ကယားပါတီ ၃ ခုက မဟာမိတ်ပါတီတွေအဖြစ် ပူးပေါင်းတဲ့အကြောင်း မေးမြန်း ချက်


2015.01.14

ကယားပြည်နယ်အခြေစိုက် ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) နဲ့ကယား လူမျိုးစုဒီမိုကရေစီပါတီတို့က မဟာမိတ်ပါတီတွေအဖြစ် ပူးပေါင်းလိုက်ပါတယ်။

အဲ့ဒီပါတီ ၃ ခုက ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ပါတီကြီး ၁ ခုအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ကယားလူမျိုးစုဒီမိုကရေစီပါတီ ဥက္ကဌ ဦးစောဒယ်နီယယ်က ပြောပါတယ်။

ဦးစောဒယ်နီယယ် ကို RFA သတင်းထောက် ကိုနေသွေးက တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုနေသွေး။                        ။ပထမဆုံးအနေနဲ့ ဒီပါတီ ၃ ခုပူးပေါင်းလိုက်တဲ့ အဓိကရည်ရွယ်ချက်လေးကို ကျနော်တို့ သိချင်ပါတယ်ခင်ဗျ။

ဦးစောဒယ်နီယယ်။               ။အဓိကရည်ရွယ်ချက်က ကျနော်တို့ ပြည်နယ်ညီလာခံပါ၊ ပြည်နယ်ညီလာခံကို လုပ်နိုင်ဖို့ ကျနော်တို့က ပူးပေါင်းမှရမယ်လေ၊ ဒီပြည်နယ်ညီလာခံ ကျနော်တို့မလုပ်နိုင်လို့ရှိရင် လူထုရဲ့အသံ ဘာမှကြားရတော့မှာမဟုတ်ဘူး၊ အဲ့ဒါအဓိကရည်ရွယ်ချက်ပါ။

ကိုနေသွေး။                        ။၂ဝ၁၅ ရွေးကောက်ပွဲအတွက်ကော ဆရာတို့ ဒီပါတီ ၃ ခုအနေနဲ့ရော ဘာတွေ လုပ်ဆောင်သွားဖို့ရှိလဲဗျ။

ဦးစောဒယ်နီယယ်။               ။ဒါကကျနော်တို့ ဆက်ညှိဖို့ရှိပါတယ်၊ ကျနော်တို့ လာမယ့်လမှာ ရွေးကောက်ပွဲကိစ္စ ကို နောက်အကျဆုံးအနေနဲ့ မေလအကုန်လောက်မှာ ကျနော်တို့ ၃ ပါတီက ညှိနှိုင်းဖို့ရှိမယ်၊ ဘယ်လိုလုပ်ဆောင် သွားမယ်ဆိုတာ ရှေ့လုပ်ငန်းစဉ်တွေ ကျနော်တို့ ဆုံးဖြတ်ချက်တွေချမယ်၊ သဘောတူညီမှုတွေယူမယ်။

ကိုနေသွေး။                        ။ဆရာတို့မဲဆန္ဒနယ်က ဘယ်နေရာဘယ်ဒေသတွေ ဖြစ်မလဲဗျ။

ဦးစောဒယ်နီယယ်။               ။မဲဆန္ဒနယ် ၇ နယ်လုံး၊ မြို့နယ် ၇ မြို့နယ်လုံးမှာ ကျနော်တို့ဝင်ဖို့ရှိပါတယ်။

ကိုနေသွေး။                        ။၂ဝ၁၅ မှာဆရာတို့ အနိုင်ရရေးအတွက် ပါတီတစ်ခုနဲ့တစ်ခု အပြန်အလှန်ကူညီ သွားမယ်လို့ ဆရာတို့ထုတ်ပြန်ချက်မှာ ရေးထားတာတွေ့ရတယ်ဗျ၊ ဆိုတော့ အဲ့ဒီအခြေအနေကကော ဆရာတို့ ဘယ်လိုလုပ်သွားဖို့ရှိလည်းဗျ။

ဦးစောဒယ်နီယယ်။               ။အဲ့ဒါလည်း ကျနော်တို့လာမယ့် လကျရင်ညှိဖို့ရှိမယ်၊ ကျနော်တို့ သဘောတူညီ ချက်တွေယူမယ်၊ ဆုံးဖြတ်ချက်တွေယူမယ်၊ ပြည်သူလူထုရဲ့ဆန္ဒတွေလည်း ကျနော်တို့ယူပြီးတော့ လုပ်ဆောင် သွားမယ်။

ကိုနေသွေး။                        ။၂ဝ၁၅ ရွေးကောက်ပွဲအလွန်မှာ ဒီပါတီ ၃ ခုကို ပါတီကြီးတစ်ခုဖြစ်အောင် ဆရာတို့သွားဖို့ရှိတယ်ဆိုတဲ့ ဒီထုတ်ပြန်ချက်ထဲမှာ ဆရာတို့ရေးထားတယ်ဗျ၊ ဆိုတော့ အဲ့ဒီအခြေအနေလေး ကကော ဆရာတို့ ဘယ်ဆက်ပြီးတော့လုပ်ဆောင်သွားဖို့ရှိလဲဗျ။

