စစ်ခေါင်းဆောင်ရဲ့အခန်းကဏ္ဍ ကုန်ဆုံးသွားပြီလို့ ကုလထိပ်တန်းအရာရှိဟောင်းပြော
2024.08.12
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အခန်းကဏ္ဍ ကုန်ဆုံးသွားပြီလို့ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးဟောင်းလဲဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ Charles Petrie က ပြောပါတယ်။ မြန်မာပြည်ဟာ အစိတ်စိတ်အမွှာမွှာပြိုကွဲနေတာမဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စုကိုဦးတည်တဲ့ ကွဲလွဲမှုတွေသာဖြစ်ကြောင်းလည်း သူကပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ ကရင်နီ(ကယား)ပြည်နယ်ကို သွားရောက်ပြီး ဒေသခံတွေ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ Charles Petrie ရဲ့ မြန်မာပြည်ခရီးစဉ်အတွေ့အကြုံတွေကို မခင်ခင်အိ မေးမြန်းတင်ပြထားပါတယ်။
________________
မေး- မြန်မာပြည်ကို သွားခဲ့တယ်လို့ သိရပါတယ်။ ဘယ်လိုအကြောင်းတွေကြောင့်ပါလဲ။
“မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်၊ တကယ်လို့ ဒေသခံအဖွဲ့အစည်းတခုခုရှိမယ်ဆိုရင် အဲဒီအဖွဲ့အစည်းကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အလေးအနက်ဆက်ဆံဖို့လိုတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာမှာလက်ရှိအာဏာယူထားသူတွေဟာ တရားမဝင်ဘူးလို့ မြင်တယ်၊ လူသားချင်းစာနာမှုအကူအညီတွေကလဲ လုံလောက်မှုမရှိဘူး။ လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိဖို့ဆိုရင် ညှိနှိုင်းဆွေးနွေးမှုတွေလိုအပ်တယ် ဒါပေမယ့် စစ်အစိုးရက တရားမဝင်ဘူးလို့ နိုင်ငံတကာက မြင်ထားတဲ့အတွက် သွားပြီး ဆွေးနွေးဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် မြန်မာပြည်ရဲ့ လက်ရှိအခြေအနေမျိုးမှာ အကူညီတွေ ဘယ်လိုပေးနိုင်မလဲဆိုတာ နည်းလမ်းရှာဖို့လိုတယ်၊ ဒါကြောင့် ကရင်နီပြည်ကိုသွားဖို့ ဆုံးဖြတ်လိုက်တာ၊ မြေပြင်မှာဘာတွေဖြစ်နေတယ် ဘယ်အဖွဲ့အစည်းတွေက ပြည်သူကိုကိုယ်စားပြုနေသလဲ၊ အဲဒီမှာဘယ်လိုလုပ်ကိုင်ဆောင်ရွက်နေသလဲဆိုတာ အလှူရှင်တွေကို ရှင်းပြဖို့လိုတယ်၊ တကယ်လို့ မြန်မာပြည်မှာ အစိတ်စိတ်အမွှာပြိုကွဲနေတယ်ဆိုရင်တောင် ဒါတွေက ဖက်ဒရယ်ပြည်ထောင်စုကိုဦးတည်တဲ့ ကွဲလွဲမှုမျိုးဖြစ်တယ်၊ ပြည်ထောင်စုကြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားတာမျိုးမဟုတ်ဘူး၊ အောက်ခြေမှာပကတိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ဝါဒဖြစ်တယ်။ ဒါကြောင့် မြန်မာစစ်အစိုးရကို ဗဟိုပြုစဉ်းစားတဲ့နည်းကိုရှောင်ရှားဖို့လိုတယ်ဆိုတာ အလှူရှင်တွေကို ရှင်းပြဖို့ကြိုးစားနေပါတယ်”
