မြေရှားသတ္တုတူးဖော်ရေး KIO တာဝန်ခံမှုရှိရမယ်လို့ Global witness ပြော
2024.11.20
မြေရှားသတ္တုလို့ခေါ်တဲ့ Rare earths ထုတ်လုပ်တဲ့နေရာအားလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော်က ထိန်းသိမ်းထားပြီဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးတာတွေ၊ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး ထိခိုက်ရတာတွေအတွက် ပြောဆိုထောက်ပြနေတဲ့ လုပ်ငန်းကြီးတစ်ခုကို ဘယ်လိုစီမံဆောင်ရွက်သင့်လဲဆိုတဲ့အပေါ် ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် Global witness အဖွဲ့ရဲ့ အကြီးတန်း စုံစမ်းရေးမှူး Clare Hammond ကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ကချင်ပြည်နယ်က မြေရှားသတ္တုထုတ်တဲ့နေရာအားလုံးကို KIO က သိမ်းလိုက်ပြီးတဲ့နောက်မှာ သတ္တုတူးဖော်ထုတ်လုပ်ရေးနဲ့ပတ်သက်လို့ အပြောင်းအလဲဖြစ်အောင် ဘယ်လိုလုပ်သင့်တယ်ထင်ပါသလဲ။
ဖြေ ။ ။ မြေရှားသတ္တုတူးဖော်ထုတ်လုပ်ရေးနဲ့ပတ်သက်လို့ ပိုပြီးကောင်းမွန်တိကျတဲ့ အစီအမံတွေချပြီးတဲ့အထိ ရပ်ဆိုင်းထားဖို့ KIO မှာ တာဝန်ရှိပါတယ်။
မေး ။ ။ မြေရှားသတ္တုတွင်းတွေကို KIA ထိန်းချုပ်လိုက်တဲ့အတွက် တရုတ်စျေးကွက်အတွက် သက်ရောက်မှု ရှိသွားနိုင်ပါသလား။
ဖြေ ။ ။ သတ္တုတူးဖော်ထုတ်လုပ်ရေးနဲ့ တင်ပို့ရောင်းချရေးကို KIO က ဘယ်လိုစီမံအုပ်ချုပ်နေလဲဆိုတာနဲ့ တရုတ်ကရော ဘယ်လိုတင်သွင်းနေလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။
"သဘာဝပတ်ဝန်းကျင်နဲ့ လူတွေရဲ့ ကျန်းမာရေးကိုအကြီးအကျယ်ထိခိုက်စေမဲ့ လက်ရှိ တူးဖော်ထုတ်လုပ်နေတာမျိုးတွေကို KIA အနေနဲ့ ဦးစားမပေးသင့်ပါဘူး"
ပထမမြင်ရတာကတော့ ကုမ္ပဏီတွေအနေနဲ့ မြေရှားသတ္တုတင်ပို့နိုင်တဲ့ပမာဏကျဆင်းနေမှာပါ။ ဒေသတွင်း မတည်ငြိမ်မှုနဲ့ လက်ရှိနယ်စပ်တွေပိတ်ထားတဲ့အတွက်ပါ အနာဂတ်မှာလည်း ဘယ်ကုမ္ပဏီတွေ ပါလာမလဲဆိုတာ မသေချာသေးတဲ့အခြေအနေရှိပါတယ်။ ဒုတိယကတော့ တင်ပို့မှုတွေ အပြောင်းအလဲမရှိဘဲ ဆက်ဖြစ်နေမှာပါ။ တတိယအချက်ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပါအဝင် တခြားလိုအပ်တာ တွေကို အပြည့်အဝအကောင်အထည်ဖော်ပြီးတဲ့အထိ သတ္တုတွင်းတွေအားလုံးကို ရပ်ထားပြီး၊ တာဝန်ယူနိုင်တဲ့အထိ KIO အနေနဲ့ ဆောင်ရွက်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။
တစ်ပြိုင်တည်းမှာပဲ တရုတ်အနေနဲ့လည်း သူ့ဆီတင်ပို့တဲ့သူတွေက ဒီသတ္တုထုတ်တာ တရားဝင်ဟုတ်ရဲ့လား၊ လာဘ်စားမှုတွေပါနေလား၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကင်းရဲ့လားဆိုတဲ့ လုံလောက်တဲ့ သက်သေ အထောက်အထားတွေမပြနိုင်ရင် မြန်မာပြည်ကထုတ်တဲ့ မြေရှားသတ္တုတင်သွင်းတာကို တင်းကျပ်ထားသင့်ပါတယ်။
