ကိုဗစ်ကာကွယ်ဆေး ဝေစုရရှိရေးမှာ မြန်မာလက်မှတ်ထိုးထား

မိုးမြင့်
2020-10-19
Share

ကိုဗစ်ကာကွယ်ဆေး ဝေစုအတွက်ဆောင်ရွက်ပေးတဲ့ (COVAX) အဖွဲ့မှာ  မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတာကြောင့်၊ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ အတည်ပြုတဲ့ဆေးတွေ ထွက်ရှိလာတာနဲ့မြန်မာနိုင်ငံက ၂၀ ရာခိုင်နှုန်းအထိရရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Dr. Stephan Paul Jost က RFA နဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

RFA - မြန်မာက သြဂုတ်လအစောပိုင်းထိ ကေ့စ်ပေါင်း တစ်ထောင်အောက်မှာရှိနေခဲ့တယ်။ ဒါပေမယ့် အဲဒီကနေ နှစ်လလောက်အကြာမှာ ဗိုင်းရပ်စ်တွေ့တာ သုံးသောင်းကျော်သွားတယ်။ အဲဒါ ဘာကြောင့် ဖြစ်ရတာပါလဲ။

WHO - ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ဟာကို ကျနော်တို့ ဂဃနဏ မသိရသေးပါဘူး။ ဗိုင်းရပ်စ်ရဲ့သဘာဝကိုယ်က လူတွေဆီမှာ ကူးစက်မှုတွေ ဆက်တိုက်ရှိနေပြီးတော့ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့သွင်ပြင်လဏ္ခာက ပြောင်းပြောင်းသွား တတ်ပါတယ်။  ဘယ်လိုလုပ်ပြီးတော့ သြဂုတ်လလောက်ထိ အတော်လေး အောင်အောင်မြင်မြင် ထိန်းထားနိုင်ပြီးတော့ ရုတ်တရက် ဘာကြောင့်ပေါက်ကွဲလာရသလဲဆိုတဲ့ ခင်များမေးခွန်းကို ဖြေရမယ်ဆိုရင် ဒါက ဗိုင်းရပ်စ်ရဲ့ ပင်ကိုယ်သဘာဝကိုယ်က ကူးစက်မြန်တတ်တဲ့ အချက်ကြောင့်ပါ။ အဲဒါက အစောပိုင်းကတည်းက ပြင်းထန်တဲ့ ကူးစက်မှုအဖြစ် ဆက်ပြီးဖြစ်ပွားသွားတဲ့ သဘောလည်းရှိပါတယ်။ ဗိုင်းရပ်စ်ထိန်းချုပ်ရေးတွေနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်လည်း ခက်တာက ဗိုင်းရပ်စ်က သူ့အလိုလို ထိန်းသွားနိုင်တဲ့ သဘောမျိုးမရှိပါဘူး။ တကယ်တော့ ဒီထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ့်အချက်တွေက လွယ်ကူပါတယ်။ ဒါပေမဲ့ အဲဒီဟာကို တစ်ချိန်လုံးလိုက်လုပ်ဖို့ ခက်ခဲတဲ့ကိစ္စပါ။ ခင်ဗျားသတိထားမိရမှာက ဒီနိုင်ငံက နေရာကျယ်ဝန်းပြီးတော့ လူတွေလည်း အများကြီးလည်းပဲ ဒီကိစ္စမှာ လိုက်ပါလုပ်ဆောင်ကြရမယ်ဆိုတဲ့ ကိစ္စပါ။ ဒီနိုင်ငံက ပြီးတော့ရှုပ်ထွေးလှပါတယ်။ ဆိုတော့ ဒီလို ကိုဗစ်ထိန်းချုပ်ရေးကိစ္စကို တစ်ချိန်လုံး လူအများကြီးက အချိန်တိုင်းလိုက်ပါလုပ်ဆောင်ကြဖို့ဆိုတာ အင်မတန်မှ ခက်တဲ့ကိစ္စပါ။ နောက်တစ်ခုက ပထမ ၇-၈ လလောက်တုန်းက ငါတို့က ဗိုင်းရပ်စ်ကို အတော်လေးထိန်းချုပ်နိုင်ပြီး၊ ဘာမှမဖြစ်ဘူး၊ ငါတို့အေးဆေးနေလို့ရပြီ ဆိုပြီးတော့ လျှော့တွက်လိုက်တာလည်း ပါမှာပေါ့။ အဲဒါကမှ တကယ့်ကို ဗိုင်းရပ်စ် အကြိုက်ဖြစ်သွားပြီးတော့၊ အားနည်းချက်တွေကို ရှာတွေ့ပြီးတော့ တောက်လျှောက် ပြန့်ပွားမှုတွေ ဖြစ်သွားတာပါ။   

