အာဏာရှင်စနစ် မကြာခင် အဆုံးသတ်နိုင်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.07.02

အရှေ့တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက် ခွင့်ရခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုဖိတ်ကြားခဲ့တာဟာ အာဏာရှင်စနစ်လက်အောက်က လွတ်မြောက်ရေးလှုပ်ရှားနေတဲ့ မြန်မာပြည်သူတွေကို အလားတူသမိုင်းကြောင်းရှိခဲ့တဲ့ အရှေ့တီမောနိုင်ငံက နိုင်ငံရေးနဲ့ စိတ်ဓာတ်ရေးအရ ထောက်ခံအားပေးလိုက်တာဖြစ်တယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးဟာ အဆင့်တစ်ဆင့်ကို တိုးတက်ရောက်ရှိနေပြီဖြစ်ပြီး မိမိတို့ တော်လှန်ရေး အင်အားစုအတွင်း ပိုမိုနားလည်မှုနဲ့ ပိုမိုပူးပေါင်းမှုရှိမယ်ဆိုရင် အာဏာရှင် စနစ်ဟာ မကြာခင် အဆုံးသတ်တော့မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ အရှေ့တီမောနိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။   ။ အခုလို ဖိတ်ကြားမှုအပေါ် ဘယ်လိုသုံးသပ်လဲ။

ဖြေ။   ။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တရားဝင်ဖိတ်ကြားစာ ကို ရရှိခဲ့တယ်။ သမ္မတကြီးဆီကနေ တရားဝင်ဖိတ်ကြားမှုလည်းဖြစ်တယ်။ တီမောနိုင်ငံရဲ့ လွတ်မြောက်ရေးခရီးကြမ်း ဖြတ်သန်းမှုဟာ တကယ်ဖြတ်သန်းခဲ့ကြတဲ့သူတွေဖြစ်တဲ့ အတွက် ကျွန်မတို့ပြည်သူတွေ ရင်ဆိုင်နေကြရတဲ့ အထူးသဖြင့် ကျွန်မတို့နိုင်ငံကြုံတွေ့ နေရတဲ့ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးနဲ့ အာဏာရှင်စနစ် လွတ်မြောက်ရေးလှုပ်ရှားမှု ကို တီမောအစိုးရအနေနဲ့ သူ့ရဲ့လက်တွေ့ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်း အခြေခံတွေ အပေါ်မှာ ကိုယ်ချင်းစာနာစိတ်အပြည့်နဲ့ ကျွန်မတို့ကို အသိအမှတ်ပြုဖိတ်ကြားတယ်လို့ သုံးသပ်လို့ရပါတယ်။ ဒီလိုဖြတ်သန်းမှုတူတဲ့ နိုင်ငံအချင်းချင်း၊ ဒီလိုရုန်းကန်နေရတဲ့ နိုင်ငံ အချင်းချင်း စိတ်ပိုင်းအရရော၊ နိုင်ငံရေးအရပါ အများကြီး အထောက်အကူ ဖြစ်တဲ့သဘော အများကြီး စိတ်အားတက်ရပါတယ်လို့ ပြောချင်ပါတယ်။

မေး။   ။ ဘယ်သူတွေနဲ့တွေ့ခဲ့ပြီး ဘာတွေပြောခဲ့ကြလဲ။

ဖြေ။    ။ အဓိကကတော့ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တက်ရောက်လာကြတဲ့ လူတွေနဲ့ တွေ့တယ်။ နှုတ်ဆက်တယ်၊ အဓိကကတော့ အစိုးရအဖွဲ့သစ်ထဲမှာ ပါဝင်လာတဲ့ ဝန်ကြီးတွေနဲ့ တွေ့ဆုံနှုတ်ဆက် တာတွေ လုပ်ခဲ့ပါတယ်။ အဓိက ကတော့ အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း ကနဦးတွေ့ဆုံတဲ့ သဘောမျိုးပါပဲရှင့်။

မေး။   ။ လက်ရှိမှာ ချက်နိုင်ငံက NUG ကို ပထမဆုံး အသိအမှတ်ပြု၊ အခု တီမောက ဒုတိယလား။

