ရိုဟင်ဂျာဒုက္ခသည်သစ်တွေ အကူအညီမဲ့နေကြောင်း AI သုတေသီပြော
2024.10.25
RFA အရှေ့တောင်အာရှဆိုင်ရာအကြီးတန်းအရာရှိ မစ္စ ဂျင်းနီစတိုင်းဟာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့ မြန်မာပြည်ရေးရာသုတေသီ ဂျိုးဖရီးမန်း ကို ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို မကြာသေးခင်က ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေအကြောင်း တွေ့ဆုံမေးမြန်းထားပါတယ်။ အဲဒီမေးမြန်းချက်ကို ဆီလျော်အောင် ကောက်နှုတ်တင်ပြထားပါတယ်။
___
မေး - ဟုတ်ကဲ့ ဂျိုးဖရီးမန်းရေ၊ ဘင်္ဂလားဒေ့ရှ် ကော့ဆက်ဘဇားကနေ ပြန်လာတာမကြာသေးဘူး ဆိုတာသိရတော့ အဲဒီမှာ စစ်မက်ပဋိပက္ခကြောင့်ထွက်ပြေးလာတဲ့သူတွေ တွေ့ခဲ့တယ်မဟုတ်လား။ အဲဒီလူတွေက ဘယ်သူတွေလဲရှင့်။
ဖြေ - ကော့ဆက်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို စက်တင်ဘာလကုန်ပိုင်းမှာ ကျွန်တော် သွားခဲ့တာပါ။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေရှိနေတဲ့ ရခိုင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေး လာတဲ့သူတွေနဲ့တွေ့ဖို့ပါ။ အဲဒီမှာ မြန်မာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ရဲ့ တိုက်ပွဲတွေကြားမှာ ရိုဟင်ဂျာတွေ ပိတ်မိခဲ့ပြီး၊ မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်လို့ထွက်ပြေးရ၊ အသတ်ခံရတာတွေရှိသလို၊ AA ရဲ့ အဆင်အခြင်မဲ့တိုက်ခိုက်မှုတွေ ဒါမှမဟုတ် တရားဥပဒေမဲ့သတ်ဖြတ်လိုက်တာတွေ ရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ ဒါကြောင့် ၂၀၁၇ ကျွန်တော်ရောက်ခဲ့တုန်းက သိခဲ့ရတဲ့ဖြစ်ရပ်တွေနဲ့ အခုဖြစ်ရပ်တွေကို ယှဉ်ပြီးသိခဲ့ရပါတယ်။ ၂၀၁၇ တုန်းကတော့ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က သုတ်သင်ခဲ့တာလေ။ အခုတော့ သူတို့မှာ ရန်သူနှစ်မျိုးနဲ့ ရင်ဆိုင်ရသလိုဖြစ်နေတယ်။ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်တာတွေ၊ သတ်ဖြတ်တာတွေ မပြီးသေးဘဲ ခုချိန်ထိ သူတို့ရင်ဆိုင်နေရတုန်းပါပဲ။ မြန်မာစစ်တပ်က စစ်မှုထမ်းအတွက် အဓမ္မစုဆောင်းတယ်၊ အာရက္ခတပ်တော်ကို တိုက်ဖို့ အတင်းအကျပ်ခိုင်းတယ်။ သူတို့မှာ ကြောက် ကြောက်နဲ့ မတိုက်ချင်ဘဲ တိုက်နေရတယ်။ တစ်ခါတိုက်ပွဲတွေကြားမှာ အာရက္ခတပ်တော်က ဖမ်းတာလည်း သူတို့ ခံရတယ်။ ဒါကြောင့် အခုအချိန်က ၂၀၁၇ ထက်ပိုဆိုးတဲ့အခြေအနေကို သူတို့ကြုံနေရတယ်လို့ ခံစားနေရတယ်။ ဒီအချိန်မှာ သူတို့အိမ်ပြန်နိုင်မယ့် အခွင့်အရေးမရှိဘူးလို့ သူတို့ခံစားနေရတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ။ အဲဒီမှာတော့ အိမ်ပြန်နိုင်ဖို့ မျှော်လင့်ချက်မဲ့တဲ့အခြေအနေပါ။
မေး - ကော့ဆက်ဘဇားမှာ အရင်ကတည်းက ရိုဟင်ဂျာ တစ်သန်းကျော်ရှိနေပြီ။ ဆိုတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအနေနဲ့ အရင်လူတွေနဲ့တင် ခက်ခဲနေတာ၊ အခု နောက်ရောက်လာတဲ့ လူသစ်တွေကို ဘယ်လိုမှတ်ပုံတင်မလဲ။ လူသစ်တွေကို သူတို့ စောင့်ရှောက်ထားလား။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ နိုင်နိုင် နင်းနင်းကိုင်တွယ်နိုင်လား။
