အနုပညာနဲ့ စစ်အာဏာရှင် ဆန့်ကျင်နေသူ

စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2024.08.01
အနုပညာနဲ့ စစ်အာဏာရှင် ဆန့်ကျင်နေသူ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်သည့် ဖက်ရှင်ဒီဇိုင်းပညာရှင် Alex Xander ၏ ဖန်တီးမှုလက်ရာ။
Citizen Photo

တတ်ကျွမ်းထားတဲ့ ပုံဆွဲပညာနဲ့ ခေတ်မီ ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးရင်း သူ့အနာဂတ်အိပ်မက်တွေဆီရောက်ဖို့ ရည်ရွယ်ရာလမ်းကြောင်းကို လျှောက်လှမ်းနေသူကတော့ Alex Xander ပါ။

ရန်ကုန်မြို့ရဲ့ Fashion House တစ်ခုမှာ စီမံခန့်ခွဲမှုအပိုင်းကို တာဝန်ယူပြီး ကိုယ်ပိုင်ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးနိုင်ဖို့ ကြိုးစားနေဆဲမှာပဲ စစ်အာဏာသိမ်းမှုကြောင့် မြို့ပြတော်လှန်ရေးတိုက်ပွဲတွေအတွင်း ပါဝင်ခဲ့ပါတော့တယ်။

မြို့ပြသပိတ်တိုက်ပွဲတွေနဲ့ မြို့ပြတော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာရင်း ဖမ်းဆီးခံရနိုင်တာကြောင့် အခုတော့ ထိုင်းနိုင်ငံမှာ ထွက်ပြေးခိုလှုံနေထိုင်နေပါတယ်။ တော်လှန်ရေးလုပ်ငန်းတွေကို တစ်ဖက်တစ်လှမ်းကပါဝင်ရင်း သူတတ်ထားတဲ့ပညာကို တော်လှန်အနုပညာတစ်ရပ်အဖြစ် သူစတင်ဖန်တီးလာခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ မက်ခရာမီနဲ့ ကျစ်ထားတဲ့အင်္ကျီလေးရယ်။ Fashion House ရယ် ပူးပေါင်းပြီးတော့ တင်ဆက်ဖြစ်တယ်။ အဲဒီနောက်ပိုင်း အာဏာသိမ်းပြီးတဲ့အခါမှာလည်း မြေပြင်တော်လှန်ရေးသမား တစ်ယောက်အနေနဲ့ ၂၀၂၁ ခုနှစ်အကုန်အထိပေါ့လေ မြေပြင်မှာ ရှိနေတယ်။ ကျွန်တော်တို့ မြေပြင်မှာနေခွင့်မရတော့တဲ့အခြေအနေမှာ ကျွန်တော်တို့ တောလမ်းကို ထွက်ပြေးတိမ်းရှောင်တယ်။ တော်လှန်ရေးကိစ္စတွေကို ရရာကနေ လုပ်ရင်းနဲ့ နောက်ဆုံး ကိုယ်တတ်မြောက်တဲ့ပညာနဲ့ပေါ့နော်တော်လှန်အနုပညာနဲ့ ဖန်တီးမယ်ဆိုပြီး စခဲ့တယ်လို့ ဆိုရမှာပေါ့နော် ”

သူ့လို ထွက်ပြေးနေရသူတွေ ခိုလှုံရာနေရာမှာ အနုပညာဖန်တီးသူတွေပေါင်းစပ်ပြီး တော်လှန်ရေးကို ကိုယ်စားပြုမယ့်အရာတွေနဲ့ သူတို့ပေါင်းစပ်ဖန်တီးကြပါတယ်။ သူတတ်ကျွမ်းတဲ့ တေးဂီတနဲ့ ဖက်ရှင်ကိုပေါင်းစပ်ပြီး သူနိုင်တဲ့အားနဲ့ ပူးပေါင်းပါဝင်နေပါတယ်။ တော်လှန်ရေးတေးသီချင်းတွေဖန်တီးပြီး မြန်မာပြည်ရဲ့ လက်ရှိဖြစ်ပျက်နေတာတွေကို သရုပ်ဖော်ထားပါတယ်။ တော်လှန်ရေးကာလ ကြုံတွေ့ရတဲ့ ဖြစ်ပျက်တချို့ကို ပုံဖော်ထားတဲ့ ဖက်ရှင်နဲ့ဂီတကို ပေါင်းစပ်ပြီး Our Turn - ငါတို့အလှည့်ဆိုတဲ့ ပရောဂျက်ကို လုပ်ဆောင်ခဲ့ပါတယ်။