မေး- ဘယ်တုန်းကသွားခဲ့တာပါလဲ၊ ပြီးတော့ ဘယ်လောက်ကြာခဲ့ပါလဲ။
“ဇန်နဝါရီလလယ်လောက်က သွားခဲ့တာပါ၊ ထိုင်းကနေ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တယ်။ ပြီးတော့ KNLA တပ်မဟာ ၅ နယ်မြေမှာ တစ်ပတ်ကြာပြီး ဒီမော့ဆိုနားက ကရင်နီအခြေစိုက်စခန်းမှာ တစ်လလောက်နေပြီးတော့ ကရင်နီတခွင်ကို တစ်လလောက် ခရီးထွက်ခဲ့တယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ KSCC၊ KNDF က လူတွေနဲ့တွေ့တယ်၊ တော်လှန်ရေးသမားတွေ၊ လူငယ်တိုက်ခိုက်ရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့တွေ့တယ်၊ ဆေးရုံတွေ၊ ကျောင်းတွေကို သွားတယ်။ ဒီမော့ဆို လွိုင်ကော်ကို သွားခဲ့တယ်”
မေး- အရင်က ကုလသမဂ္ဂ အကြီးအကဲအဖြစ်ရှိခဲ့တဲ့ အချိန်နဲ့ နှိုင်းယှဉ်ရင် အခုမြန်မာနိုင်ငံအခြေအနေကို ဘယ်လိုမြင်ရပါလဲ၊ ဘယ်လို ကွာခြားမှုတွေ ရှိပါသလဲ။
“သူတို့ရဲ့တစ်ခုတည်းသော ဘုံရည်မှန်းချက်က စစ်ကောင်စီကိုအမြစ်ဖြတ်ဖယ်ရှားရေးပဲ၊ အာဏာမသိမ်းခင်ကတော့ မြန်မာပြည်မှာ ဦးတည်ချက် နှစ်ခု တွေ့ရတယ်၊ မြန်မာတွေဦးဆောင်တဲ့ ဒီမိုကရေစီလမ်းကြောင်းလျှောက်လှမ်းရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နှစ်ပေါင်းများစွာတိုက်ခိုက်နေတဲ့ ကိုယ်စားပြုခွင့်ရရှိရေး အခြေအနေနှစ်ရပ်ရှိတယ်၊ ဒီနေ့မှာတော့ အဲဒီကွဲလွဲမှုတွေ လုံးဝမရှိတော့ဘူး။ လူတိုင်းက စစ်ကောင်စီကို ဖြုတ်ချရေးအတွက် ညီညွတ်နေကြပြီ၊ ကိုယ်ပိုင်လွတ်လပ်ရေး သီးခြားလွတ်လပ်ရေးကို ဘယ်အဖွဲ့အစည်းကမှ မလိုချင်ကြဘူး သူတို့လိုချင်တာ ဖက်ဒရယ်ဝါဒပါ၊ အပေါ်ကနေ အောက်ကိုအုပ်ချုပ်တဲ့ ဗဟိုကချုပ်ကိုင်တဲ့ အစိုးရစနစ် မလိုချင်တော့ဘူး၊ နေပြည်တော်မှာရုံးစိုက်တဲ့ အစိုးရကနေပြီး တိုင်းနဲ့ပြည်နယ်ကို အုပ်ချုပ်တဲ့ အမိန့်ပေးတဲ့စနစ်ကို ဘယ်သူမှလက်မခံတော့ဘူး၊ အောက်ခြေက ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့အစိုးရတစ်ရပ်ပေါ်လာဖို့ မြင်နေရပြီ၊ နောက်ပြီး မျိုးဆက်သစ်တွေ ပေါ်ထွက်လာခဲ့ပြီ၊ အသက် ၂၀ -၃၀ အရွယ်တွေ၊ သူတို့က ၁၀ နှစ်ကြာ ၂၀၁၁ ကနေ ၂၀၂၁ ကြား တိုင်းပြည်ရဲ့ ပွင့်လင်းတဲ့လူ့ဘောင်မှာနေလာခဲ့တဲ့လူငယ်တွေရှိနေပြီ၊ သူတို့ဟာ ဆိုရှယ်မီဒီယာတွေနဲ့ အဆက်အသွယ်ရှိတယ် သူတို့ကိုယ်တိုင်ဘာသာစကားတွေ ကိုယ်ပိုင်ဂီတတွေ ဒီမျိုးဆက်သစ်တွေဟာ သူတို့မိဘတွေနဲ့ တကယ်ကို ကွဲပြားသွားခဲ့ပြီ၊ အင်မတန်အရေးကြီးတဲ့ ကွာခြားချက်တစ်ခုက သူတို့ စစ်ကောင်စီကို လုံးဝမကြောက်တာ”
မေး- အဲဒီမှာနေခဲ့တုန်းက အတွေ့အကြုံလေးတွေလဲ ပြောပြပေးပါရှင့်။