RFA - မြန်မာမှာ အခုအတည်ပြုလူနာပေါင်း သုံးသောင်းကျော်သွားပြီး၊ အဲဒီလိုပျံ့နှံ့မှုအခြေအနေက ပြည်တွင်းကူးစက်မှုလား၊ ဒါမှမဟုတ် ကွင်းဆက်မဲ့ လူမှုအသိုင်းအဝိုင်းကြားကူးစက်မှုပုံစံတာလား၊ ဒါမှမဟုတ် ဗိုင်းရပ်စ် အသိုက်အမြုံတစ်ခုချင်းစီကနေ ကူးစက်ပြန့်ပွားတာလား။ ဘယ်လိုအခြေအနေမျိုးလို့ ပြောလို့ရပါသလဲ။

RFA -  ဗိုင်းရပ်စ် ပြန့်ပွားမှုပုံစံ ဘယ်လိုရှိလဲဆိုတာကို ကျနော်တို့ကလည်း လေ့လာထားပြီးဖြစ်ပါတယ်။  ဒါကလည်း အရေးကြီးတဲ့ မေးခွန်းတစ်ခုပါပဲ။ မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဗိုင်းရပ်စ်အသိုက်အမြုံကြီးတွေလို ကူးစက်တာကတော့ မြန်မာနိုင်ငံမှာဆက်ဖြစ်နေတုန်းပါပဲ။ အဲဒါက လုံး၀ သေချာပါတယ်။ ဒါပေမဲ့ ကျနော်တို့ တိတိကျကျ မသိသေးတာက ကွင်းဆက်မရှိတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကနေ တစ်ခုကူးစက်တာမျိုး ရှိ၊ မရှိကို ဘယ်လိုသတ်မှတ်ရမယ်ဆိုတာ မသိရသေးတာပါ။ ဒါပေမဲ့ ကျနော်တို့သိတာက နိုင်ငံတစ်ခုလုံးမှာ ပျံ့နှံ့မှုပုံစံက မျိုးစုံဖြစ်ပွားနေတယ်ဆိုတဲ့ အချက်ပါ။ ဥပမာ ရန်ကုန်ဆိုရင် တစ်နိုင်ငံလုံးရဲ့ ကူးစက်မှု ၇၀ ရာခိုင်နှုန်းကျော်အထိရှိတယ်။ ဆိုတော့ သေချာတာက ပြင်းထန်တဲ့ ကူးစက်မှုတွေက ရန်ကုန်မှာဆက်ဖြစ်နေတယ်။ ပြီးတော့ ရခိုင်မှာလည်းပဲ အတော်လေးကို ပြင်းထန်တဲ့ကူးစက်မှုတွေ ဖြစ်နေတာရှိတယ်။ သြဂုတ်လ လယ်ပိုင်းမှာတွေ့ရှိခဲ့တဲ့ အတည်ပြုလူနာတွေကတော့ ဒေသတွင်း ကူးစက်မှုတွေဖြစ်ပါတယ်။ အဲဒါက ဘာကိုညွှန်ပြနေလဲဆိုတော့ ပြည်တွင်းကူးစက်မှုတွေက ဆက်တိုက်ရှိနေတယ် ပြီးတော့ အကြီးအကျယ် ကူးစက်မှုဖြစ်ပွားလာနိုင်တဲ့ အနေအထား ရောက်ရှိလာခဲ့တယ်။ အဲဒီကနေ ဒီကနေ့ ကျနော်တို့မြင်တွေ့နေရတဲ့ အနေအထားထိရောက်ရှိလာတာပေါ့။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် တစ်နိုင်ငံလုံးအထိ ကူးစက်မှုတွေဖြစ်နေပြီ။ ဆိုတော့ ဗိုင်းရပ်စ် အသိုက်အမြုံတွေ ကူးစက်တာထက် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါ။ မြန်မာအစိုးရကလည်း ဒါတွေကို ထိန်းသိမ်းနိုင်ဖို့ အထူးသဖြင့် ရန်ကုန်နဲ့ ရခိုင်ပြည်နယ်မှာ လုပ်ဆောင်နေတာတွေရှိပါတယ်။ အဲဒါထိန်းနိုင်ရင်တော့ ကွင်းဆက်မဲ့ လူမှုအသိုင်းအဝိုင်း ကူးစက်မှုတွေကို တားဆီးနိုင်မှာဖြစ်ပါတယ်။    

