တိုက်ပွဲဖြစ်ပွားနေတဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့ကနေ ချင်းရွှေဟော်ကို ပြန်လာတဲ့ ကြက်ခြေနီယာဉ်တစ်စီးဟာ မနေ့က တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီကြက်ခြေနီယာဉ်နဲ့အတူ သတင်းထောက် ငါးယောက်ပါရှိခဲ့ပြီး အဲ့ဒီအထဲက MRTV-4 သတင်းထောက် ကိုမြတ်သီဟမောင် ဒဏ်ရာရခဲ့ပါတယ်။
RFA သတင်းထောက် မဇင်မာဝင်း က ကိုမြတ်သီဟမောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုမြတ်သီဟမောင်နဲ့ မေးမြန်းချက်အပြည့်အစုံ
ဇင်မာဝင်း။ ။ လောက်ကိုင်ကနေ ချင်းရွှေဟော်ကိုအပြန်မှာ သတင်းထောက်တွေလဲပါတဲ့ ကြက်ခြေနီယာဉ် အပစ်ခံရတယ်ကြားလို့ပါ။
မြတ်သီဟမောင်။ ။ ကျနော်တို့က လောက်ကိုင်မှာ တစ်ညအိပ်တယ်၊ နောက်နေ့မှာရိုက်ကူးရေးလုပ်တယ်ပေါ့ဗျာ၊ နေ့ခင်းဖက်ကျတော့ ဒေသကုန်သွယ်ရေး စစ်ဌာနချုပ်ရယ်၊ ပြီးတော့ဟိုဖက်က ချင်းရွှေဟော်ဖက်က တပ်ကိုကျနော်တို့က သတင်းပို့တယ်၊ ၂ နာရီခွဲ၊ ၃ နာရီလောက်မှာ ကျနော်တို့ပြန်ဆင်းလာတယ်ခင်ဗျ၊ ကားကကြက်ခြေနီကား၊ အဖုံးပေါ်မှာလဲ ကြက်ခြေနီလို့ရေးထားတယ်၊ ပြီးတော့ကြက်ခြေနီအလံလဲ တော်တော်ကြီးပါတယ်၊ အဲ့ဒါလဲလွှင့်ထားတယ်ဗျ၊ ဘယ်သူတွေပါလဲဆိုတော့ လောက်ကိုင်ကကြက်ခြေနီက နှစ်ယောက်ပါတယ်၊ ပြီးတော့ ကားဆရာက တစ်ယောက်ပါတယ်၊ မီဒီယာက ငါးယောက်ပါတယ်၊ ကားကလမ်းမှာ နှစ်ခါ၊ သုံးခါလောက်ရပ်ရတယ်၊ ကားဘီးကိုလေတွေဘာတွေစစ်တယ်၊ အဲ့တော့ဘာ သွားတွေ့လဲဆိုတော့ တရုတ်ဖက်ကနေ ချင်းရွှေဟော်ဖက် ကိုဆင်းလာတဲ့ လမ်းလျှောက် တဲ့အဖွဲ့ရှိတယ်လေ၊ သူတို့ကလူ ၂၀၀ လောက်ပါတယ်၊ ကားပေါ်မှာ နှစ်ယောက်၊ သုံးယောက်လောက်လိုက်ပါရစေဆိုပြီးတော့ ကလေးအမေရယ်၊ ကောင်လေး တစ်ယောက်ရယ်တင်ပေးလိုက်တယ်၊ ကားပေါ်ကို၊ အဲ့လိုမောင်းလာ နေရင်းကနေ သုံးထပ်ကွေ့လား၊ ဘာလားမသိဘူးဗျ၊ အဲ့အကျော်လေးရောက်တော့ ပစ်တော့တာပဲ။
ဇင်မာဝင်း။ ။ ပစ်တယ်ဆိုတော့ ဘယ်လိုပစ်ခံရတာလဲ၊ အဲ့ဒါလေး ပြောပြ ပေးပါဦး။