“ကျွန်တော် အဲဒီကိုသွားတုန်းက ကျွန်တော်မျှော်လင့်ထားတဲ့ အရာနှစ်ခုရှိတယ်။ တခုက စစ်ကောင်စီက လူထုကို ဘယ်လောက်ကိုယ်စားမပြုနိုင်တော့ဘူးလဲ ဆိုတာ မြင်ခွင့်ရမယ်လို့ မျှော်လင့်ခဲ့တယ်၊ တကယ်တမ်းတော့ တိုင်းပြည်ရဲ့ နယ်မြေ ၆၇ ရာခိုင်နှုန်းကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ဘူး၊ ဒါပေမယ့် သူတို့ဗုံးကြဲနိုင်တယ် လေကြောင်းကတိုက်ခိုက်နိုင်တယ် မော်တာတွေနဲ့ ပစ်နိုင်တယ်၊ အဲဒီမှာ ကျွန်တော် မြင်တာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသခံလူထုတွေက ဒီလိုဗုံးကြဲတိုက်ခိုက်နေတဲ့ကြားကဘဲ သူတို့ဘယ်လို ရွှေ့ပြောင်းသွားလာ ရှင်သန်နေကြတယ်ဆိုတာ တွေ့ခဲ့တယ်၊ ဒုတိယ စိတ်ဝင်စားဖို့ကောင်းတာက အဲဒီမှာ ကျွန်တော်ရှိစဉ်တုန်းက လေကြောင်းတိုက်ခိုက်တာတွေ၊ ဗုံးကြဲတာတွေ အများကြီးရှိခဲ့ပြီး ဗုံးသံတွေ လေယာဉ်ပျံသံတွေ ဒရုန်းသံတွေ ကြားလိုက်တာနဲ့ သူတို့ရဲ့ မျက်နှာပေါ်မှာ ကြောက်ရွံ့မှုကို မြင်ရတယ် လူတွေက အမိုးအကာတွေထဲကို အပြေးအလွှားရောက်သွားကြတယ်၊ ဒါပေမယ့် သူတို့ ဗုံးခိုကျင်းတွေကနေပြန်ထွက်လာတဲ့အခါ စစ်ကောင်စီကို သူတို့ဘယ်လောက်မုန်းတီးတယ်ဆိုတာမြင်ရတယ်၊ သူတို့ရဲ့ အကြောက်တရားက သူတို့ကို အားလျော့စိတ်ပျက်သွားစေတာမရှိဘူး၊ လူထုက KNDF တပ်မှူးတွေကို အကျဉ်းသားတွေ မယူဖို့ ပြောကြတယ်၊ သူတို့က စစ်ကောင်စီကို အလွန်မုန်းတီးနေကြတာ အကျဉ်းသားတွေကို ကျွေးမွေးဖို့ သူတို့ငွေကို အသုံးမပြုချင်ကြဘူး၊ ဒါပေမယ့် မာဝီနဲ့ တခြားသူတွေက လက်မခံဘူး၊ အကျဉ်းသားတွေကို ဆက်ပြီး စောင့်ရှောက်ထားတယ်၊ အခုမြန်မာပြည်မှာတွေ့နေရတာက အာရပ်နွေဦးပေါ်ပေါက်ခဲ့စဉ်တုန်းကလိုဘဲ၊ အဲဒီမှာ မျိုးဆက်သစ်လူငယ်တွေက ကျောင်းတွေ ဆေးရုံတွေ လုပ်ငန်းငယ်တွေ လုပ်ကိုင်နေတာတွေ့ရတာကလဲ အာရပ်နွေဦးမှာဖြစ်ပေါ်ခဲ့တဲ့ အနေအထားဘဲ၊ အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ်၊ မြန်မာလူထုက မြန်မာပြည်ရဲ့ အခြေခံပြဿနာတွေကို ပြေလည်စေချင်တယ်။ အခုချက်ချင်း စစ်ကောင်စီကိုဖြုတ်ချပြီး NUG၊ NLD နဲ့ အလျင်အမြန် အစားထိုးပြောင်းလဲတာမျိုး လိုချင်တာမဟုတ်ဘူး၊ အခြေခံပြဿနာတွေကို ဖြေရှင်းတာကိုလိုချင်တာ”
မေး- လက်ရှိမှာတော့ နေရာတိုင်းမှာ ပဋိပက္ခတွေ ပြင်းထန်နေတယ်။ အနာဂတ်မှာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအလားအလာဘယ်လိုမြင်ရပါလဲ။
“စစ်မှန်တဲ့ငြိမ်းချမ်းရေးပေါ်ထွက်ဖို့ လတ်တလော မမြင်ဘူး ဘာကြောင့်လဲဆိုရင် ငြိမ်းချမ်းစွာပြသာနဖြေရှင်းရေးက ဖြစ်လာမှာမဟုတ်ဘူး၊ စစ်ကောင်စီမှာ လက်နက်တွေအများကြီးရှိနေတယ် သူတို့က ဆက်တိုက်နေဦးမှာဘဲ”
