ကယန်းကြေးကွင်းပတ်ဓလေ့ အရေးတကြီး ထိန်းသိမ်းဖို့ လိုအပ်နေ

စိုးစိုးထက်
2020-08-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကရင်နီတိုင်းရင်းသား မျိုးနွယ်စု ကိုးခုထဲက လည်ပင်းကြေးကွင်းပတ်တဲ့ ကယန်းကခေါင်းအမျိုးသမီး အရေအတွက်ဟာ ငါးရာဝန်းကျင်သာ ကျန်ပါတော့တယ်။ ရှေးပဒေသရာဇ်ခေတ်ကတည်းက ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာခဲ့ကြတဲ့ ကြေးကွင်းပတ်ယဉ်ကျေးမှုနဲ့ မျိုးနွယ်စုတစ်ခုလုံး ကွယ်ပျောက်သွားမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

နဂါးအနွယ်ဝင်တွေလို့ ယုံကြည်တာကြောင့် ကရင်နီမျိုးနွယ်စုတွေထဲက ကယန်းအမျိုးသမီးတွေဟာ မိခင်နဂါးနဲ့တူအောင် လည်ပင်းမှာ ကြေးကွင်းအထပ်ထပ် ဝတ်ဆင်ကြတယ်လို့ ရှေးလူကြီးတွေက ပြောကြပါတယ်။ ကယန်းမျိုးနွယ်စု လေးခုထဲက ကယန်းကခေါင်း တိုင်းရင်းသူ အများစုဟာ ကြေးကွင်းပတ် ကြတာပါ။ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာခဲ့ကြတဲ့ ကြေးကွင်းပတ် ယဉ်ကျေးမှုဟာ ၂၁ ရာစုမှာတော့ လူဦးရေ ရာဂဏန်းသာ ကျန်ပါတော့တယ်။

ကြေးကွင်းတွေကို ဘဝရဲ့နောက်ဆုံးအချိန်အထိ တမြတ်တနိုး ဝတ်ဆင်ကြတာ ရှိသလို၊ တချို့ဆိုရင် သားသမီးတွေကို  အမွေအဖြစ် ပေးတဲ့ဓလေ့လည်း ရှိပါတယ်။ ဒီမော့ဆိုမြို့နယ်၊ ပန်ပက်ကျေးရွာက မူကိန့်က သေတဲ့အထိ ကြေးကွင်းပတ်ထားဖို့ ဆုံးဖြတ်ထားသူ တစ်ဦးပါ။

“ရိုးရာပဲနေမယ်ပေါ့၊ အမေတို့တုန်းကလည်း ပတ်ခဲ့လို့ အဒေါ်တို့လည်း အခုဆက်ပတ်ထားတာ။ ပျော်လားမပျော်လားတော့ မသိဘူး၊ ငယ်ငယ်တုန်းကဆို သူများ အယောက်တိုင်းပတ်တော့ ကိုယ်လည်း ပတ်ချင်တယ်။ ငါးနှစ်ကနေ စပတ်တာ အသက် ၇၀၊ ၈၀ လောက်အထိ ပတ်မယ်ပေါ့။ မဖြုတ်ဘူး၊ သေတဲ့အထိယူသွားမယ်”

ကြေးကွင်းပတ်တဲ့ယဉ်ကျေးမှုဟာ ဗမာမင်း အနော်ရထာ နန်းစံပြီးတဲ့ အေဒီ ၁၀၇၀ ခုနှစ် ဝန်းကျင်လောက်က ဖြစ်တယ်လို့ ကယန်းလူမှုရေးအဖွဲ့ (Kayan Welfare Society) KWS က စီစဉ်တင်ဆက်ထားတဲ့ ၂၀၀၁ ခုနှစ်ထုတ် 'ကယန်းအမျိုးသား၏ ဆွေစဉ်မျိုး ဆက် မှတ်တမ်းဝင်များ' သုတေသနစာစောင်မှာ ဖော်ပြထားပါတယ်။ ဒီနေ့အထိ မျိုးဆက်သက်တမ်း ၃၅ ဆက်ရှိပြီး နှစ်ပေါင်း ၉၃၀ ဝန်းကျင် ကြာမြင့်ခဲ့ပြီလို့ ခန့်မှန်းကြပါတယ်။