ဖြေ။   ။ အသိအမှတ်ပြုတာနဲ့ ပတ်သက်လို့ကတော့ပထမလား ဒုတိယလားပြောဖို့ကတော့ ခက်တယ်။ ဒါပေမဲ့ အခုလိုမျိုး အစိုးရအသစ်ဖွဲ့စည်းတဲ့ အခမ်းအနားကို ဖိတ်ကြားတာက တော့ ပထမဆုံးလို့တော့ ပြောလို့ရပါတယ်ရှင့်။

မေး။   ။ အာဆီယံအပါအဝင် နိုင်ငံတကာကို ဘာပြောချင်လဲ။

ဖြေ။   ။ အာဆီယံရော နိုင်ငံတကာကိုရော ပြောနေကျစကားအတိုင်းပြောရမှာပေါ့။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အာဏာသိမ်းမှုအဆက်ဆက်ဟာ ပြည်သူတစ်ဦးချင်းရဲ့ လွတ်လပ်မှု၊ အစုအဖွဲ့တွေရဲ့ လွတ်လပ်မှု တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ဒါတွေ ကို ဘယ်တုန်းကမှ ကောင်းကျိုးပြုခဲ့တာ တစ်ဦးချင်း နိုင်ငံသားအခွင့်အရေးတွေကိုလည်း အာမခံနိုင်ခြင်းမရှိတဲ့အပြင် ပိုမိုပြီးတော့ ဆိုးဝါးသထက် ဆိုးဝါးတာပဲ ဖြစ်ခဲ့ပါတယ်။ အခုအချိန်ကတော့ အဆိုးဆုံးအခြေအနေ၊ ထင်သာမြင်သာရှိဆုံး အခြေအနေကို ရောက်ရှိ နေတာ ဖြစ်တယ်။ ဒါပြည်တွင်းမှာ ခံစားနေရတဲ့ ပြည်သူလူထုနဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အခြေအနေပေါ့နော်။ ဒီအခြေအနေကို နိုင်ငံတကာကလည်း သဘောပေါက်ဖို့ လိုတယ်။ အာဆီယံနိုင်ငံတွင်း နိုင်ငံတွေကလည်း မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ပြီးတော့ သဘော ပေါက်ဖို့လိုတယ်။ မြန်မာနိုင်ငံမှာ ဒီလိုမျိုး စိတ်မထင်ရင်မထင်သလို လက်နက်ပြပြီးတော့ အာဏာသိမ်းတဲ့အလေ့အထဟာ အခုမှဖြစ်တာမဟုတ်ပဲနဲ့ ထပ်ခါထပ်ခါ ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိတယ်။ မြန်မာပြည်သူလူထုဟာ နောက်တစ်ခါ အနာဂတ်မှာ အဖြစ် မခံတော့ဘူးဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်နဲ့ ဒီတော်လှန်ရေးမှာ အသက်သွေးချွေးတွေနဲ့ အရက်စက်ဆုံးဖိနှိပ်မှုတွေကို ကြံ့ကြံ့ခိုင်နေကြတာဖြစ်တယ်။ ဒီရင်ဆိုင်မှု အောင်မြင်သွား ရင် ကျွန်မတို့ရဲ့အောင်မြင်မှုတင်မကဘဲနဲ့ ကျွန်မတို့ဒေသတွင်းနိုင်ငံတွေရဲ့ အောင်မြင်မှု လည်း ဖြစ်တယ်။ နိုင်ငံတကာရဲ့ တည်ငြိမ်မှုနဲ့ ဒေသတွင်းတည်ငြိမ်မှုကိုလည်း အများကြီး အထောက်အပံ့ဖြစ်တဲ့ တော်လှန်ရေး ဖြစ်တဲ့အတွက် မြန်မာပြည်သူလူထုနဲ့ တစ်သားတည်း ရှိပြီးတော့ ဒီ့ထက်လက်တွေ့ကျတဲ့ အကူအညီအထောက်အပံ့တွေပေးဖို့ နိုင်ငံရေးအရ၊ လူမှုရေးအရ ဒီလိုမျိုးအကူအညီတွေ ထိထိရောက်ရောက်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံတကာကိုရော ဒေသတွင်းနိုင်ငံတွေကိုရော သတင်းစကား ပေးချင်ပါတယ်။

မေး။   ။ လက်ရှိ တော်လှန်ရေးအခြေအနေကိုရော ဒေါ်ဇင်မာအောင် ဘယ်လိုရှုမြင် သုံးသပ်ပါသလဲ။

