ဒီနှစ်နွေရာသီဟာ အရင်နှစ်တွေထက် ပိုမိုပူပြင်းဖို့ရှိပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာလည်း လွန်ကဲအဆင့်အထိ ရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းပြောကြားထားပါတယ်။
ဒေါက်တာ ဦးထွန်းလွင်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
ဒေါက်တာ ဦးထွန်းလွင်နဲ့ မေးမြန်းချက်အပြည့်အစုံ
ကိုကျော်သူ။ ။ ဆရာကြီးဦးထွန်းလွင်ခင်ဗျာ၊ အခုဆိုရင် ရန်ကုန်နဲ့ မြန်မာပြည်နေရာတော်တော်များများမှာ နေ့အပူချိန်တွေပြင်းထန်လာပြီဆိုတော့ ဒီနှစ်နွေရာသီအခြေအနေ ဘယ်လိုများရှိမလဲပြောပြပေးပါဦးဗျာ၊
ဦးထွန်းလွင်။ ။ နွေရာသီတစ်ခုလုံးအပူချိန်ကတော့ ပုံမှန်အပူချိန်ဖြစ်မြဲ အပူချိန်ထက်ကျော်မယ်လို့ ကျနော်တို့ခန့်မှန်းပြီးပါပြီ၊ အဲ့တော့ရှမ်းပြည် နယ်မြောက်ပိုင်းကချင်ပြည်နယ်မှာ သေချာဖို့ ၇၀ ရာခိုင်နှုန်းထိရှိပါတယ်၊ တင်္နသာရီမှာ သေချာဖို့ ၆၀ ရာခိုင်နှုန်းရှိပြီးတော့ ကျန်တပြည်လုံးကတော့ သေချာမှု ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိရှိပါတယ်၊ အဲ့တော့ ပိုပူမယ်လို့ခန့်မှန်းထားပါတယ်၊
ကိုကျော်သူ။ ။ ဆရာကြီးပုံမှန်ထက် ပိုပူမယ်ဆိုတော့ ပုံမှန်အခြေအနေကရော ဘယ်လိုပြောနိုင်မလဲဗျ၊
ဦးထွန်းလွင်။ ။ ခါတိုင်းနွေရာသီထက်ပိုပူမယ်လို့ပြောတာပေါ့ဗျာ၊ ဥပမာအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းက ၄၀လောက်ဆိုရင် ဒီနှစ် ၄၂၊ ၄၃ လောက်ရှိ မှာပေါ့၊
ကိုကျော်သူ။ ။ ဆရာကြီး အခုခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းကရော အရင်နှစ်တွေထက်စာရင် ဘယ်လိုကွာခြားမှုများရှိမလဲဆရာ။
ဦးထွန်းလွင်။ ။ အရင်နှစ်နဲ့မကွာဘူး၊ အရင်နှစ်လိုဆိုးတာပဲ၊ အရင်နှစ်နဲ့ကွာတယ် ဆိုတာပိုကောင်းလာရင်တော့ ကွာတာပေါ့၊ အဲ့တော့အရင်နှစ်လို ပဲဆိုးဦးမှာပဲ၊ အခု လောလောဆယ်ကို လွန်ကဲတဲ့ အဆင့် ၁၁ ကျော်တာ တိုင်းဒေသကြီး ၇ ခုနဲ့ ပြည်နယ် က ၆ ခုလောက်ရှိတယ်၊ တနိုင်ငံလုံးနီးပါးဖြစ်နေပြီ။
ကိုကျော်သူ။ ။ ဒါဆိုဆရာကြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းက ဒီနှစ်လဲ ပိုဆိုးမဲ့သဘောမျိုးလို့ပြောလို့ရလားဆရာကြီး။
ဦးထွန်းလွင်။ ။ ဒီနှစ်လဲဆိုးမဲ့အဆင့်ရှိပါတယ်၊ ပိုဆိုးတယ်ဆိုတာတော့ ပြောလို့မရဘူးပေါ့နော်၊ မနှစ်ကလဲ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းက ၁၅ ကျော်လောက်ထိတက်တာ၊ အဲ့ထက်တော့ပိုဆိုးရင် ကျနော်တို့နေစရာရှိမှာ မဟုတ်တော့ဘူး၊ အဲ့တော့ဆိုးတယ်ဆိုတဲ့အဆင့်တော့ရောက်ဦးမှာပဲ။