ဒါပေမယ့် ဒီကနေ့ခေတ် လူငယ်အမျိုးသမီးတွေ ကြားမှာတော့ ကြေးကွင်းပတ်တဲ့ဓလေ့ကို တိမ်ကောစေဖို့ အစပြုလာတဲ့ ထိုးနှက်ချက်တစ်ခု ရှိလာနေပါတယ်။ အဲဒါကတော့ 'ရှက်စိတ်' ဖြစ်ပါတယ်။  

“သူတို့က ဘာလို့ ပြောင်းလဲကုန်တာလဲ ဆိုတော့ သူတို့က... အဲဒီဟာ ဝတ်တာက ရှက်စရာကြီးပေါ့နော်။ ဝတ်တာကြာလာတော့ လည်ပင်းတွေ ရှည်လာတယ်ဆိုတော့ သူတို့က ရှက်စရာကြီး၊ သူများတွေက အများကြီး ကြည့်ကြတာပဲ။ အင်း ဒါလေးလုပ်တာ ငါတို့အတွက် ဘာအကျိုးရှိမှာလဲ၊ ဘာစားရမှာလဲ... အဲလိုမျိုးတွေဖြစ်လာတယ်”

အသက် ၂၀ အရွယ် ကယန်းတိုင်းရင်းသူ မမူသီတာဝင်း ပြောပြသွားတာပါ။

မမူသီတာဝင်းဟာ ရိုးရာဆိုင် ဖွင့်လှစ်ထားရှိချိန်မှသာ ကြေးကွင်းပတ်လေ့ရှိပါတယ်။ သူ့ကို လွိုင်ကော်မြို့နယ် ဒေါဆန်းဘုန်းရွာက လူထုအခြေပြု ခရီးသွားဈေးဆိုင်တန်းမှာ တွေ့ရတတ်ပါတယ်။  

ခေတ်ကာလအရ ကယန်းအမျိုးသမီးတွေအနေနဲ့ ကြေးကွင်းတွေကို တစ်သက်လုံးပတ်ဖို့ မဖြစ်နိုင်ပေမယ့် မိမိရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့  ပွဲလမ်းသဘင်တွေမှာ ညီညီညာညာ ဝတ်ဆင်ကြဖို့ လိုအပ်တယ်လို့ 'ကယန်းအမျိုးသား၏ ဆွေစဉ်မျိုးဆက် မှတ်တမ်းဝင်များ' စာစောင်ကို သုတေသနပြုစုခဲ့သူ ဦးအလေးရှိုဖန်ရှိုက ပြောပါတယ်။

“ကျနော်တို့ ပတ်ခြင်းဖြုတ်ခြင်းဆိုတာက ပဓာနမထားတော့ပါနဲ့။ ဒါပေမယ့် ဒါက အမျိုးသမီးတွေရဲ့ ကယန်းအဆောင်အယောင်ပါလို့ ညအိပ်တဲ့အခါမှာ ဖြုတ်၊ နေ့အချိန်မှာတပ်လည်း တပ်ပါ။ ဒါပေမယ့် အားလုံးညီညီညာညာ ကျနော်တို့ပွဲတော်ရက် အမျိုးသားနေ့တို့  ကရင်နီနေ့တို့၊ မင်္ဂလာဆောင်တဲ့အခါတို့၊ အိမ်သစ်တက်ပွဲတို့၊ တံခွန်တိုင်ပွဲတို့ အားလုံးဆင်နွဲမှ ပတ်သွားရင်လည်း ဒါရိုးရာပဲ သူများ သတ်မှတ်မှာပါ”