ဖြေ - ဟုတ်ပါတယ်။ လူသစ်တွေအတွက် ပြဿနာအကြီးကြီးပါ။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာကိစ္စကို နှစ်နဲ့ချီပြီးလုပ်နေရပါတယ်။ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတာ ဆယ်စုနှစ်နဲ့ချီနေသလို၊ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတာလည်း ကြာပါပြီ။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကကြည့်ရင် သူတို့အနေနဲ့ နောက်ထပ်လူသစ်တွေ လက်မခံနိုင်တော့ဘူးလို့ပြောနေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့အမြင်အရတော့ ဒီလူတွေဟာ အဆိုးဆုံး အကြမ်းဖက်မှုတွေကြုံရလို့ ထွက်ပြေးရတယ်၊ သူတို့ရဲ့ သားသမီး၊ မိဘ၊ ဆွေမျိုးသားချင်းတွေ ဆုံးရှုံးရတယ်။ အဲဒီလူတွေ အခု ဘင်္ဂလားဒေ့ရှ်မှာ ရှိနေပြီး ဘယ်လိုအထောက်အပံ့မှ မရှိကြဘူး။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ လက်တွဲဆောင်ရွက်ပြီး သူတို့ကို ဒုက္ခသည်အဖြစ်မှ တ်ပုံတင်ဖို့ ကျွန်တော်တို့ တိုက်တွန်းနေပါတယ်။ ဒီလိုတိုက်တွန်းရတာက သူတို့အတွက် စားနပ်ရိက္ခာနဲ့ အကူအညီတွေရဖို့ပါ။ အဲဒီလိုအကူအညီမရရင် သူတို့အနေနဲ့ ဆွေမျိုးသားချင်းတွေ မျှပေးတဲ့ စားစရာ ဝတ်စရာ နေစရာနဲ့ပဲ ဖြစ်နေပါတယ်။ တချို့ဆို ဘာမှမစားရသေးလို့ ဆာနေတဲ့သူတွေ ကျွန်တော်တွေ့ခဲ့ပါတယ်။
မေး - မှတ်ပုံတင်ဖို့အတွက် ဘယ်လိုအတားအဆီးတွေရှိနေတာလဲရှင့်။
ဖြေ - ဘင်္ဂလားဒေ့ရှ်ရဲ့ အခြေအနေကြောင့် UNHCR အနေနဲ့ ဘာမှဆက်လုပ်လို့မရသေးပါဘူး။ တစ်ယောက်ယောက်ကို မှတ်ပုံတင်လိုက်မယ်ဆိုရင် အဲဒီလူကို ဘင်္ဂလားဒေ့ရှ်က ခေါ်ထားရမယ့်အလား အလာ ဖြစ်နေတယ်။ လူ တစ်သန်းလောက်ဖြစ်နေတဲ့အတွက် တတိယနိုင်ငံပြောင်းရွှေ့ အခြေချဖို့ခေါ်မယ့် နိုင်ငံများများစားစားမရှိဘူး။ ဒါပေမဲ့ ဒီလူတွေအတွက် တကယ်ကို အရေးပေါ်လိုအပ်နေပါတယ်။ တကယ်လို့ သူတို့သွားရမယ့်အခြေအနေမရှိရင်၊ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကျွန်တော်တို့လည်း မသိနိုင်သေးဘူး။
မေး - ဒါဆို ဘင်္ဂလားဒေ့ရှ်က မှတ်ပုံတင်ပေးဖို့ အနေအထားမတွေ့ရဘူးပေါ့။ သူတို့ကို အဲဒီမှာ မထားချင်ဘူးပေါ့။ ပြန်ပို့ချင်တာလား။ တကယ်လို့ ပြန်မပို့နိုင်ရင် ဘာဖြစ်လာမလဲ။
ဖြေ - ဟုတ်ပါတယ်။ သူတို့ မှတ်ပုံမတင်ပေးချင်ပါဘူး။ သူတို့ကိုပြန်ပို့ရင် သေတွင်းပို့တယ်ဆိုတာ လက်ရှိကြားဖြတ်အစိုးရကို ခေါင်းဆောင်နေတဲ့ မိုဟာမက် ယူနွတ်စ်ကလည်း သတိထားမိပါတယ်။ ဒီတော့ ကျွန်တော်တွေ့ခဲ့တဲ့သူတွေပြောဆိုချက်အရဆိုရင် လတ်တလောထွက်ပြေးလာတဲ့သူတချို့ နယ်ခြားစောင့်တပ်တွေရဲ့ အဖမ်းခံရပြီး မြန်မာဘက်ကိုပြန်ပို့ခံရတဲ့သူတွေလည်းရှိနေတယ်။ ဒါကတော့ နိုင်ငံတကာဥပဒေကိုချိုးဖောက်တာပါ။ ဒါကြောင့် အဲဒီလိုပြန်ပို့တာဆက်မလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ကျွန်တော်တို့ တိုက်တွန်းနေပါတယ်။ သူတို့ကတော့ ကျွန်တော်တို့ကို စောဒကတက်ပါတယ်။ သူတို့အနေနဲ့ နယ်စပ်ဖြတ်ကျော်ဖို့ကြိုးစားတဲ့သူတွေကို ဟန့်တားရမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်မြေထဲ ရောက်ပြီးသားသူတွေကို လက်ခံထားဖို့ သူတို့မှာ တာဝန်ရှိပါတယ်။