ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကို ယာယီအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၇ ဦးနဲ့ ဒီနေ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။ အဲ့ဒီယာယီအလုပ်အမှုဆောင်အဖွဲ့ဝင်တွေက ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
ယာယီအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ မအိဆွေမြတ်ကို RFA သတင်းထောက် ကိုအောင်ကိုကိုက တွေ့ဆုံမေးမြန်းထားပါတယ်။
ယာယီအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ မအိဆွေမြတ်နဲ့ မေးမြန်းချက်အပြည့်အစုံ
အောင်ကိုကို။ ။ တက္ကသိုလ်ကျောင်းသား သမဂ္ဂညီမတို့ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ရယ်၊ ဘယ်လိုကြောင့် ဖွဲ့ဖြစ်တယ်၊ နောက်ပြီးတော့ ရှေ့ဆက်ဘယ်လိုများလုပ်ဆောက်သွားမလဲဆိုတာကို ပြောပြပါဦး။
အိဆွေမြတ်။ ။ ကျနော်တို့ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ အခုဆိုရင် ပြည်သူ့အတွက်ဆိုရင် ပြည်သူ့ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ရှိတယ်၊ အဲ့တော့ ကျနော်တို့ ကျောင်းသားတွေဆိုရင် ကျောင်းသားကိုယ်စားလှယ်၊ ကျောင်းသား လွှတ်တော်အနေနဲ့ ကျောင်းသားသမဂ္ဂလို့ ကျနော်တို့ကပြောချင်တယ်၊ အဲ့တွက် ဒီနိုင်ငံမှာဆိုရင် ကျောင်းသားအခွင့်အရေးတွေဆုံးရှုံးနေတာတွေအများကြီးရှိတယ်၊ တကယ်တော့ ကျောင်းသားတွေကို ကောင်းမွန် တဲ့ ထောက်ပံ့မှုတွေမပေးနိုင် ဘူး၊ အဲ့တော့ ကျောင်းသားသမဂ္ဂအနေနဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေအကုန်လုံး၊ ကျောင်းသားတွေတန်းတူရရှိဖို့ ကျနော်တို့ ကျောင်းသားသမဂ္ဂအနေနဲ့ အစွမ်း ကုန် ဆောင်ရွက်သွားမယ်၊ ပြီးတော့ ကျောင်းသားသမဂ္ဂအဆောက်အဦး၊ ကျောင်းသားသမဂ္ဂ အဆောက်အဦးက ၁၉၃၀ ကျောင်းသားသမဂ္ဂ စပြီး ဖွဲ့စည်း က တည်းက ကိုလိုနီအစိုးရကနေပြီးတော့ ကျောင်းသားသမဂ္ဂ ဆောက်အဦးနဲ့တကွ သမဂ္ဂကို အသိအမှတ်ပြုခဲ့ရတာပါ၊ အဲ့ဒါကို ၁၉၆၂ မှာဗုံးခွဲပြီးတော့ ဖျက်ဆီး ခံလိုက်ရတယ်၊ အဲ့တော့အခု ၂၀၁၄၊ ၂၀၁၅ ခုနှစ်ရောက်နေပြီ၊ ကျနော်တို့ကို ပြန်လည်ပြီးတော့ ဆောက်လုပ်ပေးသင့်နေပါပြီ၊ ကျနော် တို့ ကျောင်းသားထုကို အစိုးရအနေနဲ့ နေရာတစ်နေရာ အသိအမှတ်ပြုဖို့ကောင်းပါပြီ၊ သမဂ္ဂအဆောက်အဦးဆိုတာ ကျနော်တို့ကျောင်းသားတွေရဲ့ ရင်ထဲမှာတော့ ဒါနေပြည်တော် မှာထားတဲ့လွှတ်တော်လို ကျနော်တို့ရဲ့လွှတ်တော်တစ်ခုပါပဲ၊ ကျနော်တို့အသံကို အကောင်းမွန်ဆုံးပြန်ပြီးတော့ ထုတ်ကြားပေးနိုင်တဲ့ လွှတ်တော် တစ်ခုပေါ့၊ ပြန်ပြီးတော့ အမြန်ဆုံးဆောက်စေချင်ပါပြီ။
