သစ်ရွက်၊ ပန်းပွင့်တွေနဲ့ ပုံဖော်တဲ့ ပန်းချီပြပွဲ မဲဆောက်မှာ ပြသ

RFA Burmese
2025.02.13
သစ်ရွက်၊ ပန်းပွင့်တွေနဲ့ ပုံဖော်တဲ့ ပန်းချီပြပွဲ မဲဆောက်မှာ ပြသ သစ်ရွက်၊ ပန်းပွင့်များဖြင့် ပန်းချီကားများပုံဖော်ရေးဆွဲသူ ပန်းချီဆရာ ကိုသက်။
Photo: RFA

တော်လှန်ရေးရဲ့ လှေကားထစ်များလို့ အမည်ပေးထားတဲ့ ပြပွဲက ပန်းချီကားတွေကို ဖန်တီးသူကတော့ အသက် ၃၉ နှစ်အရွယ် PDF ရဲဘော် ဆရာသက် ဖြစ်ပါတယ်။

ကရင်ပြည်နယ် ဘားအံဇာတိ ဆရာသက်ဟာ အနောက်နိုင်ငံတွေမှာ ပညာသင်ကြားခဲ့ဖူးသူဖြစ်ပြီး ပညာရေးအသိုင်းအဝိုင်းကနေ ကြီးပြင်းလာသူပါ။

လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းမြို့မှာ မဟော်သဓာ ကိုယ်ပိုင်ကျောင်းတည်ထောင်ခဲ့ဖူးပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှ PDF ရဲဘော်ဖြစ်လာတာပါ။ ခုတော့ ကရင်ပြည်နယ်က Cobra Column 2 Venom စစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေပါတယ်။

Collage လို့ခေါ်တဲ့ စက္ကူ၊ အဝတ်စ၊ သစ်ရွက်၊ ပန်းပွင့် စတာတွေကပ်ပြီး ပုံဖော်တဲ့ အနုပညာကို တောထဲက PDF စခန်းမှာ ဘယ်လိုဖန်တီးခဲ့တယ်ဆိုတာ ဆရာသက်က ရှင်းပြပါတယ်။

"သူများတွေက ရေဆေးတွေ၊ ဆီဆေးတွေနဲ့ ပုံတွေဖန်တီးနေတယ်။ လူပုံတွေဖန်တီးတဲ့အခါမှာ ကျွန်တော်လည်း ကျွန်တော့်ရဲ့ဒီပန်းပွင့်လေးတွေနဲ့ လူပုံဖန်တီးလို့ရနိုင်မလား ကျွန်တော်စဉ်းစားတာ၊ စဉ်းစားတဲ့အခါကျတော့ ကျွန်တော် ယူကျုမှာ လိုက်ရှာလိုက်ရော။ မတွေ့ဘူး။ ဘာကို သွားတွေ့လဲဆိုတော့ မိန်းကလေးတစ်ယောက်က ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက ကာလာတွေ လိုက်ဖြဲရင်းနဲ့ အဲဒီလိုပြန်ကပ်တယ်ဗျ။ ပြန်ကပ်တော့ အော် သူတောင်အဲလိုမျိုးအရာနဲ့ရရင် ငါလည်း Try (ကြိုးစား) လို့ရမှာပဲ ဆိုပြီးတော့ ကျွန်တော်လည်း ကြိုးစားပြီးလုပ်ကြည့်တာ’’

သူလေးစားတန်ဖိုးထားရတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ပုံတူတွေ ဖန်တီးထားတယ်လို့လည်း ပြောပါတယ်။