လည်ပင်းကြေးကွင်းပတ်တာဟာ လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ လူရယ်လို့သိတတ်စ ငါးနှစ်အရွယ်က စပြီးတော့ သုံးနှစ်တစ်ကြိမ်၊ ငါး နှစ်တစ်ကြိမ် တစ်ဆင့်ချင်း တိုးဝတ်ဆင်ရပါတယ်။ ဘဝတလျှောက်လုံးမှာ ၁၀ အကြိမ်အထိ တိုးပြီး ဝတ်ဆင်ကြသူတွေလည်း ရှိပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့အခါမှ ပတ်ရင် လည်ပင်းနာတယ်လို့ ကြေးကွင်းပတ် ကယန်းတိုင်းရင်းသူ စမူခန်က ပြောပါတယ်။

“သက်ကြီးပိုင်း အမျိုးသမီးတွေကတော့ တော်တော်များများ ကြေးပတ်ကြသေးတယ်။ အမျိုးသမီးပျိုတွေ ကတော့ ကြေး မပတ်ကြတော့ဘူး။ ဒီတိုင်းပဲ နေကြတာ။ သူတို့ ကျောင်းတက်ဖို့လိုတော့ ကြေးမပတ်ကြဘူးလေ။ ငယ်ငယ်လေးကတည်းက ကြေးမပတ်ပဲ အသက်ကြီးမှ ကြေးပတ်ရင် နာတယ်လေ။ သူတို့လည်း ဘယ်ပတ် ချင်ရှာမလဲ”


ကယန်း ကြေးကွင်းပတ်ရာဇဝင်

ကယန်းအမျိုးသမီးတွေ ကြေးကွင်းပတ်တာဟာ နဂါးအမျိုးအနွယ်ဆိုတဲ့ ယူဆချက်အပြင်၊ ရှေးခေတ်တုန်းက ရှမ်းကုန်သည်တွေဆီမှာ ကြေးဝါတွေပဲ ရောင်းချမှုများလို့ ကြေးထည်ဝတ်ဆင်ကြတာ ဖြစ်နိုင်တယ်လို့ ကယန်းသမိုင်းစာတမ်းပြုစုသူ ဦးအလင်းရှိဖန်က ရှင်းပြပါတယ်။

“ကျနော်တို့ နဂါးရဲ့ပုံစံကို၊ ကျနော်တို့အမေရဲ့ပုံစံကို ကျနော်တို့ ဆင်မြန်းပြီးရွှေတွေသွားရှာလို့ရမလဲ၊ နဂါးဆိုတာ ရွှေကိုနှစ်သက်တယ်လို့ ပြောတဲ့အခါမှာ ရှမ်းကုန်သည်တွေက ကြေးအရောင်းအဝယ် လုပ်တာများတော့ ရွှေမရှိတော့ ရွှေအစား ကြေးအဝါရောင် ဖြစ်တဲ့အတွက်ကြောင့် ရွှေလိုဆင်မြန်းမယ်လို့ ပြောလိုက်တဲ့အတွက် ရှေးလူကြီး မျိုးနွယ်စု ခေါင်းဆောင်တွေ သဘောတူကြတယ်။ သဘောတူလိုက်တဲ့အခါမှာ အမျိုးသမီးတွေကို ကျနော်တို့ သူရဲ့တံဆိပ်ခတ်နှိပ်တဲ့ သဘောမျိုးနဲ့ ကိုယ့်သမီးကို သတ်သတ်မှတ်မှတ် ဖြစ်အောင် အဲဒီအခါကျမှ ကျနော်တို့နဂါးလိုကို ဆင်တယ်”

ကြေးကွင်းပတ်ဓလေ့ရဲ့ နောက်ကွယ်မှာ သမိုင်းအရိပ်မဲတွေလည်း ရှိနေပြန်ပါတယ်။ ပဒေသရာဇ် ဘုရင်ခေတ်တွေတုန်းက ကယန်းပျိုဖြူတွေကို ရှမ်းဘုရင်၊ ဗမာဘုရင်တွေက အဓမ္မသိမ်းပိုက်တာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သမီးပျိုတွေကို ကြေးကွင်းပတ်ပြီး ရုပ်ခွဲခြားလိုက်တဲ့သဘော ရှိတယ်လို့လည်း သုတေသီ ဦးအလင်းရှိုဖန်က သုံးသပ်ပါတယ်။