အောင်ကိုကို။ ။ အဲ့တော့ဒီကျောင်းသားသမဂ္ဂအဆောက်အဦးအပြင် အခုလက်ရှိဖြစ်နေတဲ့ အမျိုးသားပညာရေး ဥပဒေပေါ့၊ အဲ့အနေအထားတွေပေါ်မှာရော သမဂ္ဂအသင်းအဖွဲ့အနေနဲ့က ဘယ်လိုမျိုးတွေလုပ်ဖို့ အစီအစဉ်ရှိပါလဲ။
အိဆွေမြတ်။ ။ ဟုတ်ကဲ့ဒီအမျိုးသား ပညာရေးဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂအနေနဲ့ မကြာခင်မှာ ထုန်ပြန်သွားမှာပါ၊ ဒီအမျိုးသားပညာရေး ဥပဒေဆိုတာလဲ ကျနော်တို့ ကျောင်းတွေနဲ့ဆိုင်တဲ့ ဥပဒေမူကြမ်းတစ်ခုပေါ့နော်၊ အဲ့ဒါကို တစ်တိုင်းပြည်လုံးက ကျောင်းသားတွေအတွက် ကျနော်တို့ပညာရေးစနစ်ကောင်းအောင်လုပ်ပေးနိုင်တဲ့ အကိုတွေ၊ အမတွေ၊ ရဲဘော်တွေအကုန်လုံးကို အသိအမှတ်ပြုပါတယ်။
အောင်ကိုကို။ ။ နောက်ပြီးတော့ ဘယ်သူတွေပါပြီး၊ ဘယ်နှစ်ယောက်နဲ့ဖွဲ့စည်းထားတာလဲဗျ။
အိဆွေမြတ်။ ။ ဟုတ်ကဲ့ အခု ကျနော်တို့ ယာယီအလုပ် အမှုဆောင်အဖွဲ့မှာ ၁၇ ယောက်ပါပါတယ်၊ ၁၇ ယောက်မှာ ဒုတိယနှစ်နဲ့ အမ်ဝမ်း၊ အမ်တူး မာစတာတွေနဲ့ ဖွဲ့စည်းထားတာပါ၊ ကျနော်တို့ မြန်မာစာ၊ သမိုင်း၊ ဘူမိ၊ အိုင်အာတို့ ကျနော်တို့ မေဂျာတော့မဆုံသေးပါဘူး၊ ဒါယာယီအလုပ်အမှုဆောင်အဖွဲ့ပါ၊ ကျနော်တို့ နောက်ပိုင်း အဖွဲ့ဝင်တွေခေါ်မယ်၊ ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီးသွားပြီဆိုတော့ ကျနော်တို့ ၇န်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ ယာယီမလုပ်အမှုဆောင်အဖွဲ့ရှိသွားပြီ၊ နောက်ပိုင်း အဖွဲ့ဝင်တွေဝင်လာတဲ့အခါ အတည်တကျအလုပ်အမှုဆောင်အဖွဲ့ တစ်ခုအမြန်ဆုံးဖွဲ့နိုင်အောင်ကြိုးစားမယ်၊ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အမျိုးသားဥပဒေ၊ နောက်ထပ်ထွက်လာမယ့် ပညာရေးဥပဒေတွေ ဖြစ်စဉ်တိုင်းဖြစ်စဉ်တိုင်းမှာ ကျနော်တို့အမြဲတမ်းလေ့လာနေမှာ၊ တစ်စုံတစ်ရာ ကောမန့်ပေးနိုင်အောင် ကျနော်တို့ အမြဲတမ်းကြိုးစားနေမှာပါ၊ ကျနော်တို့ဖက်က လိုအပ်တယ်ထင်လို့ရှိရင်လဲ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် အမြဲအဆင်သင့်ရှိနေပါတယ်။
အောင်ကိုကို။ ။ နောက်တစ်ခုက တက္ကသိုလ်ကျောင်းသားများ သမဂ္ဂပေါ့နော်၊ ဒီအသင်းအဖွဲ့က ဒီတက္ကသိုလ်ဝင်းထဲမှာရှိတဲ့ ကျောင်းသားတွေအကုန်လုံးကို ကိုယ်စားပြုလား။
အိဆွေမြတ်။ ။ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဆိုတာဒီရန်ကုန်တက္ကသိုလ်မှာရှိတဲ့ ကျောင်းသားတွေအကုန်လုံးအပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေအကုန်လုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ကျနော်တို့တွေခံယူထားပါတယ်။
အောင်ကိုကို။ ။ အခုလို ဖြေကြားပေးတဲ့ ညီမကို RFA ကနေကျေးဇူးတင်ပါတယ်။