မေး ။ ။ မြန်မာပြည်မှာ မြေရှားသတ္တုထုတ်နေတာနဲ့ပတ်သက်လို့ ဘာတွေအကြံပေးချင်လဲ၊ KIA အနေနဲ့ ဘယ်လိုစီမံဆောင်ရွက်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ KIO က မြေရှားသတ္တုတွင်းတွေအားလုံးကို ထိန်းချုပ်လိုက်တာနဲ့အတူ ဒေသတွင်းအာဏာရှိ အဖွဲ့အစည်း ဖြစ်သွားပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးတာနဲ့ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက် တာတွေဖြစ်လာရင် တာဝန်ရှိတဲ့အဖွဲ့ ဖြစ်လာပါတယ်။
ဒါဟာ ဒေသခံပြည်သူတွေကိုကာကွယ်ဖို့၊ မြေရှားသတ္တုတူးဖော်တာနဲ့ဆက်စပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်တာကို ကာကွယ်ဖို့တွေအတွက် နိုင်ငံတကာစံချိန်တွေအတိုင်း လုပ်နိုင်အောင် KIO အတွက် သီးခြားအခွင့်အလမ်းရသွားပါတယ်။
ဒေသတွင်းလူမှုအသိုင်းအဝိုင်းတွေဖွံ့ဖြိုးဖို့၊ သတ္တုတူးဖော်ရေးတွေကနေ ပြည်သူတွေအကျိုးအမြတ်ရ လာအောင်လုပ်ဖို့၊ သဘာဝပတ်ဝန်းကျင်မပျက်အောင် ကာကွယ်ဖို့တွေအတွက် KIO အနေနဲ့ လူထု အခြေပြုအဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်သင့်ပါတယ်။
KIO အနေနဲ့ နိုင်ငံတကာကနည်းပညာရှင်တွေကိုဖိတ်ခေါ်ပြီးလုပ်နိုင်သလို၊ မြေရှားသတ္တုစျေးကွက်မှာ ပွင့်လင်းမြင်သာမှုရှိပြီး နိုင်ငံတကာကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ကိုင်ဖို့လည်း အခွင့်အရေး ရသွားပါတယ်။
မေး ။ ။ KIA အနေနဲ့ စစ်ရေးလိုအပ်ချက်အရ မြေရှားသတ္တုထုတ်တာကို ဦးစားပေးသင့်တယ်လို့ ထင်ပါသလား။
ဖြေ ။ ။ သဘာဝပတ်ဝန်းကျင်နဲ့ လူတွေရဲ့ ကျန်းမာရေးကိုအကြီးအကျယ်ထိခိုက်စေမဲ့ လက်ရှိ တူးဖော်ထုတ်လုပ်နေတာမျိုးတွေကို KIA အနေနဲ့ ဦးစားမပေးသင့်ပါဘူး။ နိုင်ငံတကာဥပဒေတွေနဲ့ ကိုက်ညီပြီး တာဝန်ခံမှုရှိတဲ့ တူးဖော်ထုတ်လုပ်ရေးမျိုးကိုပဲ ခွင့်ပြုသင့်ပါတယ်။
မေး ။ ။ တစ်ခုခုထပ်ပြီး ဖြည့်စွက်ပြောစရာ ရှိပါသေးလား။
ဖြေ ။ ။ မြန်မာပြည်မှာ အကြီးအကျယ်ထုတ်လုပ်တင်ပို့နေတဲ့ပမာဏနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ စျေးကွက်ရဲ့ သဘာဝတွေရှိနေတဲ့အတွက် ဒီပစ္စည်းတွေဟာ မြန်မာပြည်ကလာတယ်ဆိုတာကို သတ္တုဝယ်နေတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း သတိပြုသင့်ပါတယ်။
မြန်မာပြည်က အတော်များများရနေတဲ့မြေရှားသတ္တုတွေ လက်ရှိကာလမှာ ရနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အရောင်းအဝယ်အတွက် တာဝန်ခံ၊ ကတိပေးထားတာတွေဖြတ်လိုက်ဖို့ ကုမ္ပဏီတွေအနေနဲ့ သူတို့ကိုပစ္စည်းသွင်းနေတဲ့ သူတွေကို ပြောထားသင့်ပါတယ်။
ကုမ္ပဏီတွေအနေနဲ့ မြန်မာပြည်ကရနေတဲ့ မြေရှားသတ္တုအစား၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝိုင်းမထိခိုက်အောင် စံချိန်မီ စီမံခန့်ခွဲထုတ်လုပ်ထားတဲ့ တခြားဒေသကပစ္စည်းရအောင် ရှာထားသင့်ပါတယ်။