စစ်ကောင်စီ နဲ့ တော်လှန်ရေးအင်အားစုတွေ စေ့စပ်ညှိနှိုင်းဖို့ အလားအလာ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.07.29

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော် အချုပ်ထောင်ကနေ နေအိမ်အကျယ်ချုပ်ကို ဒီရက်ပိုင်းမှာ ပြောင်းရွှေ့ထားလိုက်ပါတယ်။ ဒီမတိုင်ခင်ကလည်း စစ်ကောင်စီဟာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ထောက်ခံတယ်လို့ ပြောခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဘက်က တစ်ဖက်သတ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ NUG ဦးဆောင်တဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ တံခါးဖွင့်လာတဲ့ သဘော ဖြစ်နိုင်မလား။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower ကို ကိုရဲခေါင်မြင့်မောင်က RFA ရုံးချုပ်မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။

~~~

■ ဟုတ်ကဲ့။ ဂျေဆင်တာဝါ ခင်ဗျား။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ထောက်ခံတယ်လို့ ပြောခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ NUG ဘက်ကတော့ ဒီလို ပြောတာကို ယုံကြည်လောက်စရာ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒီ ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်အပေါ်မှာ ဘယ်လောက်များ ယုံကြည်လို့ ရမယ် ထင်ပါသလဲ။

" ဒီလို တွေ့ဆုံခဲ့တဲ့အကြောင်းကို ထိုင်းဝန်ကြီးချုပ်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မထင်မှတ်ဘဲ ကြေညာလိုက်တာ အားလုံးအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းက အာဆီယံ အစည်းအဝေး တစ်ခုလုံးကို အရိပ်ထိုးနေခဲ့ပါတယ်။ ဒါကို အာဆီယံရဲ့ ထုတ်ပြန်ချက်တွေမှာတွေ့နိုင်ပါတယ်။ အာဆီယံရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာထည့်ဖို့ စင်ကာပူနိုင်ငံက တင်သွင်းတဲ့အထဲမှာ အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အရေးကြီးတဲ့အကြောင်း ပြောထားပါတယ်။ အာဆီယံ နိုင်ငံတော်တော်များများက ထိုင်းနိုင်ငံအနေနဲ့ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနဲ့ တိုင်ပင်ခြင်း မရှိဘဲ အခုလို သွားရောက်တွေ့ဆုံတာကို မလိုလားတာကို တွေ့ရပါတယ်။ ဒါ့အပြင် NUG ကလည်း ဒီ ကိစ္စနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုရင် ဒီလို တွေ့ဆုံတာကို ဓားစာခံ သံတမန်ရေး နည်းလမ်း hostage diplomacy လို့ ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သူနဲ့ မရင်းနှီးတဲ့၊ သူယုံကြည်မှု မရှိတဲ့ သူတစ်ဦးနဲ့ တွေ့ဆုံ စကားပြောစေတာဟာ၊ သူတို့ ပေးချင်တဲ့ သတင်းစကား တစ်ခုခုကို လိုသလို ပုံဖော်ပြီး ထုတ်ပြန်ဖို့ ရည်ရွယ်ချက်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ဆက်ဆံမှု ရှိခဲ့တဲ့ မစ္စတာ ရှောင်တာနဲလ် တို့လို လူတွေရဲ့ ပြောပြချက်တွေအရလည်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးကို ပြောလိုက်တယ်ဆိုတဲ့ သတင်းစကားတွေက လုံးဝ ကွဲပြားခြားနားနေပါတယ်။ ဒါကြောင့်လည်း အခုအချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံကို ဘယ်သူက အမှန်တကယ် ကိုယ်စားပြုနိုင်သလဲ ဆိုတာ မေးစရာရှိလာပါတယ်။ အပြင်လူ တစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို သယ်ဆောင်လာတာ လက်ခံမလား၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောတဲ့စကားကို တိုက်ရိုက်ကြားခွင့်ရတဲ့ အခြေအနေဖြစ်လာဖို့ မျှော်လင့်ကြမလား ဆိုတာ မေးစရာ ရှိပါတယ်။"

■ စစ်တပ်ဘက်က NUG နဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ တံခါးပိတ်ထားတယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံခွင့်ပြုခဲ့တာ အပြင်၊ နောက်ဆုံး ဖြစ်ရပ်တွေကို သုံးသပ်ကြည့်မယ်ဆိုရင် စစ်ကောင်စီဘက်က တော်လှန်ရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ တံခါးဖွင့်လာတဲ့ သဘောလို့ မြင်ပါသလား။