ကယန်းမျိုးနွယ်စုဟာ ကရင်နီတိုင်းရင်းသား မျိုးနွယ်စု ၉ ခုထဲက တစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ပျဉ်းမနားနယ်၊ ထိုင်းနိုင်ငံနယ်စပ်တွေမှာ ပျံ့နှံ့နေထိုင်နေပြီး လူဦးရေစုစုပေါင်း တစ်သိန်းလေးသောင်းဝန်းကျင် ရှိနိုင်တယ်လို့ ကယန်းလူမှုရေးအဖွဲ့ Kayan Welfare Society (KWS) ၂၀၀၁ ခုနှစ်က ပြုစုထားတဲ့ 'ကယန်းအမျိုးသား၏ ဆွေစဉ်မျိုးဆက် မှတ်တမ်းဝင်များ' စာစောင်မှာ ဖော်ပြပါတယ်။ စစ်အစိုးရခေတ်ကတည်းက ကြေးကွင်းပတ်တဲ့သူဦးရေက စုစုပေါင်း ၉၄၀ ဝန်းကျင်ရှိပြီး၊ လက်ရှိ ၂၀၂၀ ပြည့်နှစ်မှာတော့ ငါးရာဝန်းကျင်ပဲ ကျန်တော့တာပါ။

လက်တစ်ဆုပ်စာပဲ ကျန်တော့တဲ့ ကယန်းကြေးကွင်းပတ် လဝီတွေဟာ ဒီမောဆိုမြို့နယ်ထဲက ပန်ပက်ကျေးရွာအုပ်စုနဲ့ ဒေါဆန်းဘုံး၊ ဟန်တောခူရွာ၊ လိုပူ စတဲ့ကျေးရွာတွေမှာ နေထိုင်ကြပါတယ်။

ကယန်းကြေးကွင်းပတ် လူဦးရေ လျော့နည်းလာတာဟာ အေဒီ ၁၈၅၀ ပြည့်နှစ်မှာ အနောက်ဥပရောပ သာသနာပြုတွေက ကယန်းဒေသမှာ သာသနာပြုဖို့ စတင်တယ်လို့ သမိုင်းသုတေသီ ဦးအလေးရှိုဖန်က ပြောပါတယ်။ ခရစ်ယာန်ဘာသာ ရှေးဦးစွာ ယုံကြည်လက်ခံတဲ့ ကယန်းဂေခို မောင်ပလော့ရွာဒေသမှာ ကြေးကွင်းပတ်တဲ့ဓလေ့ အစောဆုံး ပပျောက်လာခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

 

ကရင်နီနိုင်ငံပျောက်ဆုံးခြင်း

ကရင်နီပြည်နယ်ဟာ တချိန်က သီးခြားလွတ်လပ်ပြီး ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်ရေးနဲ့ နေလာခဲ့တဲ့ နိုင်ငံတစ်ခုပါ။ ၁၈၇၅ ခုနှစ်တုန်းက မြန်မာဘုရင်ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနဲ့ အိန္ဒိယ ဘုရင်ခံချုပ် ကိုယ်စားလှယ် ဆာဒေါ့ကလပ်ဖေါဆစ် (Hon’ble Sir Douglas Forsyth C.B.K.C.S.I)  တို့ချုပ်ဆိုတဲ့ မဟာမိတ်သဘောတူ စာချုပ်မှာ ကရင်နီပြည်နယ်ဟာ သီးခြားလွတ်လပ်တဲ့နယ်မြေဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