RFA- ရန်ကုန်က ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ဗဟိုချက်မလိုနေရာ ဖြစ်နေပေမယ့်အစိုးရ စက်ရုံ၊ အလုပ်ရုံတွေ ပြန်ဖွင့်ဖို့ဆုံးဖြတ်တာ တွေ့ရပါတယ်။ အစိုးရရဲ့ ချဉ်းကပ်မှုပုံစံကို ဘယ်လိုသဘောရပါသလဲ။

WHO- ကျနော်တို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရုံးချုပ်ရှိရာ ဂျနီဗာနဲ့ အရှေ့အောင်အာရှမှာရှိတဲ့ ရုံးတွေကနေ ကျနော်တို့က ကျန်းမာရေးဝန်ကြီးဌာနကို အမြဲဆိုသလို အကြံပေးနေခဲ့တာပါ။ တကမ္ဘာလုံးက ရရှိထားတဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို၊ ဆေးဘက်ဆိုင်ရာ သက်သေအထောက်အထားတွေကို စုစည်းပြီးတော့ စက်ရုံ၊ အလုပ်ရုံတွေ၊ ကျောင်းတွေဘယ်လိုမျိုး လုံလုံခြုံခြုံ လည်ပတ်နိုင်မလဲဆိုတဲ့ အကြံပေးချက်အဖြစ် ကျနော်တို့ကပြောင်းလိုက်တာပါ။ အဲဒါကတော့ လူတစ်ယောက်ချင်းစီ ဘယ်နှစ်ပေအကွာမှာနေရမယ်၊ နှာခေါင်းစည်း မဖြစ်မနေတပ်ရမယ် စတဲ့အချက်တွေပါတာပေါ့။ အဲဒီ အခြေခံအချက်တွေကို ကျနော်အစောပိုင်းတုန်းကပြောခဲ့တဲ့ အခြေခံအချက်တွေ၊ လမ်းညွှန်ချက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ကျန်းမာရေးဝန်ကြီးဌာနယူသုံးလို့ရအောင် ဆောင်ရွက်ပေးထားပြီးသားဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ၊ ကျနော်တို့ ဘာလုပ်ပါ ညာလုပ်ပါလို့ အသေးစိတ်လမ်းညွှန်ချက်မျိုးတော့ ကျနော်တို့မလုပ်ပါဘူး။ ဘာတွေတော့ ဖြစ်သင့်တယ်ဆိုတာကို ပြည်သူ့ကျန်းမာရေးအသိပညာတွေ၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့အကြံပြုချက်တွေ၊ တမ္ဘာလုံးမှာကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီးတော့ အကြမ်းဖျင်းအကြံပေးတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပေးချက်တွေကို ပူပေါင်းပြီး ဘာသာပြန်တာ ကျနော်တို့အားရမိပါတယ်။။ အင်မတန်ကောင်းပါတယ်။ နောက်ပြီး အင်မတန်အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကျန်းမာရေးလုပ်သားတွေက ပြည်သူတွေရဲ့ လုံခြုံရေးအတွက်  သူတို့ အသက်အန္တရာယ်ကို ပဓာနမထားဘဲနဲ့ ရှေ့တန်းထွက်ပြီးတော့ အားတက်သရော ဆောင်ရွက်နေတာတွေကို နိုင်ငံတဝှမ်းက အသိအမှတ်ပြု အားပေးနေကြတာလည်းရှိပါတယ်။ ကျနော်တို့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကိုလည်း ကျနော်တို့ ယုံကြည်မှုအပြည့်အဝရှိပါတယ်။ ဒါပေမဲ့ တကယ့်အရေးအကြီးဆုံး အချက်ကတော့ ကျနော်တို့တွေရဲ့လက်ထဲကို ဘေးကင်းလုံခြုံမှုအပြည့်ပေးနိုင်တဲ့ ကာကွယ်ဆေး မရသေးချိန်ကာလအထိ ထိန်းချုပ်ရေးတွေကို ဆက်တိုက်ဆောင်ရွက်နေရမှာဖြစ်ပါတယ်။ ကျနော်တို့ဆီကို ကာကွယ်ဆေးတွေ ရောက်ရှိလာတဲ့အချိန်မှာ ရသင့်ရထိုက်တဲ့ဝေစုကို တကမ္ဘာလုံးကို ဖြန့်ဝေပေးမှာဖြစ်ပြီးတော့၊ သက်ကြီးရွယ်အိုတွေဆိုတာထက် လိုအပ်တဲ့တချို့လူတွေကို ကျနော်တို့ဆေးထိုးပေးနိုင်မှာဖြစ်ပါတယ်။