ဦးစောဒယ်နီယယ်။               ။ဒါလည်းကျနော်တို့ ဒီ ၃ ခုက ကျနော်တို့မူဝါဒတွေပြင်မယ်၊ ၃ ပါတီကို တစ်ပါတီဖြစ်အောင်လည်း ကျနော်တို့ ရည်ရွယ်ချက်တွေထားသလိုပေါ့နော်၊ ဒီကိစ္စပြည်သူတွေဆန္ဒအရ ကျနော်တို့ လုပ်တာလည်းပါတယ်၊ ဒါကြောင့်မို့လို့ ပြည်သူတွေရဲ့ သဘောထားတွေပါအောင် ကျနော်တို့လုပ်မှာပါ။

ကိုနေသွေး။                        ။တပြည်နယ်လုံးညီလာခံကိုခေါ်ဖို့က ဒီညီလာခံမှာ ဘယ်လိုအဖွဲ့အစည်းမျိုးတွေ ပါမလဲ၊ ဘယ်လိုလူပုဂ္ဂိုလ်မျိုးတွေ ဖိတ်ကြားဖို့အစီအစဉ်ရှိလဲဗျ။

ဦးစောဒယ်နီယယ်။               ။ကျနော်တို့ နိုင်ငံရေးပါတီအားလုံး ဖိတ်ကြားပါမယ်၊ နောက်လက်နက်ကိုင်အဖွဲ့ အစည်းတွေ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ၊ နောက်တစ်ခါ လူမှုအဖွဲ့အစည်းတွေ၊ CSO တွေ အကုန်လုံးပါလာဖို့ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ် လူရိုသေပြည်သူတွေ ယုံကြည်လေးစားလောက်တဲ့လူပုဂ္ဂိုလ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ ပါလာမှာပေါ့။

ကိုနေသွေး။                        ။ပါတီအကြီးကြီး တစ်ခုဖြစ်လာမယ်ဆိုရင် ရှေ့ဆက်ပြီးတော့ အကောင်အထည်ဖော် မယ့် ရည်ရွယ်ချက်က ဘာဖြစ်မလဲဗျ။

ဦးစောဒယ်နီယယ်။               ။ကျနော်တို့ ပါတီကြီးတစ်ခုဖြစ်လာပြီဆိုရင် ကျနော်တို့က အဓိကထားနေတာက တိုင်းရင်းသားဒေသမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ပေါ့နော်၊ ဖက်ဒရယ်ပြည်နယ်တစ်ခုအနေနဲ့ ကျနော်တို့က ဥပဒေတွေရေးဆွဲမယ်၊ ကျနော်တို့ ဥပဒေတွေပြဌါန်းမယ်၊ ပြည်နယ်တိုးတက်ရေးအတွက် ကျနော်တို့လုပ်ဆောင် ဖို့ရှိပါတယ်၊ လုပ်ဆောင်ချက်တွေ ကျနော်တို့ အများကြီးရှိပါတယ်။

ကိုနေသွေး။                        ။အခုလိုပါတီ ၃ ခုပူးပေါင်းတဲ့နေရာမှာရော ဆရာတို့အနေနဲ့ အခက်အခဲတွေ ဘာတွေများရှိမလဲဗျ။

ဦးစောဒယ်နီယယ်။               ။အခက်အခဲတော့ရှိနေမှာပဲ ဘာဖြစ်လို့လဲဆိုရင် အမြင်သဘောချင်း မတိုက်ဆိုင် တာလေးတွေလည်းရှိတယ်၊ နောက်တစ်ခါ ကျနော်တို့ လုပ်ဆောင်ရမယ့် အခက်အခဲတွေ၊ ပူးပေါင်းရမယ့် အခက် အခဲတွေ အများကြီးရှိတယ်၊ ပူးပေါင်းသွားတဲ့ ပြည်နယ်တွေအခက်အခဲတွေကိုလည်း ကျနော်တို့ သင်ခန်းစာယူ ပြီးတော့ ဒီအခက်အခဲတွေကို ကျနော်တို့ တက်နိုင်သလောက်ကျော်လွှားဖို့ ကြိုးစားသွားမှာပါ၊ မူဝါဒတွေတော့ ကွာခြားချက်ရှိတာပေါ့နော်၊ သူ့မူဝါဒ ကိုယ့်မူဝါဒတွေကွာခြားချက်ရှိတယ်၊ သဘောတူညီတဲ့ဟာတွေလည်း အများ ကြီးရှိကြပါတယ်၊ ဒီအပေါ်မှာ ကျနော်တို့က ညှိနှိုင်းရမှာပါ၊ ပြည်သူရဲ့ဆန္ဒကို ကျနော်တို့က တက်နိုင်သလောက် အကောင်အထည်ဖော်သလို ပြည်သူတွေလည်း ကျနော်တို့ရဲ့အခက်အခဲဆောင်ရွက်ချက်အပေါ်မှာ ပါဝင်လာဖို့ လည်း ကျနော်တိုက်တွန်းချင်ပါတယ်။

ကိုနေသွေး။                        ။ကျေးဇူးပါဆရာ။

ဦးစောဒယ်နီယယ်။               ။ကျေးဇူးတင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။