"အကုန်လုံးက ဒီဟာအကုန်လုံးက ပန်းအစစ်တွေနဲ့ပဲ။ ဒီဟာတွေကို တော်တော်ရေငွေ့ဖယ်ရတယ်။ အဲဒီတုန်းက ကျွန်တော်က နောက်တန်းမှာဆိုတော့ ခက်ခဲတယ်။ ပန်းဆိုလည်း မဲဆောက်ကနေ မှာရတယ်။ စစ်ကြောင်းမှူးတွေလည်း မဲဆောက်ကနေမှာပေး၊ မဲဆောက်ကနေတစ်ဆင့်ရောက်လာပြီး ပန်းတွေ ခက်ခက်ခဲခဲနဲ့ ကုန်ကြမ်းတွေစုပြီးတော့ လုပ်ထားတာ။ ဒီပြောင်းဖူးခွံတွေကျတော့ ကျွန်တော်တို့ စခန်းနားမှာရှိတဲ့ ပြောင်းဖူးခွံတော ရှိတယ်လေ။ အဲဒီပြောင်းဖူးခွံတောထဲကနေ ဖယ်ပြီးတော့ အဲဒီလိုမျိုးလုပ်ထားတာ၊ အကုန်လုံးက တောဆန်ဆန်၊ သဘာဝဆန်ဆန်လေးတွေနဲ့ ဖန်တီးထားတာ’’

ပိတ်စပေါ်မှာ ဆေးရောင်ခြယ် ပန်းချီဆွဲတာမဟုတ်ဘဲ ပွင့်ချပ်၊ ပွင့်ဖတ်တွေ၊ သစ်ရွက်တွေနဲ့ အရောင်အနုအရင့်အလိုက် ပုံဖော်ထားတာလည်းဖြစ်ပါတယ်။


ဆက်နွှယ်သောသတင်းများ

တိုက်ပွဲမှာ ကိုယ်လက်အင်္ဂါထိခိုက်ခဲ့တဲ့ ရဲဘော်တွေကို ကူညီဖို့ ရန်ပုံငွေ ပန်းချီပြပွဲ မဲဆောက်မှာကျင်းပ

ရှေ့တန်းက လူငယ်တွေအကြောင်း ပန်းချီရေး မှတ်တမ်းတင်နေသူ

ထောက်ပို့ ကာတွန်းဆရာဖြစ်လာတဲ့ PDF


ဆရာသက်ရဲ့ ဒီလိုလက်ရာမျိုးအရင်က မမြင်ဖူးဘူးလို့ မဲဆောက်မြို့က တက်ကြွလှုပ်ရှားသူ မသော်က ပြောပါတယ်။

"ကျွန်မတို့က ဆေးတွေနဲ့ပဲ ဒီကင်းဘတ်ပေါ်မှာပဲ ရေးတာကို မြင်ဖူးပြီး ဒီဟာကိုမမြင်ဖူးဘူး။ အားလုံးမှာ အနုပညာမှာတော့ ထိုက်တန်တဲ့တကယ်ကို စိတ်နှစ်ရတဲ့ကြိုးပမ်းမှု အားထုတ်မှုတွေကတော့ ရှိကြပါတယ်။ ဒါပေမဲ့ ဒီဟာကြီးက ကျွန်မတို့မှာ တစ်မျိုးတစ်ဘာသာဆန်းနေတယ်။ ဆရာ့ရဲ့တစ်မျိုးစီ ခံစားမှုမှာတော့ ဆရာ့ရဲ့ဥစ္စာလေးက ပန်းတွေ သစ်ရွက်တွေနဲ့ ခံစားရတဲ့အခါမှာ ကျွန်မတို့အနေနဲ့ တော်တော်လေးကို နူးညံ့ပြီးတော့မှ ကျွန်မတို့ အဆိုတော်ဖြူဖြူကျော်သိန်းစကားနဲ့ပြောရရင် နူးညံ့နေတာ၊ ခံစားနေတာ ဒီလိုပဲပြောရမယ်ထင်ပါတယ်’’

ဆရာသက်ရဲ့လက်ရာ ပန်းချီကား ၄၇ ကားကို ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၅ ရက်နေ့အထိ Borderline Gallery မှာ ပြသသွားမှာဖြစ်ပြီး တစ်ကားကို ဒေါ်လာ ၁၅ဝ ကနေ ၁ဝဝဝ အထိ ဈေးနှုန်းသတ်မှတ်ထားပါတယ်။ ပန်းချီကားရောင်းရငွေကို တော်လှန်ရေးရန်ပုံငွေအဖြစ် သုံးမယ်လို့ ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
တရုတ်မယားအဖြစ် ရောင်းစားခံရသူတစ်ယောက်အကြောင်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။