်ကျော်ဦး။ ။ ကျနော်တို့ မသိရသေးဘူး၊ ကျနော်တို့ တောင်းထားတယ်။ တောင်းထားတဲ့ အတွက်ကြောင့် အဲ့ဒီစာရင်းတွေ ထွက်လာပါလိမ့်မယ်၊ မကြာခင်ပေါ့လေ၊ ထွက်လာပြီဆိုရင်တော့ ကျနော်တို့ စုံစမ်းရေးကော်မတီ ဖွဲ့ဖို့အတွက်လည်း ရှေ့နေများကောင်စီက ရှေ့နေကြီးတွေခေါ်မယ်၊ နောက်ပြီးတော့ အင်ဂျင်နီယာ ဆိုလည်း ဆောက်လုပ်ရေးက အင်ဂျင်နီယာတွေရော အပြင်ကအင်ဂျင်နီယာတွေခေါ်မယ်၊ နောက်ပြီးတော့ စာရင်းစစ်ဆိုရင်လည်း ပုဂ္ဂလိကစာရင်းစစ်ကုမ္ပဏီတွေက လူတွေခေါ်သလိုမျိုး အစိုးရဌါနက စာရင်းစစ်တွေ လည်းခေါ်မယ်၊ အဲ့ဒီလူတွေနဲ့ အဖွဲ့ဖွဲ့ပြီးတော့၊ ကျနော်တို့ စစ်မှာပေါ့ဗျာ။

ကိုနေရိန်ကျော်။ ။ အော်-ဟုတ်ကဲ့၊ အဲ့ဒီအဖွဲ့ကရော ဘယ်သူကဖွဲ့မှာလဲ၊ အသင်းကပဲဖွဲ့မှာလား။

ဦးကျော်ကျော်ဦး။ ။ ဟုတ်တယ်။ ကျနော်တို့ အသင်းကပဲဖွဲ့မှာ၊ အသင်းထဲကကိစ္စကို ကျနော်တို့ အသင်းထဲမှာပဲ အရင်စစ်ဆေးမှာပေါ့နော်၊ ဒါကအသင်းထဲမှာချစားတဲ့ကိစ္စကို စစ်ဆေးဖို့ပေါ့၊ ပြီးတော့ အဆောက်အဦးတွေ ဆိုလည်း valuation ပြန်လုပ်မယ်၊ အကုန်လုံးပြီးပြီဆိုမှ ဘယ်လောက်ပဲကျန်တယ်၊ ဘယ်လောက်ပဲဖြစ်တယ် ဆိုတာ ပြန်သွားရမှာပေါ့နော်။

ကိုနေရိန်ကျော်။ ။ ဥက္ကဌနဲ့ တာဝန်ရှိတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအတွက်ကျတော့ ဦးရွှေမန်းတို့ ကော်မတီ ကဆက်ပြီးဖွဲ့မှာပေါ့၊ စုံစမ်းရေးကော်မတီက----။

ဦးကျော်ကျော်ဦး။ ။ ဟုတ်တယ်။ အဲ့ဒါဟိုဘက်က ပြပွဲကျင်းပရေးကော်မတီဘက်က ငွေတွေ ကတော့ လူကြီးတွေဘယ်လောက်ပါသွားတယ်၊ ဘယ်သူတွေယူတယ်၊ ဘယ်သူတွေကို ဘယ်လောက် ပေးလိုက်တယ် ဆိုတာကိုတော့ ဦးရွှေမန်းတို့ ကော်မတီကဖွဲ့ပြီးစစ်မှပဲ အဆင်ပြေမှာလေ။

ကိုနေရိန်ကျော်။ ။ အဲတော့ ဘာပဲပြောပြော နောက်တဆင့်ကတော့ လာမယ့် ၁၅ ရက်နေ့မှာ တစ်ခေါက်သိရမှာပေါ။

ဦးကျော်ကျော်ဦး။ ။ ၁၅ ရက်နေ့ကျရင် ကျနော်တို့ ကော်မတီဖွဲ့မယ်၊ ဘယ်သူတွေပါမယ်၊ ဘယ်သူတွေခေါ်မယ်၊ ဘယ်နှစ်ယောက်ဖွဲ့မယ်၊ အားလုံးပေါင်း ဒီ Board အဖွဲ့ကို ဘယ်လိုစီစဉ်မယ်၊ ဘယ်မှာစစ်မယ်၊ ဘယ်နေ့စမယ် ဆိုတာ ကျနော်တို့ အကုန်လုံးလုပ်မယ်လေ။

ကိုနေရိန်ကျော်။ ။ ဟုတ်ကဲ့၊ အဲတော့ ဒီနေ့လည်း သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတာ လုပ်ဖြစ်လား။

ဦးကျော်ကျော်ဦး။ ။ အဲဒါတော့ သူတို့ဖာသာသူတို့ လုပ်နေပါလိမ့်မယ်၊ ဥက္ကဌကတော့ သူ့ဟာသူ၊ အဓိကကတော့ ကျနော်တို့ဆီက ပါမစ်ရှင်တောင်းတာပေါ့ဗျာ။ ဦးကျော်ကျော်ဦးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ အသင်းချုပ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုတာမဟုတ်ဘူး၊ အသင်းချုပ်ထဲမှာ ရှိတဲ့ အသင်းသားတွေပေါ့ အီးစီ၊ စီအီးစီအနည်းငယ်ကို ကိုယ်စားပြုပြီးလုပ်တာပါဆိုတဲ့ဟာကို သူကသတင်းစာရှင်းလင်းပွဲမှာ ပြောချင်တာပေါ့ဗျာ၊ ကျနော်က ပြောပြလိုက်တယ်လေ၊ ဒီမှာ ဒုဥက္ကဌတွေရော၊ အသင်းခွဲကော်မတီ ဥက္ကဌတွေရော အကုန်လုံးပါနေ တာလေ၊ အဲ့ဒါကျတဲ့အခါ ကျတော့ ဒါဟာ အသင်းရဲ့ အီးစီ၊ စီအီးစီတွေ အကုန်ပါတယ်လေ ဒီထဲမှာ သဘောထား တိုက်ဆိုင်တဲ့ လူလည်းရှိတယ် မတိုက်ဆိုင်တဲ့လူလည်းရှိတယ်လေ။

ကိုနေရိန်ကျော်။ ။ အဲ့တော့ ပြည်ခိုင်ဖြိုးပါတီက တရားစွဲမယ်ဆိုတဲ့ကိစ္စကရော အခုဘာထပ်ကြားသေးလဲ။

ဦးကျော်ကျော်ဦး။ ။ ဘာမှမကြားတော့ဘူးဗျ။

ကိုနေရိန်ကျော်။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ဦးကျော်ကျော်ဦးရေ။ ကျေးဇူးတင်ပါတယ်ဗျာ အခုလိုပြောပြတာ။

ဦးကျော်ကျော်ဦး။ ။ ဟုတ်ကဲ့ပါခင်ဗျ။