“တော်လှန်ရေးနဲ့မသက်ဆိုင်တဲ့အရာတွေကိုလုပ်ဖို့တော့ စိတ်အဆင်မပြေသေးဘူး။ မပြေသေးတော့ ဘယ်လိုစဉ်းစားလိုက်လဲဆိုတော့ ကျွန်တော်မြေပြင်တော်လှန်ရေးသမားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ရဲဘော်တွေကျဆုံးတာ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေပါသွားတာ သွေးမြေပြင်တွေ စစ်တလင်းတွေ ဒါတွေက ကျွန်တော်နဲ့အရမ်းရင်းနှီးပြီးသားမြင်ကွင်းတွေ ဖြစ်တယ်။ အဲဒီမြင်ကွင်းတွေကို အနုပညာတရပ်အဖြစ် ပုံဖော်ပြီးတော့ speak out ဘယ်လိုလုပ်မလဲပေါ့။ ကျွန်တော့်ပရောဂျက်လေးမှာ ဖက်ရှင်ရယ် တော်လှန်ရေးရယ်ပေါင်းပြီးတော့ လွတ်မြောက်နယ်မြေမှာရှိတဲ့ အနုပညာရှင်တွေပေါင်းပြီးတော့ လုပ်တယ်ပေါ့နော်။ အဲဒီကနေ အစပြုပြီးတော့ ထပ်ဆင့်ထပ်လုပ်တဲ့အရာတိုင်းသည်လည်း ဒီတော်လှန်ရေးနဲ့ ဆက်နွှယ်တဲ့အရာတွေပဲ လုပ်ဖြစ်တယ်”

တိုင်းတပါးမြေမှာ ခိုလှုံနေထိုင်ရင်း စိတ်ကူးစိတ်သန်းတွေနဲ့ တီထွင်မှုကို ဘောင်မခတ်မထားတဲ့သူ့အတွက် အရာရာက ဒီဇိုင်းဖြစ်လို့နေပါတယ်။ သူနေထိုင်ရာနေရာက အသုံးပြုပြီးသား စွန့်ပစ်ရေသန့်ဗူးတွေနဲ့ ဒီဇိုင်းဖန်တီးပြီး Recycle ဖက်ရှင်ဒီဇိုင်းကိုလည်း တီထွင်ဖန်တီးခဲ့ပါတယ်။

“ကျွန်တော်တို့ကတော့ အနုပညာကို ချစ်မြတ်နိုးတဲ့သူဖြစ်တဲ့ဟာကြောင့်မို့လို့ အနုပညာကို စိတ်ကူးစိတ်သန်းမှာ သူများနဲ့တော့ နည်းနည်းတူမှာတော့မဟုတ်ဘူး။ တော်လှန်ရေးကာလမှာ တခြားအပျော်အပျက် ပုံမှန်မဟုတ်တဲ့ အနုပညာတွေလည်း ကျွန်တော်တို့က လုပ်ဖြစ်မှာတော့မဟုတ်ဘူး။ ကျွန်တော်တို့မှာ ပုံမှန်မဟုတ်တဲ့အတွေးတွေပဲ ရှိတယ်။ ကျွန်တော်တို့ရှင်သန်နေတဲ့ပတ်ဝန်းကျင်နဲ့ ကျွန်တော်တို့ ရပ်တည်နေတဲ့အရာတွေသည် အေးချမ်းနေတာမဟုတ်ဘူးလေနော်။ အဲဒီတော့ တော်လှန်ရေးအနုပညာကထွက်လာတဲ့အနုပညာက တော်လှန်အနုပညာတွေပဲ ဖြစ်နေမှာပဲလေနော်”


