ကပ်ဘေးကြောင့် ဘိန်းစိုက်ပျိုးမှု လျော့ကျ

စိုးစိုးထက်
2020-10-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကပ်ဘေးကြောင့် ကဏ္ဍအသီးသီးမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုလည်း ပါဝင်ပါတယ်။ ဈေးကွက် ကမောက်ကမ ဖြစ်တဲ့အတွက် ကယန်းတိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု အကြီးအကျယ် ကျဆင်းသွားတယ်လို့ သိရပါတယ်။

ဘိန်းကို အစဉ်အဆက်စိုက်ပျိုးခဲ့ကြတဲ့ ကယန်းဒေသမှာ ဘိန်းစိုက်ပျိုးမှု ဒီနှစ်မှာ ဆယ်ပုံတစ်ပုံခန့် လျော့ကျသွားတယ်လို့ ဘိန်းစိုက်တောင်သူတွေက ခန့်မှန်းကြပါတယ်။ ဘိန်းဈေးအကျဘက်ရှိနေချိန် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာအနှံ့ကူးစက်မှုကြောင့် ဘိန်းဈေးကွက် ပျက်သွားတာဖြစ်တယ်လို့ တောင်သူတွေက ခန့်မှန်းကြပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘိန်းစိုက်တောင်သူတွေက စိုက်ခင်းဧကပမာဏကို စနစ်တကျ ပြုစုထားတာမရှိပေမယ့် မျက်မြင်ခန့်မှန်းချက်အရ ဆယ်ပုံတစ်ပုံခန့် လျော့ကျနိုင်တယ်လို့ ပြောကြပါတယ်။ ဒါကြောင့် ဘိန်းအစား ပြောင်း၊ လက်ဖက်၊ ကော်ဖီ၊ လိမ္မော်သီး၊ ထောပတ်သီးနဲ့ ဝဥတွေကို တပိုင်တနိုင် စိုက်လာကြပါတယ်။

“ဒီနှစ်အခြေအနေဆို လုံးဝနည်းပြီ။ ဘာဖြစ်လဲဆို တရားမဝင်တဲ့အတွက်ကြောင့်ရော၊ နိုင်ငံတော်လည်း လိုက်ဖမ်းဆီးတာများတယ်၊ ပြီးတော့ ဈေးကွက်လည်း ပျောက်နေတယ်။ တောင်သူတွေလည်း အဲဒါ သိပ်စိတ်မဝင်စားဘဲနဲ့ အခြားသီးနှံတွေ ပြောင်းစိုက်ဖို့ စိတ်ကူးနေကြတယ်”

ယခင်က ဘိန်းမဲတစ်ပိသာကို ၆ သိန်းအထိ ဈေးကောင်းရရှိခဲ့ပေမယ့် ၂၀၁၇ခုနှစ် နောက်ပိုင်း တစ်ပိသာကို နှစ်သိန်း ဝန်းကျင်သာ ဈေးပေါက်တော့တယ်လို့ ဘိန်းစိုက်တောင်သူတွေက ပြောပါတယ်။

ဘိန်း ၁၀ ဧကလောက် စိုက်ဖူးတဲ့ တောင်သူတစ်ဦးကလည်း ဘိန်းကို စိတ်ကုန်လာတဲ့အကြောင်း ရှင်းပြပါတယ်။

“၂၀၁၃ ခုနှစ်မှာ ဘိန်းက အရိုးသားဆုံးပြောမယ်ဆို ကျနော် ၁၀ ဧကကျော် စိုက်တယ်။ ကိုယ်ပိုင် အရင်း တစ်ကျပ်မှ မရှိဘူး။ သူများဆီမှာ သိန်း ၇၀ ကျော်တောင်မှ သွားချေးယူတယ်။ အဲဒီနှစ်က ရာသီဥတုကြောင့် ဘိန်းက အားလုံးနီးပါး ပျက်တယ်။ အတိုးရော၊ အရင်းရော သိန်း ၁၀၀ ဆပ်ရတယ်။ မြေကွက်တွေ ကျသွားတာပေါ့၊ ပစ္စည်းတွေ၊ ဒါကြောင့် စိတ်ကုန်သွားတာ။”