“အဲဒီအချိန်အထိကတော့ ကျနော်တို့ ကရင်နီပြည်က သီးခြားလွတ်လပ်တဲ့နိုင်ငံဆိုတာကို ဘာနဲ့ အထောက်အထားပြလို့ရသလဲ ဆိုတော့ နိုင်ငံတကာ စာချုပ်စာတမ်းနဲ့ ပြလို့ရတယ်။ ကရင်နီဘုရင်တွေက ချင်းမိုင်ဘုရင်တွေနဲ့ စာချုပ်ချုပ်ခဲ့တာ ရှိသလို အင်္ဂလိပ်ဘုရင်တွေနဲ့ စာချုပ်ချုပ်ခဲ့တာ ရှိတယ်။ အင်္ဂလိပ် ကိုလိုနီခေတ်မတိုင်ခင်မှာ ကျနော်တို့ ဗမာဘုရင် ကင်းဝန်မင်းကြီးတို့ မင်းတုန်းမင်းတို့နဲ့ စာချုပ်ချုပ်ခဲ့တာ ရှိခဲ့တယ်။”


ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူး ပြောပြသွားတာပါ။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလ အစိုးရရဲ့ထိုးစစ်ခံရပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ်ကနေ ပြည်နယ်တစ်ခုအဖြစ် ရောက်ရှိသွားပါတယ်။ ပြည်တွင်းစစ်က သယ်ဆောင်လာတဲ့ ဆိုးကျိုးတွေဟာလည်း ကရင်နီမျိုးနွယ်စုတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ တိမ်ကောစေတဲ့အချက် ဖြစ်လာခဲ့ပါတယ်။ လူသိန်းချီ ထွက်ပြေးရသလို၊ ရွာပေါင်းရာချီ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းကို အသက်လုထွက်ပြေးရတဲ့ ကရင်နီမျိုးနွယ်ဖြစ်တဲ့ ကယန်း၊ ကယား၊ ကယောစတဲ့ မျိုးနွယ်စုတွေရဲ့  ရိုးရာဓလေ့ တွေမှာလည်း တကွဲတပြားတွေ ဖြစ်ကုန်ပါတော့တယ်။   ဒီးမော့ဆိုမြို့နယ် မြလဲကျေးရွာက ဦးမာသုရှာလာက စစ်ပွဲဖြစ်တော့ ရွာတွေ မီးရှိုးခံရတဲ့အကြောင်း မိဘတွေက ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

“၁၉၄၈ ခုနှစ်နောက်ပိုင်း ရွာမှာစစ်ပွဲတွေဖြစ်တော့ တစ်ရွာလုံး မီးရှို့ခံခဲ့ရပါတယ်။ ဘုရားကျောင်းတစ်ခုပဲ ကျန်တာရယ် ရေက သောက်သုံးဖို့ရေ စမ်းရေကောင်းလို့ ရွာပြန်တည်တာ”

ဒီမော့ဆိုမြို့နယ် ဘိုးလျားကျေးရွာက ဒေါ်စဲမယ်ကလည်း ငတ်ပြတ်လွန်းလို့ ကြုံရာ တောင်းစားတဲ့အထိ ကြုံခဲ့ရတယ်လို့ပြောပါတယ်။  

“အရမ်းဆင်းရဲဒုက္ခတွေ့ခဲ့ရတယ်။ ကျမတို့ ပြေးတုန်းကပေါ့။ အရှေ့ဘက်ပြေးလိုက် မဟုတ်ပြန်ဘူး။ နောက်ဘက်ပြေးလိုက် ရပြန်တယ်။ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက် စားစရာမရှိရင် ဟိုနားတောင်းစား ဒီနားတောင်းစား လုပ်ခဲ့ရတယ်။ ဒုက္ခတွေကတော့ များလွန်းလို့ မပြောနိုင်တော့ဘူး”

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် အတွင်းမှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) နဲ့ အမှတ် (၂) နှစ်ခုမှာ ဒုက္ခသည်တစ်သောင်းကျော် ဒီနေ့အချိန်ထိ ခိုလှုံနေရဆဲပါ။

 

ကြေးကွင်းပတ်တွေကို ထိုင်းက ရွာတည်ပေး

ကရင်နီမျိုးနွယ်စုတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ရာမှာ ကြေးကွင်းပတ် မျိုးနွယ်စုတွေလည်း ပါကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးက ရှင်းပြပါတယ်။