မေး- တိုင်းရင်းသားအဖွဲ့ အတော်များများက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မြန်မာနိုင်ငံရဲ့ အနာဂတ်အဖြစ် လိုလားနေကြပါတယ်။ ဒါက လက်တွေ့ကျတယ်လို့ ထင်ပါသလား။
“သိပ်ပြီး လက်တွေ့ကျတယ်လို့ ထင်ပါတယ်။ ကျွန်တော်က ကရင်နီမှာ တခြားအဖွဲ့တွေနဲ့ စကားပြောဖြစ်တော့ ဘယ်သူကမှ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မပြောကြပါဘူး။ သူတို့ရဲ့ အခွင့်အရေး သူတို့လူမျိုးသူတို့ကိုယ်စားပြုခွင့်ရရေး အသိအမှတ်ပြုခံရရေးသာ လိုချင်ကြတာပါ။ ကျွန်တော်ထင်တယ် ဒါက ဖက်ဒရယ်ဝါဒ ကျင့်သုံးရေးအတွက် အဖြေပါဘဲ”
မေး- ကုလမဂ္ဂရဲ့ မြန်မာ့အရေးဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးမေးချင်ပါတယ်။ ကုလသမဂ္ဂဟာ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရာမှာ ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ယုံကြည်ပါသလား။
“လုံးဝမထင်ပါဘူး၊ ကုလသမဂ္ဂမှာ ဖွဲ့စည်းပုံက ပြဿနာရှိတယ်၊ အာဏာသိမ်း အစထဲကဘဲ၊ မြန်မာပြည်ရဲ့ ဒေသခံကိုယ်စားလှယ်တွေ ညှိနှိုင်းရေးမှူးတွေကလဲ တိုင်းပြည်တွင်းတကယ်ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှတညီတညွတ်တည်းပြောဆိုတာမရှိဘူး၊ ကုလအဖွဲ့အစည်းတွေဟာ သူတို့အတွက် နိုင်ငံရေးအရ နစ်နာမှုရှိနိုင်တာ မလုပ်ကြဘူး သူတို့တာဝန်ထမ်းနေတဲ့အဖွဲ့အစည်းရဲ့ ပြသနာလောက်ဘဲသိတာ၊ အခြေအနေအားလုံးကို ခြုံငုံပြီးတော့ ကိုယ်စားပြု သူတို့ပြောနိုင်စွမ်းမရှိဘူး၊ ခြုံငုံပြောရရင် UN က ထိရောက်မှု မရှိပါဘူး”
မေး- ဒါဆို မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂအနေနဲ့ နောက်ထပ်ဘာတွေ လုပ်သင့်ပါလဲ။
“မြန်မာပြည်ရဲ့ပြသနာတွေကို ဖြေရှင်းရေးလုပ်ငန်းစဉ်ကို ရှာဖွေမဲ့ ကုလအဖွဲ့လိုပါတယ်။ နယူးရောက်မှာရှိတဲ့ ကုလဌာနချုပ်ကလဲ သူတို့ကို ထောက်ခံပေးဖို့လိုပါတယ်၊ မြန်မာပြည်ကအခြေအနေကို စစ်ကောင်စီကို ဗဟိုပြုစဉ်းစားတဲ့နည်းနဲ့ ဖြေရှင်းလို့မရတော့ဘူးဆိုတာ နိုင်ငံတကာသိဖို့လိုတယ်၊ မြန်မာပြည်က ကွဲလွဲမှုတွေအကုန်လုံးက ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်နေတာ၊ တိုင်းပြည်က အစိတ်စိတ်အမွှာမွှာ ကွဲနေတာမဟုတ်ပါဘူး”
မေး- စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စကားပြောခွင့်ရရင် သူ့ကို ဘာပြောချင်လဲ။