ဒါပေမဲ့လည်း ဝင်ငွေရလမ်းကောင်းတဲ့ဘိန်းကို အနည်းငယ် ဆက်စိုက်ဖို့သူက ဆုံးဖြတ်ထားပါတယ်။ တခြားတဖက်မှာတော့ မိသားစုပိုင်မြေ ၇ဧကမှာ ထောပတ်၊ ငှက်ပျော၊ သရက်၊ ကော်ဖီ၊ ပိန္ဒဲ၊ ဝဥပင်တွေကို စိုက်ပျိုးထားပါတယ်။

ဘိန်းခင်းတွေကို အာဏာပိုင်တွေ လာရောက်ဖျက်ဆီးပေမယ့်၊ နောက်ထပ်မစိုက်ဖို့ အစားထိုး လုပ်ဆောင်ပေးတဲ့စီမံကိန်းလည်း မရှိတာကြောင့် ဘိန်းခင်း သံသရာ လည်နေပါတယ်။

“အမှန်တကယ် ဦးလေး သိသလောက်ဆို ဘိန်းဖျက်တယ် ဆိုတာ အစားထိုးပေးပြီးတော့ ဖျက်မလား၊ ဖျက်ပြီးတော့ အစားထိုးပေးမလား။ ဒီနှစ်ချက်နော်။ အခု အစားထိုးလည်း မပေး၊ ဖျက်တယ်။ ဖျက်ပြီးလည်း အစားထိုးမပေးဘူး။ ဥပဒေကို ချိုးဖောက်ချင်လို့ စိုက်တာ မဟုတ်ဘူး။ နိုင်ငံတော် တော်လှန်ပုန်ကန်ချင်လို့ စိုက်တာမဟုတ်ဘူး။ မိသားစု စားဝတ်နေရေး အခက်အခဲ လုံးဝမတတ်သာလို့ ကျနော် တို့ စိုက်ခြင်းသာ ဖြစ်တယ်လေ။ ဘိန်းစိုက်တာ သားကောင်တွေ၊ လူမိုက်၊ ဥပဒေ ချိုးပေါက်တဲ့ကောင်ပြောတာက သူတို့ပြောပြော၊ ကျနော်တို့အတွက်တော့ သူတို့မမြင်ဘူး။ သူတို့မသိဘူး”

ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့မှာလည်း ဘိန်းစိုက်ပျိုးမှု ရှိနေပါတယ်။ စားဝတ်နေရေး ချောင်လည်ဖို့ ဘိန်းစိုက်နေသူတွေကို တခြားသီးနှံပြောင်းလဲ စိုက်ပျိုးစေဖို့ စီစဉ်ပေးရေးမှာ အခက်အခဲတွေရှိတယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ကယန်း (ပဒေါင်) တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ခွန်းအေးမောင်က ပြောပါတယ်။

National plan လို့ ခေါ်တဲ့ ဗဟိုအစိုးရက မူဝါဒချမှတ် အကောင်အထည် ဖော်မှသာ အောင်မြင်နိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝန်ကြီး ခွန်းအေးမောင်က ပြောပါတယ်။

“ဒါကတော့ National plan လုပ်မှ ရမယ်လေ။ တစ်ဦးတစ်ယောက် ထလုပ်လို့ ဘယ်ရမလဲ။ ဘိန်းအစားထိုး လုပ်ငန်းဆိုတာက နိုင်ငံတော်ကနေ တိုက်ရိုက်ကိုင်တွယ်မှပဲ ဖြစ်မှာ”

ဘိန်းစိုက်ပျိုးမှု တကယ်လျှော့ချမယ်ဆိုရင် ဒေသသီးနှံတွေအတွက် ဈေးကွက်ဖော်ဖို့ လိုအပ်ကြောင်း ဖယ်ခုံ၊ လအိကျေးရွာရှိ ဟန့်အို တိုက်နယ် ကက်သလစ် သာသနာ ဘုန်းတော်ကြီး ဖာသာရ်ပေါသန်းက အကြံပြုပါတယ်။