မြတ်သီဟမောင်။ ။ ကျနော်လဲနေရာအတိအကျတော့မသိဘူးဗျ၊ ပြောတာတော့ ဘယ်ဖက်ခြမ်းရော၊ ညာဖက်ခြမ်းရော ဝိုင်းပြီးပစ်တယ်လို့တော့ပြောတာပဲ၊ ကျနော်တို့ကို ဘယ်ဘက်ခြမ်းကနေတောင်ပေါ် ကနေပိုများမယ် ထင်တယ်ဗျ၊ ပစ်တာပေါ့နော်၊ ဖောင်း၊ ဖောင်းဆိုပြီး ပစ်လိုက်တော့ ကားကိုလာမှန်တယ်၊ ကားကိုလာမှန်တော့ကားကို ရပ်လိုက်တယ်၊ ကျနော်ကနောက်ခန်းမှာရှိတာကို၊ နောက်ခန်းမှာ ကျနော်ရယ်၊ 7 Day ကတစ်ယောက်ရယ်၊ ကလေး အမေနှစ်ယောက်ယောက်ရယ်၊ ကြက်ခြေနီက တစ်ယောက် ပါတယ်ကလေးအမေက ကျနော့်ကိုလာပြောတယ် ဘာလုပ်ရမလဲပေါ့နော်၊ သူကလဲထူပူနေပြီ၊ အဲ့တော့အမဝပ်နေ၊ ဝပ်နေလို့၊ ဝပ်နေလို့ပဲ ပြောရသေးတယ်၊ ကျနော့်လက်ကို ထိမှန်သွားတယ်၊ လမ်းရဲ့ဘေးနားမှာမြောင်းရှိတယ်ဗျ၊ ရှေ့တန်းကလူတွေ က ပြည်ထောင်စု သတင်းစာရယ်၊ 7 Day ကလူရယ်၊ The Voice ကလူတွေက ခုန်ပြီးတော့ မြောင်းထဲကိုပြေးတာ၊ ကျနော်လဲ ကားထဲကနေခုန်ဆင်း ပြီးတော့ မြောင်းထဲကိုပြေးတယ်၊ ကလေးအမေနှစ်ယောက်ကတော့ ကားပေါ်မှာပဲနေခဲ့တယ်၊ မြောင်းထဲမှာ ကျနော်တို့ ၃ နာရီကျော်လောက်ကနေပြီးတော့ ၅ နာရီ၊ ၆ နာရီလောက်ထိ နေရတာ၊ ထိတာကတော့ ကျနော်ရယ်၊ ကလေးအမေထဲက တစ်ယောက်ရယ်၊ ပြီးတော့ကြက်ခြေနီတစ်ယောက် ရယ်၊ နောက်တစ်ယောက်က ကားဆရာရယ်၊ လေးယောက်လားမသိဘူးထိတာဗျ၊
ဇင်မာဝင်း။ ။ ထိခိုက်ဒဏ်ရာရတာ အပြင်းအထန်ရောရှိလား။
မြတ်သီဟမောင်။ ။ ဒဏ်ရာပြင်းတာကတော့ ကားဆရာကတော့ လေးချက်လား မသိဘူးထိတယ်ဗျ၊ ကြက်ခြေနီတစ်ယောက်ကလဲ လက်ကျိုးတယ်၊ ခြေထောက်လား၊ လက်လားမသိဘူးထိတယ်သေးတယ်ဗျ၊ ကျနော်လဲသေချာမမှတ်မိဘူးဗျ၊ နောက်တစ်ယောက် ကလေးအမေကတော့ တင်ပါးကို ဗုံးစမှန်တာ၊
ဇင်မာဝင်း။ ။ အကိုတို့ပစ်ခတ်ခံရတာလေ၊ လက်နက်ကြီးတွေနဲ့ရော ပစ်ခတ်တာတွေရောရှိလား။
မြတ်သီဟမောင်။ ။ နှစ်ချက်၊ သုံးချက်တော့ရှိမယ်၊ ကလေးအမေတွေက ကားပေါ်မှာ ကျန်ခဲ့တာလေ၊ သူတို့ကဘာပြောလဲဆိုတော့ လက်နက်ကြီးတွေနဲ့ ပစ်တယ်တဲ့၊ လက်နက်ကြီးကသူတို့နောက်ခန်းနားမှာလာကျတယ်၊ ဒါပေမဲ့ မပေါက်သွားဘူးပေါ့နော်၊ ဖုန်းကလဲ ကားပေါ်မှာကျန်ခဲ့တယ်၊ တရုတ်ဖုန်းပေါ့နော်၊ GSM တို့ဘာတို့ကမမိတော့ အဲ့ဖုန်းကိုမရမကလှမ်းယူပြီးတော့ ချင်းရွှေဟော်တပ်ကိုရော၊ လောက်ကိုင်ကဒေသ ကုန်သွယ်ရေးကိုအကြောင်းကြား၊ အဲ့တော့မှ ချင်းရွှေဟော်တပ်က ၅ နာရီခွဲ၊ လောက်မှာကျနော်တို့ကို လာကယ်တာဗျ၊ သူတို့ဆီကတစ်ယောက်တောင် ထိသွားသေးတယ်၊ အဲ့တော့မှ တပ်ကနေကူပြီးတော့ ကျနော်တို့ခြေလျင်ပြန်ဆင်းတာဗျ၊
