ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနဲ့ မေးမြန်းချက်


2014.12.19

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးဟာ တစ်နိုင်ငံလုံးအကျိုးရှိမယ့် ကိစ္စဖြစ်တာမို့ အလေးအနက်ထား လုပ်ဆောင်ကြဖို့ဆိုပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ပါတီဝင်တွေကို ပါတီဌာနချုပ်ကနေ ညွှန်ကြားကြောင်း ဒီဇင်ဘာလ ၁၃ ရက်နေ့က အကြောင်းကြားစာ ပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုကျော်သူ။              ။ပြည်ခိုင်ဖြိုးပါတီကနေပြီးတော့ ပါတီဝင်တွေကိုပေါ့လေ ပြည်ထောင်စုလွှတ်တော်ကနေ ပြီးတော့ ဆုံးဖြတ်ထားတဲ့ ၆ ပွင့်ဆိုင်ကိစ္စ အလေးအနက်ထားကြဖို့ အကြောင်းကြားစာပို့ထားတယ်လို့ သိရလို့ပါ၊ အဲ့ဒီအကြောင်းအရာ ဘယ်လိုပို့ထားတယ်ဆိုတာလေး ရှင်းပြပေးပါလားခင်ဗျ။

ဦးအောင်သိန်းလင်း။             ။ပို့ထားတာကတော့ ပါတီဥက္ကဌတွေရှိတယ်ဗျ၊ ကျနော်တို့ တိုင်းနဲ့ပြည်နယ်တွေ မှာလေ၊ ပို့တဲ့အကြောင်းအရာကတော့ ပါတီရဲ့မူဝါဒတွေကို အလေးထားလိုက်နာဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ပို့ထားတာပါ၊ ပါတီရဲ့မူဝါဒတွေကို သိပြီးတော့မှ အဲ့ဒီမူဝါဒအတိုင်းလိုက်ပြီးတော့ အကောင်အထည်ဖော်ဖို့ ဆိုပြီးတော့ပဲပို့တာပါ၊ ဒီအထဲမှာ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ဆိုတာကလည်း လွှတ်တော်ထဲမှာ ကျနော်တို့ပါတီက အဆိုတင်ပြီးမှ အဲ့ဒီအဆို က အောင်သွားတယ်၊ အဲ့ဒီတော့ ကျနော်တို့ပါတီရဲ့မူဝါဒက အမျိုးသားအကျိုးစီးပွားအပေါ်မှာ အခြေခံတဲ့မူဝါဒဖြစ် ပါတယ်၊ တစ်နိုင်ငံလုံးပေါ့ တစ်မျိုးသားလုံး အကျိုးရှိမယ့်ကိစ္စဆိုရင် ကျနော်တို့က ရပ်တည်တာပေါ့ဗျာ၊ အဲ့ဒီတော့ ဖွဲ့စည်ပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ အခြေအနေ အချိန်အခါပေါ်လိုက်ပြီးတော့ မှ ပြုပြင်ပြောင်းလဲသင့်တဲ့ဟာတွေကို ပြုပြင်ကြမယ်ဆိုတဲ့ ရပ်တည်ချက် ကျနော်တို့ပါတီ ရပ်တည်ထားတယ်၊ အဲ့ဒီရပ်တည်ချက်ဟာ ပြောရမယ်ဆိုရင်လည်း ပါတီရဲ့ တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားပေါ်မှာအခြေခံတဲ့ တစ်ခုဖြစ်ပါတယ်၊ အဲ့ဒီတော့ ခုနက စာပို့ထားတဲ့အထဲမှာ ပါတီရဲ့မူဝါဒတွေကို အလေးထားလိုက်နာဖို့ ညွှန်ကြားတာဖြစ်ပါတယ်၊ အဲ့ဒါ အလိုလိုပါပြီသားဖြစ်တာပေါ့ဗျာ၊ အဲ့ဒီတော့ ကျနော်တို့က ညွှန်ကြားတာသည် အကုန်လုံးကို ခြုံငုံပြီးတော့မှ ညွှန်ကြားတာဖြစ်ပါတယ်၊ အဲ့ဒီ ညွှန်ကြားချက်အပေါ်မှာ အားလုံးကစဉ်းစားပြီးတော့မှ ဘယ်ဟာကပါတီရဲ့ မူဝါဒဖြစ်တယ်၊ အဲ့ဒီအပေါ်မှာခိုင်ခိုင်မာမာ ရပ်တည်ရမယ်ဆိုတာတော့ အကုန်လုံးစဉ်းစား ပြီးတော့ ဆောင်ရွက်ဖို့ဖြစ်ပါတယ်၊ စာထဲမှာ ဒီ ၆ ပွင့်ဆိုင်ကို အလေးထားပြီးတော့ မူဝါဒအနေနဲ့နဲ့လုပ်ရမယ် ဆိုပြီးတော့ ဘာညာဆိုပြီးတော့ တိတိလင်းလင်းကြီးတော့ အဲ့လိုဖော်ပြထားတာ မဟုတ်ဘူး၊ ဒီ ၆ ပွင့်ဆိုင်နဲ့ သူတို့စဉ်းစားမယ်ဆိုရင် လွှတ်တော်ထဲမှာ ကျနော်တို့ပါတီကတင်ထားတဲ့ အဆိုဖြစ်တဲ့အတွက် ဒါလည်းပါတီရဲ့စည်း ကမ်းတစ်ခု ဖြစ်တယ်ဆိုတာတော့ သူတို့သတိထားမိမှာပေါ့နော်၊ ယေဘူယျညွှန်ကြားတာဖြစ်ပါတယ်။

