အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ အငြိမ့်မင်းသမီး

2025.03.01
အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ အငြိမ့်မင်းသမီး ဟားငါးကောင်အဖွဲ့၏ ပင်တိုင်စံ မင်းသမီး မဝါဝါလှိုင် ကပြဖျော်ဖြေနေသည်ကို တွေ့ရစဥ်။
Screenshot from War War Hlaing Video

ငယ်စဥ်ကတည်းက မြန်မာအကကို ရူးသွပ်ခဲ့သူတစ်ဦးအနေနဲ့ ၁၉၉၈ ခုနှစ်က ယဥ်ကျေးမှုဦးစီးဌာနကဖွင့်တဲ့ ပန်တျာသင်တန်းကျောင်းမှာ အဆိုအကကို သုံးနှစ်ကြာ တက်ရောက်ပြီးနောက် နိုင်ငံတစ်ဝန်းက ပွဲသဘင်တွေမှာ အကပညာနဲ့ လှည့်လည်ဖျော်ဖြေခဲ့တာက မင်းသမီး မဝါဝါလှိုင်ပါ။

ဇာတ်မင်းသမီးအဖြစ် ပြဇာတ်တွေနဲ့ အငြိမ့်သဘင်တွေမှာ လိုက်ပါကပြရင်း မြန်မာ့ဇာတ်သင်လောကမှာ ၁၈ နှစ်ကြာ ဖြတ်သန်းခဲ့ပါတယ်။ အာဏာမသိမ်းခင်က မဝါဝါလှိုင်ဟာ 5 Star အဖွဲ့ရဲ့ ပင်တိုင်မင်းသမီးအဖြစ် ကပြဖျော်ဖြေနေခဲ့တာပါ။

“ကိုယ်က ဒီအကကို ကနေရရင် ဒီမီးရောင်အောက်မှာ ကနေရရင်ကို အမတို့က ပျော်တဲ့သူတွေထဲမှာ ပါတယ်။ တီးလုံးသံကြားရင် လက်ကို ချိုးချင်နေတာ။ လူကြားထဲ သွားရင်တောင်မှ လက်နဲ့စည်းဝါး မလိုက်ဖြစ်ရင်တောင် ခြေထောက်လေးနဲ့ အဲဒီလိုမျိုး လိုက်ဖြစ်တယ်။ အမတို့က ဒီအနုပညာအပေါ် တော်တော်လေးကို ရူးသွပ်တဲ့အထဲမှာ ပါတယ်ပေါ့”

စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်မှာတော့ သူချစ်တဲ့ မင်းသမီးဘဝကို ရပ်နားပြီး ဆန္ဒပြပွဲတွေနဲ့အတူ တော်လှန်ရေးမှာ ပါဝင်လာခဲ့ပါတော့တယ်။ အခုတော့ သူ ယုံကြည်ရာလမ်းကို ဆက်လက်လျှောက်လှမ်းနေရင်း ဟားငါးကောင်အဖွဲ့ရဲ့ ပင်တိုင်စံ မင်းသမီးအဖြစ် ကပြဖျော်ဖြေနေပါတယ်။

“မြန်မာ့ရိုးရာအကကို အခုခေတ် မျိုးဆက်လူငယ်တွေ တန်ဖိုးထားနိုင်ဖို့ သူ မျှော်လင့်နေပ့ါတယ်”

တော်လှန်ရေးမှာ ပါဝင်နေတဲ့ အနုပညာမောင်နှမတွေနဲ့အတူ သူချစ်တဲ့ ဇာတ်သဘင်ပညာကို ရောက်ရာနေရာမှာ ပညာတွေ ဖြန့်ဝေပေးနေတာပါ။ ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်ပြီး စားဝတ်နေရေးအတွက် မြန်မာအစားအစာတွေ ရောင်းချနေရင်း မြန်မာအကကို သင်ကြားလိုသူတွေကိုလည်း ပြန်လည် သင်ပေးနေပါတယ်။

မြန်မာ့ရိုးရာအကကို အခုခေတ် မျိုးဆက်လူငယ်တွေ တန်ဖိုးထားနိုင်ဖို့ သူ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

“မြန်မာဖြစ်နေတဲ့အတွက် မြန်မာအကကိုတော့ စိတ်ဝင်စားစေချင်တယ်ပေါ့နော်။ ကလေးတွေကို အခြေခံကစလို့ ကဗျာလွတ်လေးတွေပဲဖြစ်ဖြစ်၊ သင်္ကြန်အကလေးတွေပဲဖြစ်ဖြစ်၊ အဲဒီလိုမျိုးပေါ့ ကစေချင်တယ်။ ရိုးရာကို ထိန်းသိမ်းတာ ကောင်းတဲ့ လက္ခဏာပဲပေါ့”