ဇင်မာဝင်း။ ။ ပစ်ခတ်တာတွေရော ရပ်သွားလားရှင့်။
မြတ်သီဟမောင်။ ။ သူတို့ကတက်လာတဲ့အထိစောင့်နေတာဗျ၊ ကိုးကန့်တွေက။
ဇင်မာဝင်း။ ။ ကိုးကန့်တပ်တွေကပစ်တာလို့ဆိုလိုချင်တာလား၊ ဘယ်လိုကြောင့်လဲရှင့်
မြတ်သီဟမောင်။ ။ ကျနော်ထင်မြင်ယူဆချက်ပေါ့နော်၊ ပထမအချက်က ဘာလဲဆိုတော့ တရုတ်စကားတွေပြောတယ်၊ နားလည်တဲ့သူတွေကတော့ ဆဲတာလို့ပြောတယ်၊ နောက်တစ်ခုကဘာလဲဆိုတော့ မြန်မာတပ်ကလာတယ်၊ အဲ့နားမှာစောင့်နေပြီး မြန်မာတပ်ကလာတော့မှ ထပ်ပစ်တယ်ဆိုတော့ အဲ့ဖက်ကပဲလို့ယူဆတယ်ဗျ၊
ဇင်မာဝင်း။ ။ အကို့တို့လောက်ကိုင်မှာ ဒေသခံဘယ်လောက်တွေ့ခဲ့လဲ။
မြတ်သီဟမောင်။ ။ ဒေသခံတွေက တော်တော်များတယ်ဗျ၊ လောက်ကိုင် ဆေးရုံပေါ့နော်၊ ကြက်ခြေနီစခန်းမှာကြီးပဲ ၆၀ လောက်ရှိမယ်၊ ပြီးတော့တရုတ် နယ်စပ်မှာ လူတော်တော်များတယ်ဗျ၊ ၁ သောင်းကျော်နီးပါးအဲ့လောက်တော့ရှိမယ်၊ ဒေသခံကိုးကန့်တွေရော၊ မြန်မာနိုင်ငံဖက်ကနေ ကြံသွားခုတ်တဲ့သူရော၊ အဲ့လိုမျိုး တော်တော်များတယ်ဗျ၊ သူတို့ကလဲ မပြန်နိုင်ဖြစ်နေတာအဲ့မှာ၊ တရုတ်နဲ့မြန်မာ နယ်စပ် ဂိတ်ပေါ့နော်၊ အဲ့မှာဒုက္ခသည်စခန်းဖွင့်ထားပါတယ်၊ ကျနော် တို့လောက်ကိုင်ကို နှံ့တော့ နှံ့တယ်ပေါ့နော်၊ အဲ့နေ့ကသွားလိုက်တာ၊ မြို့ထဲဘုံခုနှစ်ဆင့်ဖက်မှာတော့ ပစ်နေတုန်းပဲ၊ မြို့ထဲဖက်တော့ရောက်ခဲ့ပါတယ်၊ ဒါပေမဲ့ မြို့ပေါ်မှာဘယ်သူမှမရှိတော့ဘူး၊
ဇင်မာဝင်း။ ။ ခုနကအကိုပြောတဲ့အထဲမှာ လမ်းလျှောက်ပြီးပြန်လာတဲ့ သူရှိတယ်ဆိုတော့ အဲ့ဒါကရော။
မြတ်သီဟမောင်။ ။ အဲ့ဒါကတော့ တရုတ်ဖက်ကနေပြီးတော့ 125 ကိုဖြတ်၊ 125 မှာတစ်ရက်၊ နှစ်ရက်လားမသိဘူးနေခဲ့သေးတယ်၊ နေခဲ့ပြီးတော့ မှ လောက်ကိုင် ကိုတက်၊ လောက်ကိုင်မှာလဲ သူတို့မနေရဲတော့ ချင်းရွှေဟော်ကိုပြန်ဆင်းမယ် ဆိုပြီးတော့ သူတို့ကလမ်းလျှောက်လာတာ၊ ချင်းရွှေဟော်ရောက် ရင် သူတို့ဖက်က အဆင်ပြေသွားပြီလေ၊ လားရှိုးထိက ကြက်ခြေနီယာဉ်တန်းနဲ့ အသယ်အပို့ရှိတယ်လေ၊ အဲ့လိုမျိုးလေးတွေတော့ရှိပါတယ်ခင်ဗျ၊
ဇင်မာဝင်း။ ။ ကိုမြတ်သီဟမောင် ခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်ရှင်။
မြတ်သီဟမောင်။ ။ ဟုတ်ကဲ့ပါ၊ ရပါတယ်၊ ရပါတယ်။