“စစ်တပ်တပ်မတော်တွေဘက်မှာ ထိုးစစ်အရမ်းဆင်လာတဲ့အချိန်မျိုးမှာ ဖြတ်လေးဖြတ်ပေါ့နော်။ ဒီလုပ်လာတဲ့အချိန်မှာ ကျနော်တို့ဘက်က လူတွေ ငတ်ပြတ်ကြတယ်။ စစ်ဘေးစစ်ဒဏ်တွေ အကြီးအကျယ်ခံခဲ့ရတဲ့အချိန်မှာ ထိုင်းဘက်ကို ခိုလှုံခဲ့ကြတဲ့ဟာ ဖြစ်လာတယ်။ အဲဒီကနေစပြီး ထိုင်းကလည်း ထွက်လာတဲ့ ဒုက္ခသည်တွေကို အကျိုးရှိအောင် အသုံးချလိုက်တဲ့ အမြတ် ထုတ်လိုက်တဲ့ဟာ ရှိတာပေါ့။ အထူးသဖြင့် ဒီထိုင်းဘက်ခြမ်းမှာတော့ ကြေးကွင်းပတ်တဲ့သူတွေကို ရွာတည်ပေးပြီးတော့မှ tourism  လုပ်ငန်းတွေ tourism  လာကြည့်လို့ရတယ်။ ဓာတ်ပုံတွေ ရိုက်လို့ရအောင် ဖန်တီးပေးလိုက်တဲ့အတွက် ကျနော်တို့ ကယန်းတော်တော်များများက ထိုင်းဘက်ခြမ်းကို ရောက်သွားတာပေါ့”

ထိုင်းအစိုးရက ရွာတွေ တည်ပေးတဲ့အပြင် စစ်ဘေးဒုက္ခသည် ကြေးကွင်းပတ်တွေကို ပုံမှန်ထောက်ပံ့ငွေ ပေးတယ်လို့ လွိုင်ကော်ဘက်ကို ပြန်ရောက်လာတဲ့ ကြေးကွင်းပတ်အမျိုးသမီး စမူခန်က ပြောပါတယ်။

“ဒီမှာက လစာလည်းမရှိဘူးလေ။ ဒီလိုပဲ နေနေရတယ်။ ဈေးရောင်းရမှ စားရတယ်။ မရောင်းရရင် မစားရဘူး။ အဲလိုပဲပေါ့။ ထိုင်းနိုင်ငံမှာကျတော့ ဈေးမရောင်းရလဲ လစာရှိတော့ စားရတယ်လေနော်”


စစ်ဘေးကြောင့် ထွက်ပြေးခဲ့ရတဲ့ ကယန်းကြေးကွင်းပတ်တွေဟာ အခု တကြိမ်မှာလည်း ထိုင်းကနေ ထွက်ပြေးရပါတယ်။ ဒီတခါတော့ သူတို့ကို မောင်းထုတ်တာ ထိုင်းအာဏာပိုင်တွေလည်းမဟုတ်၊ မြန်မာအစိုးရလည်း မဟုတ်၊ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ပဲ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းတွေ အကုန် ရပ်ဆိုင်းလိုက်တဲ့အချိန်မှာ ထိုင်းရောက် ကယန်းကြေးကွင်းပတ်ရွာလည်း အလုပ်လက်မဲ့ ဖြစ်ကုန်တာကြောင့်ပါ။

ပြီးခဲ့တဲ့ မေလက ထိုင်းကနေ ကြေးကွင်းပတ်အမျိုးသမီး သုံးရာဝန်းကျင် မြန်မာနိုင်ငံဘက်ကို ပြန်ဝင်ရောက်လာကြပါတယ်။ ဒါပေမဲ့ မြန်မာဘက်ခြမ်းမှာကြေးကွင်းပတ်တွေအတွက် ရေရာတဲ့အနာဂတ် မရှိပြန်ပါဘူး။ ဒါကြောင့် ပြန်လာသူအများစုက တောင်ယာ၊ လယ်ယာလုပ်ငန်းမှာ လုပ်ကိုင်ကြပြီး၊ တချို့က လူထုအခြေပြု ခရီးသွားလုပ်ငန်း ရိုးရာအထည်ဆိုင်တွေမှာလည်း လုပ်ကိုင်ကြသလို၊ ထိုင်းဘက်ကို ပြန်သွားဖို့လည်း မျှော်လင့်နေကြပါတယ်။  