ဖြေ။   ။ လက်ရှိတော်လှန်ရေးအခြေအနေကတော့ နောက်ထပ်အဆင့် Phase တစ်ခုကို ရောက်သွားပြီလို့ ကျွန်မတို့ ပြောလို့ရတယ်။ ကျွန်မတို့ဒီရက်ပိုင်းမှာပြောနေတာ ကျွန်မတို့ game ကစားသလိုပေါ့နော် လယ်ဗယ် တစ်ခုကနေ နောက်လယ်ဗယ် တစ်ခုကိုတော့ အောင်အောင်မြင်မြင် တက်သွားတဲ့အနေထားတော့ရှိတယ်။ ဒါပေမဲ့ နောက်အဆင့်က အရင်ရှိခဲ့တဲ့ အဆင့်ထက် ပိုပြီးတော့ စိန်ခေါ်မှုတွေများတယ်။ ကျွန်မတို့ ပိုပြီးတော့ ကျွမ်းကျင်မှုရှိဖို့တော့ လိုတယ်ပေါ့နော်။ ဒါကြောင့် ကျွန်မတို့ ပြည်သူလူထုနဲ့ရော၊ ကျွန်မတို့ NUG အစိုးရနဲ့ရော တော်လှန်ရေးအင်အားစုတွေကြားထဲမှာရော မဟာမိတ်တွေကြားထဲမှာရော ပိုပြီးတော့ ဒီ့ထက် ပူးပေါင်းဆောင်ရွက်မှုဖြစ်သင့်တယ်။  အနာဂတ်အတွက်ကော လက်ရှိ ပကတိအခြေအနေတွေအတွက်ရော ပိုမိုပြီးတော့ နားလည်မှုတွေ ထူထောင်နိုင်ပြီးတော့၊ ပိုမိုပြီးတော့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်နိုင်မယ်ဆိုရင်တော့ ဒီ အဆင့်သစ် next level ဟာ အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်တဲ့ လယ်ဗယ်ဖြစ်လာလိမ့်မယ်။ ဒီမဝေးတော့တဲ့ ကာလမှာ အမြန်ဆုံးပေါ့လေ။ ဘယ်လောက်နားလည်မှုတွေတူကြသလဲ အနာဂတ်ကိုသွားမယ့်နေရာမှာရော လက်ရှိကြုံတွေ့နေရတဲ့ ဟာကိုကော ဘယ်လိုမျိုးသဘောထားတွေနဲ့ ဆက်သွားကြမလဲဆိုတဲ့ဟာကို ကျွန်မတို့ကြားထဲမှာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်လေလေ  အာဏာရှင်စနစ် အဆုံးသတ်ဖို့မြန်လေလေပဲလို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။

မေး။   ။ မြန်မာပြည်သူတွေကို ဘာများပြောလိုပါသေးသလဲ ခင်ဗျ။

ဖြေ။   ။ မြန်မာပြည်သူလူထုကိုတော့ ကျွန်မက ကျေးဇူးတင်ကြောင်းပြောချင်တယ်။ ဒီလောက်ဒီလောက် ကြံ့ကြံ့ခံပြီး ရသမျှနည်းနဲ့ နည်းပေါင်းစုံနဲ့ ဒီအာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်နေကြတယ်။ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ တချို့ကျတော့လည်း ပေါ်ပေါ်တင်တင်ပါဝင်နေကြတယ်။ တချို့ကျတော့လည်း အခြေအနေအရ ရသမျှနည်းနဲ့ပဲ ကိုယ့်အကန့်အသတ်နဲ့ပါနေတဲ့ အနေအထားမျိုးလေးတွေ ရှိကြတယ်။ ဒီတော်လှန်ရေး ဒီအခြေအနေထိရောက်လာတာ ပြည်သူလူထုမပါဘဲနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပြည်သူလူထုက အခြေခံအကျဆုံးခွန်အားလည်းဖြစ်တယ်။ အင်အားလည်းဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျေးဇူးတင်တဲ့အကြောင်း ပြောချင်တယ်။ ဆက်လက်ပြီးတော့ ကျွန်မတို့ ဒီတော်လှန်ရေးမှာလည်း ကြံ့ကြံ့ခံပြီးတော့ အောင်မြင်တဲ့အထိ ပူးပေါင်းပါဝင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။