“သူ့ကို ပြည်သူတွေက မုန်းတီးမှုတွေ အရမ်းများနေတယ်လို့ထင်တယ် - တကယ်လို့များ စစ်ကောင်စီလက်အောက်မှာရှိတဲ့ တခြားအရာရှိတွေနဲ့ စကားပြောခွင့်ရရင် မင်းတို့အခုလုပ်နေတာတွေက အကျိုးမရှိဘူး နောင်လဲ အကျိုးရှိမှာမဟုတ်ဘူး အလုပ်လဲဖြစ်မှာမဟုတ်ဘူး၊ ပြဿနာတွေဘယ်လိုမှ ဖြေရှင်းလို့မရအောင် ဖန်တီးပြီးပြီ၊ မင်းတို့ရဲ့ ပြဿနာဖြေရှင်းပုံ လုံးဝပြောင်းရမယ် အရပ်သားပြည်သူတွေကို တိုက်ခိုက်တာတွေ ချက်ချင်းရပ်တန့်ရမယ် နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်အဖြေရှာပုံကို ပြောင်းလဲရမယ်၊ ရွေးကောက်ပွဲက အလုပ်မဖြစ်ဘူး၊ မင်းအောင်လှိုင်အတွက်ကတော့ အရမ်းနောက်ကျနေပြီ လူထုက သူ့ကို အရမ်းမုန်းနေပြီး အနာဂတ်မှာလည်း သူ့အတွက် နေရာမရှိတော့ဘူး။ ဒါပေမယ့် သူ့လက်အောက်ခံ အရာရှိတွေအတွက်တော့ မြန်မာပြည်သမိုင်းကိုပြောင်းလဲဖို့ အခွင့်အရေးရှိပါသေးတယ်လို့ ပြောချင်တယ်”
မေး- ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံးဖူးပါလား။ သူ့ကို ဘယ်လိုမြင်လဲ။ သူ့အတွက် ဘယ်လို အကြံဉာဏ်တွေ ပေးချင်ပါလဲ။
“တွေ့ဖူးပါတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ်ဖြစ်တုန်းက သူမကို အခါအားလျော်စွာ တွေ့ရတယ်။ ပြီးတော့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့အောင် ကူညီပေးနေတဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း တွေ့ဆုံခဲ့ပါတယ်။ သူက လေးစားစရာကောင်းပါတယ်။ အတိုက်အခံမြန်မာပြည်သူတွေကို ကိုယ်စားပြုပါတယ်။ ဒါပေမယ့် ၂၀၁၅ ကနေ ၂၀၂၁ အတွင်း ကာလတွေကတော့ သူ့အတွက် သိပ်ပြီးတော့အောင်မြင်တဲ့ကာလတွေတော့ မဟုတ်ပါဘူး၊ သူက လူထုခေါင်းဆောင်တစ်ယောက်ဖြစ်ပေမယ့် နိုင်ငံရေးအရ သူ့အတွက် သိပ်မလွယ်ဘူး၊ တိုင်းရင်းသားတွေက သူ့ကို အမြင်သိပ်မကြည်လင်ဘူး၊ အထူးသဖြင့် ကယားပြည်နယ် လွိုင်ကော်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူတဲ့ကိစ္စမှာ ပြဿနာတွေအများကြီးဖန်တီးသလို ဖြစ်သွားတယ်၊ တိုင်းရင်းသားအများအပြားက ဒေါ်အောင်ဆန်းစုကြည်ကို သူတို့နဲ့ အတူတူရှိတယ်လို့ သဘောမထားကြဘူး၊ သူ့ကိုပြောခွင့်ရမယ်ဆိုရင် ခင်ဗျားဟာ မြန်မာပြည်သူလူထုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာနိုင်တယ် ဒါပေမယ့် နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့တော့ မကြိုးစားသင့်တော့ဘူး ဘာလို့လည်းဆိုတော့ အခြေအနေတွေက အများကြီးရှုတ်ထွေးပြောင်းလဲနေပြီလို့ ပြောချင်ပါတယ်”
မေး- လက်ရှိတော်လှန်ရေးမှာ Generation Z က ဦးဆောင်ပါဝင်နေတယ်၊ သူတို့အတွက် ဘယ်လိုသတင်းစကားပါးချင်ပါလဲ။