ကယား (ကရင်နီ) ပြည်နယ်မှာ လောပိတ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေ၊ ကမ္ဘာ့အဆင့်မှီ ခဲမဖြူအဖြိုက်နက် ထွက်တဲ့ မောချီးခဲသတ္တု တူးဖော်ရေးလုပ်ငန်းတွေ၊ သစ်တောတွေ မြေပေါ်မြေအောက် သယံဇာတတူးဖော်ရေး လုပ်ငန်းတွေကနေ ဝင်ငွေရရှိနေပေမယ့် ကယန်းပြည်သူတွေ အကျိုးခံစားခွင့်က မရှိသလောက် နည်းပါးနေပါတယ်။ ဆင်းရဲတွင်းနက်တာဟာ တန်းတူညီမှုမရှိတဲ့ ပြဿနာကြောင့်ဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဒယ်နီယာ က ပြောပါတယ်။

“ပြည်နယ် နောက်ကျတယ်ဆိုတာက အကြောင်းအမျိုးမျိုးရှိပါတယ်။ ဗမာပြည်တစ်ခုလုံးကို အုပ်ချုပ်တဲ့ အစိုးရအဆက်ဆက်က ဒီတန်းတူညီမျှတဲ့ အခွင့်အရေးတွေ မပေးတာတို့ အဲဒီကနေစပြီးတော့ အခြေခံက ဆင်းရဲရတယ်၊ နောက်ကျရတာတို့ ဖြစ်လာတာပေါ့”


ကွယ်ပျောက်သွားနိုင်တဲ့ ကြေးကွင်းပတ်မျိုးနွယ်စု

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုအစိုးရက ကယားပြည်နယ်အတွက် ကျပ်သန်းလေးထောင်ကျော်  ချပေးခဲ့ပါတယ်။  ဒါဟာ တနိုင်ငံလုံး ဘတ်ဂျက်ခွဲဝေမှုရဲ့ သုံးရာခိုင်နှုန်းပဲ ရှိတာပါ။ ဒီလိုအခြေအနေမှာ ပြည်နယ်အစိုးရအနေနဲ့ရော ကယန်းကြေးကွင်းပတ် ဓလေ့ မပျောက်ကွယ်ရေးအတွက် ဘယ်လောက်ဆောင်ရွက်နိုင်မှာပါလဲ။

ပြီးခဲ့တဲ့ ဇူလိုင်လက ပြန်လည်ဝင်ရောက်လာတဲ့ ကြေးကွင်းပတ် ကယန်းအမျိုးသမီးသုံးရာ အရေးနဲ့ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ်က ခေါ်ယူတွေ့ဆုံမှုတော့ ရှိခဲ့ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေက... နေရပ်ပြန်လာသူတွေက အစိုးရရဲ့အစီအစဉ်ကို စိတ်ဝင်စားမှုနည်းတယ်လို့ ဆိုပါတယ်။

“အစိုးရအဖွဲ့အနေနဲ့ သူတို့ရဲ့လတ်တလော စားဝတ်နေရေးကို ဖြေရှင်းပေးနိုင်တဲ့ အစီအစဉ်တစ်ခုကို ကျွန်တော်တို့ဘက်က ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းစဉ်မှာပဲ သူတို့ဘက်က စိတ်ဝင်စားမှု အားနည်းတယ်ဆိုတဲ့ အနေအထားတစ်ခုအပေါ်မှာပဲ အောင်မြင်အောာင် ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ပဲ  ဖြေရမှာဖြစ်ပါတယ်”