RFA -မြန်မာပြည်သူတွေ ဗိုင်းရပ်စ်ကူးစက်ခြင်းကနေ ကင်းဝေးဖို့ ဘယ်လိုနေထိုင်ရမယ်ဆိုတာ ပြောပေးပါဦး။

WHO- ကနဦး ပြောလိုတာကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ လမ်းညွှန်ချက်တွေကို တိကျစွာလိုက်နာပေးပါ။ အဲဒါက လိုက်လုပ်ဖို့လည်း လွယ်ကူပါတယ်။ အစောပိုင်းတုန်းကပြောခဲ့သလိုပဲ၊ လက်ကို ဆပ်ပြာနဲ့သေချာဆေးပါ၊ အနည်းဆုံး ခြောက်ပေအကွာမှာနေပါ၊ နှာခေါင်းစည်းတပ်ပါ။ ဒီအခြေခံအချက်တွေက အင်မတန်မှ အရေးကြီးပါတယ်။ တကယ်လို့နေမကောင်းရင် အိမ်မှာပဲနေပါ၊ အစိုးရရဲ့ အိမ်မှာနေအစီအစဉ်ကို လိုက်နာပါ၊ ပြီးတော့ အိမ်နားနီးချင်းတွေကိုလည်းပဲ လိုက်နာကြဖို့စည်းရုံးပါ။ အိမ်တွင်းမှာနေပေမယ့်လည်း လန်းလန်းဆန်းဆန်းဖြစ်စေဖို့ လေ့ကျင့်ခန်းတွေလုပ်ပါ၊ အစားသောက်ကောင်းတွေစားပါ၊ စိတ်ကျန်းမာအောင်နေပါ။ တစ်ချိန်တည်းမှာပဲ ကျန်းမာရေးကိစ္စတွေအတွက် ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ။ ဥပမာ လိုအပ်တဲ့ အဆက်အသွယ်တွေ၊ ဗိုင်းရပ်စ်ခြေရာခံတဲ့ကိစ္စတွေ၊ စောင့်ကြည့်ကန့်သတ်ရေးစခန်းတွေနဲ့ ပတ်သက်ပြီးတော့  တကယ်လို့ လိုအပ်ရင် သူတို့ကို အကြံပြုပါ။ ကျေးဇူးပြုပြီးတော့ သူတို့ကို ကူညီကြပါ။ ဘာလို့ဆိုတော့ သူတို့က ဒီဗိုင်းရပ်စ်ကို တားဆီးနိုင်ဖို့ ကြိုးစားနေကြသူတွေ ဖြစ်လို့ပါ။