ပြည်သူတွေကို မီးရောင်အောက်မှာ ကပြဖျော်ဖြေရတာကိုက သူ့အတွက် အားဖြစ်စေတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးမှာ ပြည်သူတွေ ဆက်လက် ပါဝင်ပံ့ပိုးနေအောင် အနုပညာအားနဲ့ သူ ဝိုင်းဝန်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“မှားတဲ့ဘက်မှာပဲ ဆက်နေမလား၊ မှားတဲ့ဘက်မှာပဲ ရပ်တည်မလား။ ဟိုဘက်မှာ နေမယ်ဆိုရင် နေရတာ ချောင်တယ်။ ပွဲတွေ ကလို့ရတယ်။ အမ ပိုက်ဆံရတယ်။ ဆက်ပြီးနေမယ်ဆိုရင် ဝမ်းရေးအတွက် မခက်ခဲဘူး။ ဒီဘက်ကို ရောက်လာချိန်မှာ ခက်ခဲတယ်။ ဒါပေမဲ့ အမ ပျော်တယ်”

သူချစ်တဲ့မြန်မာအကနဲ့ တော်လှန်အနုပညာ ဖျော်ဖြေပွဲတွေမှာ သီဆိုဖျော်ဖြေတာတွေဟာ ပရိတ်သတ်ကို အားအင်ဖြစ်စေမယ်လို့ ယုံကြည်ထားပါတယ်။

အငြိမ့်မင်းသမီး မဝါဝါလှိုင် ဖျော်ဖြေနေသည်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဥ်။ (Screenshot from War War Hlaing Video)
အငြိမ့်မင်းသမီး မဝါဝါလှိုင် ဖျော်ဖြေနေသည်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဥ်။ (Screenshot from War War Hlaing Video)

ရွှေ့ပြောင်း မြန်မာလုပ်သားတွေ အပါအဝင် တိုင်းတစ်ပါးမြေမှာ အမိမြေကို လွမ်းနေသူတွေအတွက် သူ့ရဲ့ မြန်မာအကနဲ့ ဖျော်ဖြေမှုတွေကနေ အိမ်လွမ်းစိတ်ကို ဖြေဖျောက်ပေးနိုင်မယ်လို့လည်း ဆိုပါတယ်။

အဝေးမြေမှာ ရပ်တည်ရတဲ့ သူ့အနေနဲ့ ခက်ခဲမှုတွေ ရှိနေပေမဲ့ သူ့ထက် ပိုမိုခက်ခဲတဲ့ တောတောင်ထဲက ဘဝတွေကိုကြည့်ပြီး သူအားတင်းကာ နေနေပါတယ်။

“တစ်ခါတလေကျတော့ စိတ်ဓာတ်ကျသွားတဲ့အချိန် ရှိတယ်။ ငါ လဲကျသွားလို့ မရဘူး။ ငါ ပြန်ထရမယ်။ ငါ ပြန်ရုံးရမယ်။ ငါ လုပ်မယ်။ ဒီတော်လှန်ရေးကို ပြီးအောင် ကိုယ်အသက်ရှင်နေသရွေ့ပေါ့နော်။ ဒီတော်လှန်ရေးကို ဆက်လုပ်မယ်ဆိုတဲ့စိတ် မွေးပြီးတော့ ပြန်ပြန်ထတယ်”


ဆက်နွှယ်သောသတင်းများ

မဲဆောက်က မြန်မာအမျိုးသမီးတွေရဲ့ အိုချစ်ရာလက်မှုလုပ်ငန်း

CDM တွေကို ပြည်သူ့ပန်းတိုင်အဖွဲ့က အသက်မွေးဝမ်းကျောင်း သင်တန်းပေး

ရှေ့တန်းက လူငယ်တွေအကြောင်း ပန်းချီရေး မှတ်တမ်းတင်နေသူ


ပြည်သူတွေ မျှော်လင့်တဲ့အောင်ပွဲ ရနိုင်မဲ့နေ့ကို နီးကပ်လာပြီလို့ ယုံကြည်ထားသလို ကပြဖျော်ဖြေပွဲတွေ ပြန်လုပ်နိုင်မယ်လို့ သူယုံကြည်ထားပါတယ်။

သူချစ်တဲ့ မင်းသမီးဝတ်စုံလေးနဲ့သာ သူ့နောက်ဆုံး ထွက်သက်ချိန်အထိ ရှိနေခွင့်ရချင်တယ်လို့ ဆိုပါတယ်။

“အိမ်က ရှိတဲ့သူတွေလည်း မှာထားတယ်ပေါ့နော်။ တကယ်လို့များ ဒီတော်လှန်ရေးအတွင်းမှာ သေသွားခဲ့ရင် ငါ့ရဲ့အကြိုက်ဆုံး မင်းသမီးဝတ်စုံကို ဝတ်ပေးပါလို့ မှာထားတယ်။ အမ သေသွားတဲ့အချိန်အထိလည်း ဒီရိုးရာဝတ်စုံနဲ့ သေမယ်။ ကိုယ်အကြိုက်ဆုံး မင်းသမီးဝတ်စုံနဲ့ သေမယ်ပေါ့နော်။ အဲဒီလို မှာထားတယ်”

အာဏာရှင်စနစ် ပပျောက်ရေးအတွက် မလျော့တဲ့ ယုံကြည်မှုတွေနဲ့ တော်လှန်ရေးမှာ သူချစ်တဲ့ မြန်မာအကကို ဖျော်ဖြေရင်း ပါဝင်နေပြီး မီးရောင်စုံ ဇာတ်ခုံပေါ်မှာ ခမ်းခမ်းနားနား ပြန်လည်ကပြရမဲ့ အနာဂတ်နေ့ရက်တွေကို မျှော်လင့်လို့ နေပါတော့တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။