ကယားပြည်နယ်အစိုးရအဖွဲ့မှာ တိုင်းရင်းသားရေးရာဝန်ကြီး ရှိတဲ့အတွက် လူနည်းစု ကယန်းကြေးကွင်းပတ်အရေး ဆောင်ရွက်ပေးဖို့ မျှော်လင့်နေသူက ကယားပြည်နယ် မေတ္တာဖောင်ဒေးရှင်းက ကိုဘုန်းမြင့်ပါ။

“တိုင်းရင်းသားတွေ အခွင့်အရေးအတွက်ပေါ့နော်။ တိုင်းရင်းသားယဉ်ကျေးမှုတွေ အများကြီး ပိုပြီးတော့မှ ထိန်းသိမ်းလာမယ့် အစီအစဉ်တွေ အခန်းကဏ္ဍတွေ သူတို့စဉ်းစားထားတဲ့အချက်တွေ ရှိမယ်လို့ ယုံကြည်တာပေါ့နော်။”

ကရင်နီမျိုးနွယ်စု ၉ ခုရဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအတွက် စာပေနဲ့ယဉ်ကျေးမှုကော်မတီ ၆ ဖွဲ့ကို နှစ်စဉ် ဘတ်ဂျက်ချပေးတာ ရှိတယ်လို့ ဝန်ကြီးဦးလှမျိုးဆွေက ပြောပါတယ်။ နေ့ထူးနေ့မြတ်ကျင်းပရေး၊ ရိုးရာ ဝတ်စားဆင်ယင်မှု အသုံးအဆောင် ဝယ်ယူရေး၊ တိုင်းရင်းသားစာပေ သင်ကြားရေး အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ ထောက်ပံ့တာရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်နှစ် ချပေးတဲ့ငွေက ဘယ်လောက်ဆိုတာ ထုတ်ပြောတာတော့ မရှိပါဘူး။

ကယန်း ကြေးကွင်းပတ်အမျိုးသမီးတွေရဲ့ ရိုးရာယဉ်ကျေးမှုဖော်ထုတ်ရေးထက် ရှိပြီးသားဓလေ့တွေ မပပျောက်အောင် ခဲရာခဲဆစ် ရုန်းကန်နေရတယ်လို့ ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ခွန်းလွီးစီက ပြောပါတယ်။ ဒါကြောင့် အစိုးရတစ်ရပ်ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ရေတိုရေရှည် အစီအစဉ်တွေ ဆောင်ရွက်ပြီး ထိန်းသိမ်းမှုလုပ်သင့်တယ်လို့ သူကပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားတွေ ကယန်းမှ မဟုတ်ဘူး အားလုံး၊ ယဉ်ကျေးမှု ကိုယ့်စွမ်းအားနဲ့ ရသလောက်ဆက်သွားနေရင် တိုင်းရင်းသားတွေက လုပ်နိုင်သလောက်လုပ်ပြီး မလုပ်နိုင်တော့တဲ့အချိန်မှာ တဖြည်းဖြည်း ဒီဟာတွေ မှေးမိန်သွားရင်တော့ ဒီ ယဉ်ကျေးမှု အပါအဝင် လူမျိုးတွေကလည်း ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားတစ်ခု ရေရှည်ကျရင် ဖြစ်လာနိုင်တာပေါ့”

ခုခေတ်မှာတော့  ကြေးကွင်းပတ်တာကို ကယားပြည်နယ်ထဲက သက်ကြီးရွယ်အိုပိုင်းတွေသာ ကိုယ်နဲ့မကွာ အမြဲ ဝတ်ဆင်လေ့ ရှိကြတော့တာပါ။ ဒါကြောင့် နောက်လာမယ့် မျိုးဆက်သစ်တွေကြားထဲမှာ ကြေးကွင်းတွေကို လည်ပင်းမှာ စွဲစွဲမြဲမြဲဝတ်ဆင်ကြမယ့် အနေအထားဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်လာနေလို့၊ ကွယ်ပျောက်သွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့