ကိုကျော်သူ။              ။ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက လွှတ်တော်အစည်းအဝေးတွေကလည်း ပြီခဲ့တဲ့ မကြာသေးခင် ရက်ပိုင်းအတွင်းပေါ့လေ၊ ၁၂ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့အဆိုကိုလည်း ပြည်ထောင်စုအစိုးရဆီကို တိုက်တွန်းသွားမယ်လို့လည်း သိရတယ်ပေါ့လေ၊ အန်ကယ်လ်တို့ရဲ့ ပြည်ခိုင်ဖြိုးပါတီကလည်း ၆ ပွင့်ဆိုင်တွေ့ဆုံ ဖို့ကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုထားတယ်ဆိုတော့ ဘယ်လိုဖြစ်လာနိုင်မလဲခင်ဗျ။

ဦးအောင်သိန်းလင်း။             ။အဲ့ဒါတော့ တိုင်းဒေသကြီးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စဉ်းစား ချက်ပေါ့၊ သူတို့ ၁၂ ပွင့်ဆိုင်ဆိုတာကပေါ့နော်၊ ပြည်ထောင်စုအစိုးရကို အောင်မြင်သွားတဲ့အဆိုတွေ ပေးပို့ပြီးတော့ တိုက်တွန်းနိုင်တာသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ပေါ့ဗျ၊ တိုင်းဒေသ ကြီးအစိုးရက ပြည်ထောင်စုအစိုးရကို တိုက်ရိုက်အဆိုပြုပြီးတော့မှ တိုက်တွန်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလေဗျာ၊ အဆင့်ချင်းမတူဘူး၊ သူ့အဆင့်နဲ့သူလုပ်ကြတာလေ၊ သူတို့က ပြည်ထောင်စုအဆင့် မဟုတ်ဘူးလေဗျာ၊ ကျနော်တို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေ ပြောရမယ်ဆိုရင် နိုင်ငံတော် အဆင့် ဟုတ်တယ်မဟုတ်လား၊ ကျနော်တို့ကိုကျော်ပြီးတော့မှ ဟိုကိုသွားပြီးတော့မှ ဟိုလိုလုပ်ရမယ်ဆိုတာတော့ ကျနော်ထင်တယ် ဖွဲ့စည်းပုံအခြခံဥပဒေမှာလည်း မပါဘူးဗျ၊ ဒါကသာမန်လေး စဉ်းစားလိုက်မယ်ဆိုရင်တော့ ကျနော်တို့ ပြည်ထောင်စုအဆင့်ပဲ ပြည်ထောင်စုအစိုးရနဲ့ အပြန်အလှန် ထိန်းကျောင်းလို့ရတာလေ၊ တိုင်းဒေသကြီး က ပြည်ထောင်စုအစိုးရကို အပြန်အလှန် ထိန်းကျောင်းလို့ ဘယ်လိုလုပ်ရမလဲဗျ၊ ဒါကတော့ ဒီမိုကရေစီဆိုတာ ကတော့ သဘောကွဲလွဲနိုင်တာပေါ့၊ သူတို့ကတော့ သူတို့ ၁၂ ပွင့်ဆိုင်ဆိုတာလဲ သူတို့ရဲ့စဉ်းစားချက်တွေ ဖြစ် မှာပေ့ါနော်၊ ဒီမိုကရေစီဆိုတာတော့ အမျိုးမျိုး ကိုယ့်အမြင်အရ၊ ကိုယ့်အသိအရ စဉ်းစားတွေးခေါ်ပြောဆို ကြတာ ဖြစ်တာကိုးဗျ၊ အဲ့ဒါကတော့ အဲ့တာကသူတို့ စဉ်းစားကြတာပေါ့၊ သာမာန်အားဖြင့် စဉ်းစားပြီးမိတော့မှ သူတို့ဆီကဖြစ်လာတဲ့ အဆိုလို့ပဲ ကျနော်ထင်ပါတယ်။