ကိုကျော်သူ။ ။ အခုနွေရာသီကာလမှာ ပြည်သူတွေအနေနဲ့ ဘယ်လိုပြုမူ နေထိုင်ဖို့လိုအပ်မလဲဗျ၊ ရာသီဥတုဆိုးဝါးတယ်ဆိုတော့လေ။
ဦးထွန်းလွင်။ ။ ဒီမှာက နွေကတော့သိပ်ပီပြင်လွန်းအားကြီးတာပေါ့ဗျာ၊ အပူချိန်ကလဲမြင့်မယ်၊ ခရမ်းလွန်ရောင်ခြည်ကလဲမြင့်မယ်ဆိုတော့ အဓိက အများဆုံးရှိမှာကျန်းမာရေးပေါ့၊ အဲ့တော့နွေမှာအပူချိန်မြင့်မယ်ဆိုရင် အပူလှိုင်း ဒဏ်လာမယ်၊ အပူလှိုင်းဒဏ်လာရင် အပူလျှပ်တက်တယ်၊ အပူလျှပ် ရင် လေဖြတ်တာ၊ ဦးနှောက်သွေးကြောပြတ်တာ၊ ကျန်းမာရေး အသက်အန္တရာယ်အကုန်ရှိနိုင်တယ်၊ အခုဆိုရင်ပဲ သတိလစ်ပြီးမေ့လဲတာတွေဘာတွေ ကြားနေရပြီပေါ့နော်၊ အဲ့ဒါကတော့ အရေးကြီးဆုံးသတိထားရမှာကျန်းမာရေးပေါ့နော်၊ ခရမ်းလွန်ရောင်ခြည်က လဲကျန်းမာ ရေးပဲ၊ ခရမ်းလွန်ရောင်ခြည်က ၁၁ ထက်ကျော်ရင် ကျန်းမာရေး ထိခိုက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်ထားတာ၊ အဲ့တော့ ဖြစ်နိုင်တဲ့ရောဂါ လေးမျိုးရှိတယ်၊ အရေပြားနေလောင် တာရှိတယ်၊ အရေပြားကင်ဆာရှိတယ်၊ မျက်စိ အာရုံထိခိုက်တာ ရှိတယ်၊ သားသမီးမရနိုင်တဲ့အရောကည်ပျက်ဆီးတာရှိတယ်၊ နောက်ပြီးတော့ပြဿနာ တစ်ရပ်က ဒီလိုရာသီမှာအားလုံးနဲ့ဆိုင်တဲ့ ကျန်းမာရေးရော၊ လူမှုရေးရော၊ စီးပွားရေး ရောအားလုံးဆိုင်တာတော့ ရေရှားတာပဲ၊ ရေရှားတာက သောက်သုံးရေ လဲရှားနိုင်တယ်၊ စိုက်ပျိုးရေလဲရှားနိုင်တယ်၊ နောက်တတိယအန္တရာယ်သတိထားရမှာတော့ မြန်မာပြည် မှာတော့အလွန်ခတ်စားတာပေါ့၊ အဲ့ဒါဘာလဲဆိုတော့ မီးလောင်တာ၊ အဲ့သုံးခုကတော့ သတိထားရမဲ့အားလုံးပါပဲ၊ ရာသီဥတုကိုပြည်သူတွေဂရုစိုက်ဖို့နဲ့ အမြဲတမ်းသတင်း အချက်အလက်တွေကို ဂရုစိုက်ကြဖို့ ဒါလေးပြောချင်တယ်၊ နောက်မကြာခင်လဲ မုန်တိုင်းရာသီကစတော့မှာမို့လို့ ဧပြီလလယ်လောက်ကစပြီး သတိထားဖို့လိုတယ်လို့ ဒါလေးတော့ပြောချင်ပါတယ်၊
ကိုကျော်သူ။ ။ ဆရာကြီးနွေရာသီပေါ့လေ၊ ပူပြင်းတဲ့ကာလတဲ့အနေနဲ့ဆိုရင် အချိန်ကာလအားဖြင့်ဘယ်လောက်များကြာမလဲဆရာကြီး။
ဦးထွန်းလွင်။ ။ ပြောရရင်တော့ မတ် ၁ ရက်ကနေ ဧပြီ ၁၅ ထိကတော့ တရားဝင်သတ်မှတ်ထားပါတယ်၊ အဲ့ဒီနောက်ပိုင်းမှာလဲ ပူတာတော့ပူဦးမှာပေါ့၊ ဒါပေမဲ့မိုးလေးရွာလိုက်၊ ပူလိုက်ပေါ့ဗျာ၊ အဲ့လိုသွားမှာပေါ့။
ကိုကျော်သူ။ ။ ဆရာကြီး အခုလိုဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး။
ဦးထွန်းလွင်။ ။ ဟုတ်ကဲ့