" တွေ့ဆုံဆွေးနွေးဖို့အတွက်ဆိုရင် NUG ဘက်က ပြောထားတဲ့ လိုအပ်ချက်တွေကို တရားဝင်ပြောထားတာ ရှိပါတယ်။ ဒီအထဲမှာ အဓိက အကျဆုံးက စစ်တပ်က နိုင်ငံရေးမှာ ဝင်မပါဖို့ပါ။ ဒီသဘောထားက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးရဲ့ လိုလားချက်နဲ့လည်း တူတူပဲ ဖြစ်ပါတယ်။ ‘ဝ’ တပ်ဖွဲ့လို ကြားနေတဲ့ ရပ်တည်ချက် ရှိတဲ့ အဖွဲ့တွေ အပါအဝင် တိုင်းရင်းသား အဖွဲ့အားလုံးလိုလိုက စစ်တပ်ကို နိုင်ငံရေးက ထွက်သွားရမယ်ဆိုတဲ့ အချက်ကို သဘောတူမှ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ ဖြစ်နိုင်မယ် ဆိုတဲ့ သဘောထားမျိုးရှိတာ တွေ့ရပါတယ်။ စစ်တပ်ဘက်ကလည်း နိုင်ငံရေးက လုံးဝထွက်သွားဖို့ ရည်ရွယ်ချက် မရှိတာ ထင်ရှားပါတယ်။ ဒီအကြောင်းကြောင့်လည်း အခုအချိန်မှာ နှစ်ဖက်လုံး ရှေ့တိုးနောက်ဆုတ်လို့ မရတဲ့ အခြေအနေဖြစ်လာတာပါ။ ဒီအတောအတွင်းမှာ စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နိုင်တာကို အားကိုးပြီး၊ သူတို့ အာဏာတည်မြဲဖို့နဲ့ သြဇာ လွှမ်းမိုးမှု ရှိဖို့ ဆက်ပြီး ကြိုးစားပါလိမ့်မယ်။ ဒီလို လေကြောင်း တိုက်ခိုက်မှုတွေ ရပ်တန့်လိုက်ပြီးမှ စစ်တပ်ဘက်က အပြောင်းအလဲလုပ်မယ့် အခြေအနေ ရောက်လာမယ်လို့ ထင်ပါတယ်။ လက်ရှိ အချိန်မှာတော့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာဖို့ မဖြစ်နိုင်သလောက်ပါပဲ။ စစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တရုတ်နိုင်ငံဘက်က တိုင်းရင်းသား အဖွဲ့အချို့ကို တွန်းအားပေးနေတာတွေ ရှိပါတယ်။ ထပ်တိုးပြီး လုပ်လာမယ့် အလားအလာလည်း ရှိနေပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ PDF အဖွဲ့တွေအပြင်၊ KIA၊ KNU၊ ချင်း၊ ကရင်နီ အဖွဲ့တွေလို အခြေခိုင်တဲ့ တိုင်းရင်သားလက်နက်ကိုင် အဖွဲ့တွေကတော့ စစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စိတ်မဝင်စားကြပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးလို့ရမယ့် အခြေအနေ မရှိသေးလို့ပါဘဲ။ စစ်တပ်က နိုင်ငံရေးကနေ ထွက်သွားမှ၊ အမှန်တကယ် အားလုံးကို ကိုယ်စားပြုပြီး ယုံကြည်စိတ်ချရမယ့် အစိုးရ တစ်ရပ် ဖြစ်ပေါ်လာမှာပါ။ စစ်တပ်က အုပ်ချုပ်နေသရွေ့ ဒီလို မဖြစ်နိုင်ပါဘူး။"

■ NUG အနေနဲ့ရော၊ အခြားသက်ဆိုင်သူ အားလုံးအနေနဲ့ပေါ့။ ဒီ စစ်တပ်ကို နိုင်ငံရေးကထွက်ဖို့ဆိုတဲ့ တောင်းဆိုချက်က အလျော့အတင်း လုပ်လို့ရနိုင်မယ် ထင်ပါသလား။

" ဒီလို လုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ အားလုံး သိတဲ့အတိုင်းပဲ။ စစ်တပ်ရဲ့ အုပ်ချုပ်မှုက တရားဝင် မဖြစ်သလို၊ မြန်မာပြည်သူတွေကလည်း လက်မခံကြပါဘူး။ စစ်တပ်က လုပ်ဖို့ ကြိုးစားနေတဲ့ ဟန်ပြ ရွေးကောက်ပွဲတောင် အခုထိ မလုပ်နိုင်သေးပါဘူး။ မြန်မာပြည်သူတွေက အရင်ပြုပြင်ပြောင်းလဲရေး အစိုးရတွေ လက်ထက်က ရခဲ့တဲ့ လွတ်လပ်မှုမျိုး ပြန်ရချင်ကြပါတယ်။ အဲဒီအချိန်က သွားနေတဲ့ လမ်းကြောင်းပေါ်ကို ပြန်ရောက်ချင်ကြပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်အုပ်ချုပ်ရေးကို ပုံစံအမျိုးမျိုးနဲ့ တော်လှန်တိုက်ခိုက်နေကြတဲ့ ပြည်တွင်းစစ် ဖြစ်နေတာကြောင့်၊ ၂၀၂၀ မတိုင်ခင်က အခြေအနေမျိုး ပြန်ရောက်ဖို့တောင် မလွယ်တော့ပါဘူး။ တကယ်လို့ NUG သာ ဖက်ဒရယ်ဒီမိုကရေစီရဖို့ တိုက်ပွဲဝင်နေတဲ့ လမ်းကြောင်းကနေ သွေဖည်ပြီး၊ အလျှော့ပေးလိုက်မယ်ဆိုရင် ပြည်သူတွေရဲ့ ထောက်ခံမှုရော၊ အခြား အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုတွေကိုပါ ဆုံးရှုံးသွားပါလိမ့်မယ်။"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။