“လက်ရှိတော်လှန်ရေးက လူငယ်တွေချည်းဘဲ ဦးဆောင်တာမဟုတ်ပါဘူး၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက ဦးဆောင်နေတယ်လို့ ထင်တယ်၊ လူငယ်တွေကို အရှုံးမပေးပါနဲ့လို့ ပြောချင်ပါတယ်။ ဒါက ကမ္ဘာတစ်ခုလုံးရဲ့ နမူနာစံပြဖြစ်လာလိမ့်မယ်၊ ဒါကြောင့်ဆက်လက်ပြီး ကြိုးစားရုန်းကန် တိုက်ပွဲဝင်ကြပါလို့ ပြောချင်ပါတယ်။ ဒါက မြန်မာတစ်ပြည့်လုံးရဲ့ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကို ဖြစ်ပေါ်ပါစေလိမ့်မယ်၊ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကျဆုံးသွားတာနဲ့အမျှ။ မငြိမ်မသက်မှုတွေ ပြဿနာတွေကတော့ ရှိနေဦးမှာဘဲ ဒါပေမယ့် ဒီမျိုးဆက်သစ်လူငယ်တွေက အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ပြီးတော့ ပြဿနာတွေကို ပြေလည်အောင်ထိန်းသိမ်းနိုင်ပါလိမ့်မယ်”
မေး- ကရင်နီပြည်နယ်ခရီးစဉ်အပြီးမှာ နောက်ထပ်ဘာလုပ်ဖို့ စီစဉ်ထားပါလဲ။
“မြန်မာနိုင်ံငံမှာ အခြေခံကျကျ ပြောင်းလဲမှုတွေဖြစ်ပေါ်နေပြီဆိုတာကို နိုင်ငံတကာနားလည်အောင် ဆောင်ရွက်ဖို့ ကျွန်တော့အတွက် အင်မတန်အရေးကြီးတယ်၊ အစိုးရပြောင်းလဲရုံတင်မဟုတ်ဘဲ အခြေခံကျကျ ပြဿနာတွေဖြေရှင်းဖို့လိုတယ်၊ အနောက်တိုင်းအစိုးရအတော်များများက တိုင်းပြည်ပြိုကွဲမှာကို ကြောက်ကြတယ်၊ တကယ်တမ်းအဲဒါပြဿနာ မဟုတ်တာ သူတို့သဘောမပေါက်ဘူး၊ မြန်မာပြည်က အစိတ်စိတ်အမွှာမွှာဖြစ်နေတာမဟုတ်ဘူး ဖက်ဒရယ်ဝါဒကို ဦးတည်တဲ့ပြောင်းလဲမှုဖြစ်ပေါ်ရေးကို သွားနေတာ ဒါကြောင့် ကြိုးစားပံ့ပိုးပေးဖို့လိုတယ်၊ မြန်မာပြည်ရဲ့ပြဿနာက အလွယ်တကူဖြေရှင်းနိုင်ဖို့ မဖြင်္စနိုင်ဘူး၊ လက်ရှိအခြေအနေဟာ မြန်မာပြည်မှာ အောက်ခြေလူထုအတွက် အုပ်ချုပ်ရေးပုံစံသစ်ကို အကောင်အထည်ဖော်ဖို့ တကယ်အခွင့်အရေးရှိတယ်ဆိုတာ သိနားလည်ဖို့ အရမ်းအရေးကြီးတယ်”
မေး- အနာဂတ်မှာ တော်လှန်ရေးက အောင်မြင်ဖို့အလားအလာ ဘယ်လိုမြင်ပါလဲ၊ လက်ရှိ ပဋိပက္ခတွေအပေါ်ရော ဘယ်လိုသုံးသပ်ပါလဲ။
“ဒါကခရီးရှည်တစ်ခုပါ လက်ရှိမှာ လူတွေထင်တာထက် ပိုပြီး ရှည်ကြာလာခဲ့ပြီ။ မြန်မာစစ်ကောင်စီကို ထောက်ခံအားပေးမှုတွေ မလျော့ချနိုင်သေးရင် တော်လှန်ရေးအလွယ်တကူပြီးသွားမယ်လို့ မထင်ဘူး၊ တကယ်တော့ စစ်ကောင်စီက တိုင်းပြည်ထဲမှာ သွားလာလှု့ပ်ရှားနိုင်တာမရှိဘူး သူတို့လေကြောင်းက တိုက်နိုင်တာဘဲရှိတယ်၊ ဒီစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုလဲ လျှော့ချနိုင်မယ် နိုင်ငံတကာအနေနဲ့ကလည်း မြန်မာပြည်ရဲ့ ဖက်ဒရယ်ဝါဒ ကျင့်သုံးဖို့လိုတယ်ဆိုတဲ့အဖြေကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင် မြန်မာပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းလာနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် အဲဒီလို လတ်တလောတော့ ဖြစ်လာမယ်မထင်ဘူး၊ ဒါကြောင့်မို့ မြန်မာပြည်ရဲ့ပြဿနာဖြေရှင်းမှုက ဆက်ပြီး ကာလတခုအထိ ကြာမြင့်နေဦးမယ်လို့ ကျွန်တော်ထင်တယ်”