“အခုက မစိုက်နဲ့ဘဲပြောတော့၊ ဘာမှမပေးဘူးဆိုတော့ ဘာမှမထူးဘူးပေါ့နော်။ အကယ်၍ မစိုက်နဲ့၊ ပြီးတော့မှ ဒီဟာ စိုက်ပေးပါ၊ ဒီဟာလုပ်ပေးပါ။ ဒါ ဈေးကွက် တကယ်လုပ်ပေးမယ်။ ဖော်ဆောင်ပေးမယ်ဆိုရင် အဲဒီဟာတွေ ကလည်း အားလုံးကလည်း သဘောပေါက်လာမယ်လို့ မျှော်လင့်တာပေါ့နော်”


ဖာသာရ်ပေါသန်းဟာ ဒေသတွင်း ဘိန်းစိုက်ပျိုးမှု လျော့ချနိုင်ဖို့အတွက် လမ်းပြတဲ့အနေနဲ့ သာသနာကပိုင်တဲ့ မြေကွက် နှစ်ဧကနီးပါးရှိတဲ့ စံပြကော်ဖီစိုက်ခင်းမှာ အပင်ရေ ၇၀၀ စိုက်ပျိုးထားပါတယ်။

နှစ်ရှည်ပင်စိုက်ပျိုးတာဟာ အချိန်ကြာတဲ့အတွက် လက်ရှိ စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့ တောင်သူတွေက နှစ်တိုပင်တွေကိုလည်း စမ်းသပ်စိုက်ပျိုးနေကြတယ်လို့ ဖယ်ခုံမြို့ တောင်သူတဦးက ရှင်းပြပါတယ်။

“အခြားသီးနှံဆိုလည်း အာလူးစိုက်မလား၊ နှစ်တိုပေါ့နော်။ ကျနော်တို့ နှစ်ရှည်တော့ စိုက်ကြပါတယ်။ ဒါပေမဲ့ နှစ်ရှည်က လေးငါးနှစ်မှ စားရမယ့်အသီးလေ။ စားဝတ်နေရေးက လေးငါးနှစ်မှ အဆင်ပြေမှာ။ နှစ်တိုကို ဘာစိုက်ရမလဲဆိုတာ ကျနော်တို့ စမ်းနေတယ်”


နှစ်ရှည်ပင်ခြံထဲကနေ အကျိုးအမြတ်တွေရလာရင် အသက်ရှုချောင်သွားမယ်လို့ ဖယ်ခုံဒေသခံ တောင်သူတစ်ဦးက ဆိုပါတယ်။

“ထောပတ်စိုက်ပါ၊ ငါဝယ်မယ် ဘယ်ကုမ္ပဏီ၊ ဘယ်အစိုးရ၊ ဘယ်ဌာနမှ မပြောဘူး။ ဒါပေမဲ့ ကိုယ့်အသိနဲ့ကိုယ် တအားလွတ်မြောက်ချင်တော့ အကြွေးဘဝကနေ လွတ်မြောက်ချင်တယ်၊ ဘိန်းစိုက်တဲ့ဘဝကနေ လွတ်မြောက်ချင်လို့ မျက်စိမှိတ်ပြီးတော့ လုပ်လိုက်တာ”

ဘိန်းအစားထိုးသီးနှံအဖြစ် ကယန်းဒေသတွင်း ထောပတ်ပင်ရေ တစ်သိန်းခန့် စိုက်ပျိုးထားကြပေမယ့်လည်း ဈေးကွက်အခြေအနေက အာမခံချက်မရှိပါဘူး။

“ဝဥဖြစ်ဖြစ်၊ ထောပတ်ဖြစ်ဖြစ် ကျနော်တို့ စိုက်စမ်းလာပြီ။ အောင်လည်း အောင်ပြီ။ ဒါပေမဲ့အဲ့ဒီဟာက စိုက်လို့တော့ရတယ်။ ဒီစိုက်တဲ့ဟာ ဈေးကွက်မရှိရင်၊ ခိုင်မာတဲ့ ဈေးကွက်တစ်ခု၊ သေချာတဲ့ ဈေးကွက်တစ်ခု မရှိရင် ကျနော်တို့ဘဝက ပြန်ပြီး ပြိုလဲတော့မှာပဲ”