ကိုကျော်သူ။              ။နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအတွက်ကို ဒီလိုအရေးကြီးတဲ့ပုဂ္ဂိုလ်တွေ ဆွေးနွေးကြဖို့ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကနေပြီးတော့ ၄ ပွင့်ဆိုင်တွေ့ဆုံဖို့ဆိုပြီးတော့ တစိုက်မတ်မတ် တောင်းဆိုလာရာ မှာပေါ့လေ၊ အခုလို နောက်ထပ်ဒီလိုပုဂ္ဂိုလ်တွေထပ်ပြီး တိုးတိုးတိုးတိုးလာတဲ့ဥစ္စာက ဆုံးဖြတ်လာတဲ့ဥစ္စာလည်း အဲ့ဒါကိုရော အန်ကယ်လ် ဘယ်လိုမြင်မိပါသလဲခင်ဗျ။

ဦးအောင်သိန်းလင်း။               ။ကျနော်ထင်တာကတော့ ဒီဟာတွေပြုပြင်ဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက် ပြီးတော့မှ ပြင်သင့်တာတွေပြင်ဖို့တွေဆိုတာက ပြည်ထောင်စုလွှတ်တော်နဲ့ အစိုးရနဲ့ အဓိကကျမယ်လို့ ကျနော် ထင်တယ်ဗျ၊ ဥပမာ ပြည်ထောင်စုလွှတ်တော်ထဲမှာ အဆိုတွေတင်မယ်၊ မဲခွဲမယ်၊ အဲ့ဒါတွေအပေါ်မူတည်ပြီးတော့မှ လုပ်ကြရတယ်ဆိုကာကျတော့ ပြည်ထောင်စုလွှတ်တော်ဆိုတာကလည်း တစ်ပြည်လုံးက ပြည်သူ့ကိုယ်စား လှယ်တွေ ပြည်သူတွေရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေဖြစ်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်က အဓိက ကျတဲ့ခေါင်းဆောင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့က အဓိကကျတဲ့ခေါင်းဆောင်တွေ ပဏာမဆွေးနွေးနိုင်နေမယ် ဆိုတာကတော့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားအတိုင်းပါပဲ။

ကိုကျော်သူ။               ။၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ကို ပြည်ထောင်စုလွှတ်တော်ကလည်း ပြည်ခိုင်ဖြိုးပါတီရဲ့အဆို ကို အတည်ပြုထားတယ်ဆိုတော့ အဲ့ဒီထဲမှာ ဦးရွှေမန်းရော၊ ဦးခင်အောင်မြင့်ကရော၊ ဒေါ်အောင်ဆန်းစုကြည်ရော၊ တိုင်းရင်းသားကိုယ်စားလှယ်ဖက်က ဒေါက်တာ အေးမောင်တို့ဖက်ကတော့ ဒီလိုတွေ့ဆုံဖို့ကို မီးစိမ်းပြနေပြီ ဆိုပေမယ့်လည်း သမ္မတနဲ့ ကာချုပ်ဘက်ကတော့ မရေမရာသေးတာရော အဲ့ဒါ ဘာကြောင်လို့များ အန်က့ယ်လ် အနေနဲ့ မြင်မိလဲဗျ။

ဦးအောင်သိန်းလင်း။               ။အဲဒါကတော့ ကျနော်လည်း မပြောတက်ဘူးဗျ၊ ပြည်ထောင်စုလွှတ်တော်က အတည်ဖြစ်တယ်၊ နိုင်ငံတော်သမ္မတကြီးဆီကို ပေးပို့ပြီးတော့မှ တိုက်တွန်းထားတယ်၊ နိုင်ငံတော်သမ္မတကြီးတို့ ဖက်က ဘယ်လိုစဉ်းစားလဲဆိုတာ ကျနော်လည်းမသိဘူးဗျ။

ကိုကျော်သူ။               ။ဟုတ်ကဲ့ အန်ကယ်လ် ဦးအောင်သိန်းလင်းကို အခုလိုဖြေကြားပေးတာ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။

ဦးအောင်သိန်းလင်း။               ။ဟုတ်ကဲ့၊ ကောင်းပါပြီခင်ဗျ၊ ကောင်းပါပြီခင်ဗျ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။