ဆက်နွှယ်သောသတင်းများ

မုန့်သည်ဖြစ်သွားတဲ့ ဖက်ရှင်ဒီဇိုင်နာ

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်တဲ့ ဆိုင်းပညာရှင်

တပ်မတော်သားဟောင်းတစ်ဦးရဲ့ တော်လှန်ရေးခရီး


အနုပညာဖန်တီးမှုတွေကနေ မြန်မာနိုင်ငံကလက်ရှိဖြစ်ပျက်နေတာတွေကို နိုင်ငံတကာက သိလာဖို့ သူနိုင်တဲ့အားနဲ့ ပါဝင်ကြိုးစားနေပါတယ်။ တော်လှန်ရေးအတွက် မြေပြင်ရဲဘော်တွေနဲ့အတူ ရပ်တည်နေပြီး ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းအတွက် နောက်မဆုတ်တမ်း ယုံကြည်ချက်နဲ့ ရှေ့ဆက်နေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်လောလောဆယ်ခံယူချက်ပေါ့လေနော်။ တစ်နေ့တာမှာ အိပ်စက်ရာနေရာတစ်နေရာရမယ်။ စားဖို့အတွက် နှစ်နပ်စာရမယ်။ ကျန်တဲ့အချိန်တွေ တော်လှန်ရေးနဲ့ပတ်သက်တာလုပ်ဆောင်နေရမယ်ဆိုရင် တော်တော်ကျေနပ်နေပြီ။ ကျွန်တော်တို့မှာ တချို့အရာတွေက ရွေးချယ်ပိုင်ခွင့်မရှိဘူး။ ရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာတွေကို လက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒီဟာကို ကိုယ့်ဆန္ဒနဲ့ကိုယ် ဒီလမ်းကိုရွေးချယ်ခဲ့တယ်။ ဒါတွေဖြစ်မယ်ဆိုတာကိုလည်း ကျွန်တော်တို့သိတယ်”

စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်သည့် ဖက်ရှင်ဒီဇိုင်းပညာရှင် Alex Xander။ (Citizen Photo)
စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်သည့် ဖက်ရှင်ဒီဇိုင်းပညာရှင် Alex Xander။ (Citizen Photo)

ဘောင်ခတ်မထားတဲ့ ဒီဇိုင်းဖန်တီးမှုတွေ လုပ်ဆောင်သွားဖို့ သူကြိုးစားနေပါတယ်။ စိတ်ကူးရှိတဲ့အတိုင်း သူဖန်တီးလိုတဲ့အနုပညာတွေနဲ့ လွတ်လွတ်လပ်လပ်ဖန်တီးနိုင်ဖို့ကို သူမျှော်လင့်လို့နေပါတော့တယ်။

“တချို့ဟာတွေ ရပ်တန့်လိုက်ရတဲ့အနုပညာတွေရှိတယ်။ ဒါပေမဲ့ တစ်ချိန်ကျရင် အဲဒါတွေအားလုံးကို ကျွန်တော် တစ်စုံတစ်ခုကြောင့် မရပ်တန်လိုက်ချင်ဘူး။ တစ်စုံတစ်ခုကြောင့် ဒီချပြမယ့် အနုပညာကို မကန့်သတ်လိုက်ချင်ဘူး။ အဲဒါတွေအတွက်ကိုလည်း ကြိုးစားနေပါတယ်”

မြန်မာလူငယ်တွေအနေနဲ့ လှပတဲ့အနာဂတ်အတွက် ကိုယ်တိုင်ဖန်တီးနိုင်မယ့်နေ့ကို တည်ဆောက်နိုင်ရေး ကြိုးစားပါဝင်နေပြီး အောင်ပွဲအတွက် ရောင်ခြည်သန်းလာမယ့်နေ့ကို စောင့်ကြိုလို့ နေပါတော့တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။