RFA - တချို့ခန့်မှန်းကြတာက အမေရိကန်မှာတောင် ကာကွယ်ဆေးဖြန့်ဖြူးရေးပိုင်းမှာ နှောင့်နှေးမှုတွေရှိနိုင်တယ်လို့ပြောကြပါတယ်။ ဆိုတော့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံတွေမှာဆိုရင်တော့ ပိုပြီးကြာနိုင်တယ် စသဖြင့်ပြောနေကြတာရှိပါတယ်။


WHO - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့စီစဉ်မှုနဲ့ နိုင်ငံတွေစုပေါင်းပြီးတော့ ဖွဲ့စည်းထားတဲ့ COVAX ဆိုတဲ့အဖွဲ့တစ်ခုရှိပြီးတော့၊ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကာကွယ်ဆေးထိုးပေးရေး (GAVI ) လို့ခေါ်တဲ့အဖွဲ့တွေ ပူးပေါင်းပြီးတော့ တကမ္ဘာလုံးအတွက် ပမာဏထဲက နိုင်ငံတွေ ခွဲတမ်းကျ ရသင့်ရထိုက်တဲ့ ကာကွယ်ဆေး ဝေစုတွေရရှိရေးအတွက် မှတ်ပုံတင်ဖို့ ဆောင်ရွက်နေတာတွေရှိပါတယ်။ ဒါပေမဲ့ ဘယ်ဆေးအမျိုးအစားကို ဖြန့်မယ်ဆိုတာတော့ ကျနော်တို့လည်း မသိရသေးပါဘူး။ တကယ်လို့ရှိလာပြီဆိုရင်လည်း ဖြန့်ဖြူးရေးပိုင်းမှာ အဆင်ပြေစေဖို့ လုပ်ဆောင်နေတာတွေရှိပါတယ်။ Covax ကမှန်းထားတာကတော့ အခုလာမယ့် ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်ခုချင်းစီအတွက် ၂၀ ရာခိုင်နှုန်းလောက် ဖြန့်ဖြူးနိုင်မယ်လို့ တွက်ဆထားတယ်။ ရရှိလာတဲ့ အဲဒီ ၂၀ ရခိုင်နှုန်းကို ဘယ်လိုနေရာတွေမှာ ဦးစားပေးနေရာတွေ ချပေးမလဲဆိုတာကလည်း သေချာဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကျနော်တို့အကြံပြုလိုတာက အသက်ရွယ်ကြီးတဲ့ အုပ်စုတွေ၊ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ အရမ်းများတဲ့ အခြေအနေအောက်မှာ လုပ်နေရတဲ့ ကျန်းမာရေးလုပ်သားတွေ၊ ဗိုင်းရပ်စ်အချိန်တစ်ခုအထိ ကူးစက်ခံထားရပြီးတော့ အသက်အန္တရာယ်ရှိနိုင်သူတွေ အရင်ဆုံးရသင့်တယ်လို့ မြင်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ လုပ်ငန်းစဉ်မှာ မြန်မာကလည်း လိုက်ပါဆောင်ရွက်နေတာ ရှိပြီးတော့၊ Covax ဆေးဖြန့်ဖြူရေးအပိုင်းမှာလည်းပဲ တစ်စိတ်တစ်ပိုင်းပါဝင်လျက်ရှိပါတယ်။ ဒါက သတင်းကောင်းပါပဲ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။