ကယန်းအမျိုးသားပါတီ KNP ရဲ့ ဖယ်ခုံမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်လောင်း ခွန်းဒီးဒီက ဘိန်းစိုက်တောင်သူတွေကို အကာအကွယ်ပေးနိုင်ရေးနဲ့ ခိုင်မာတဲ့ဈေးကွက်စနစ် ဖြစ်ပေါ်လာရေးအတွက် မူဝါဒတစ်ရပ်ကို သူတို့ပါတီက ထည့်သွင်းစဉ်းစားထားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရဲ့ မူဝါဒထဲမှာ ချမှတ်ထားတာက ဘိန်းစိုက်တောင်သူဆိုတာက ရာဇဝတ်သားတွေ မဟုတ်ဘူးပေါ့နော်။ သူတို့ဟာ တောင်သူတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ ခုနကပြောတဲ့ ဘိန်းစိုက်တောင်သူတွေနဲ့ ပတ်သက်ပြီးတော့မှ အစိုးရကနေပြီးတော့မှ သူတို့ကို တရားဝင်ဘိန်းစိုက်ပျိုးခွင့် ပုံစံမျိုးနဲ့ ဖန်တီးပေးနိုင်မယ့် စနစ်လေးတစ်ခု ပေါ်ထွန်းလာဖို့ လိုအပ်လိမ့်မယ်လို့ ယူဆပါတယ်”

ဘိန်းက ကောင်းတဲ့ဘက်ကနေ အကျိုးပြုနိုင်တဲ့ ကုန်ကြမ်းဖြစ်တာကြောင့် ဘိန်းစိုက်တောင်သူတွေကို အကန့်အသတ်နဲ့ စိုက်ပျိုးခွင့်ပေးပြီး အစိုးရဆီမှာ တရားဝင်ရောင်းဝယ်တဲ့ စနစ်တစ်ခု ဖော်ဆောင်သင့်တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာကယားပြည်နယ် ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာ ဖုန်းနဲ့ ဖြေကြားဖို့ အချိန်မှာ အဆင်မပြေနိုင်သေးဘူးလို့ အကြောင်းပြန်ထားပါတယ်

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC ရဲ့ ၂၀၁၉ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှာ ၂၀၁၄ ခုနှစ်က ၅၇၆၀၀ ဟက်တာရှိပြီး ၂၀၁၉မှာတော့ ၁၁ ရာခိုင်နှုန်း၊ ဟက်တာ ၃၃၀၀၀ ကျော်အထိ ကျဆင်းလာတယ်လို့ ဖော်ပြထားပါတယ်။

ကယားပြည်နယ်နဲ့ ချင်းပြည်နယ်နှစ်ခုပေါင်းကတော့ သုံးရာခိုင်နှုန်း၊ ၁၂၀၀ ဟက်တာအထိ ကျဆင်းကြောင်း ဖော်ပြထားပါတယ်။ ဘိန်းစိုက်ပျိုးမှုအခြေအနေမှာ ရှမ်းပြည်မြောက်ပိုင်းမှာ ၇ ရာခိုင်နှုန်း၊ ရှမ်းအရှေ့ပိုင်းမှာ ရှစ်ရာခိုင်နှုန်းနဲ့ ရှမ်းတောင်ပိုင်းမှာ ၁၇ ရာခိုင်နှုန်း အသီးသီး လျော့ကျသွားတယ်လို့ ပါရှိပါတယ်။ ပြည်တွင်းထုတ်လုပ်မှုအရ ခြောက်တန်ကို အမေရိကန်ဒေါ်လာ သန်း ၂၉၀ အထိ ရှိပေမယ့်၊ ကမ္ဘာ့ဈေးကွက်ကို တင်ပို့လိုက်တဲ့အခါမှာ ဒေါ်လာ တစ်ဘီလီယံအထိ အကျိုးအမြတ် ရရှိကြောင်း ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှဒေသမှာ ဘိန်းသုံးစွဲသူ သုံးသန်းဝန်းကျင်ရှိပြီးတော့၊ ဈေးကွက်ထဲမှာ တစ်နှစ်လျှင် ဆယ်ဘီလီယံအထိ ရရှိတယ်လို့လည်း ဖော်ပြပါရှိပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့