ရုပ်ရှင်မင်းသား ဒွေး ဆိုတဲ့နာမည်ဖန်တီးခဲ့သူ ရုပ်ပြပန်းချီဆရာ

RFA Burmese
2023.12.19
ရုပ်ရှင်မင်းသား ဒွေး ဆိုတဲ့နာမည်ဖန်တီးခဲ့သူ ရုပ်ပြပန်းချီဆရာ ပန်းချီဆရာ စံစံ (ဟင်္သာတ) ရေးဆွဲထားသည့် ရုပ်ပြပန်းချီများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကင်းဗတ်စ ပိတ်ကားချပ်ပေါ် ဘောလ်ပင်တစ်ချောင်းနဲ့ပုံဆွဲနေတဲ့ သူက အသက် ၇၀ ကျော်အရွယ် ပန်းချီဆရာ စံစံ (ဟင်္သာတ) ဖြစ်ပါတယ်။ သူ့နာမည်အရင်းက ဦးမြတ်စံပါ။

၁၉၇၅ လောက်မှာ ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်း နာမည်ရနေပြီဖြစ်လို့ ကျော်ဟိန်းရဲ့ ဟန်ပန်အမူအရာတွေကို သူ့ရုပ်ပြဇာတ်ကောင်အဖြစ် ဆွဲခဲ့သလို၊ ဇာတ်ကောင်ရဲ့နာမည်ကို ဒွေး လို့ ပေးခဲ့ပါတယ်။

ပုံမှန်အားဖြင့် ပန်းချီရေးရင် ဆီဆေး၊ ရေဆေး၊ စုတ်တံတွေကို သုံးကြပေမယ့် အဲဒီပစ္စည်းတွေက စျေးကြီးလို့ ဈေးသက်သာပြီးနဲ့ ဝယ်လို့လွယ်တဲ့ ရောင်စုံဘောလ်ပင်၊ ဆော့ပင်နဲ့ မတ်ကာပန် (Marker Pen) တွေသုံးပြီး ပန်းချီကားတွေရေးနေတာ ၁၁ နှစ်လောက် ရှိခဲ့ပါပြီ။

အနုပညာဆိုတာ ဘယ်ပစ္စည်းနဲ့မဆို ဖန်တီးလို့ရတယ်ဆိုတာ ပန်းချီဝါသနာပါပြီး ငွေကြေးမတတ်နိုင်တဲ့ လူငယ်တွေကို သိစေချင်တာလို့ ဆရာစံစံက ပြောပါတယ်။

"ဒီအနုပညာကို ဖန်တီးတဲ့နေရာမှာ အနုပညာကို ဖန်တီးချင်တဲ့စိတ် ရှိဖို့လိုတယ်။ အနုပညာကို ခံစားတတ်တဲ့နှလုံးသား ရှိဖို့လိုတယ်။ ဒီနှလုံးသားရှိမှလည်း ကျွန်တော်တို့ အနုပညာကို ဖန်တီးတဲ့နေရာမှာ ပီပြင်ပါတယ်။ အဲဒီတော့ အချိန်နေရာမရွေး၊ ဘယ်နေရာမှာမို့လို့၊ အိမ်မှာမို့လို့ဆိုပြီး မလိုပါဘူး။ ကျွန်တော်တို့ ဘယ်ပစ္စည်းရမှ မဟုတ်ပါဘူး။ နှလုံးသားနဲ့ခံစားပြီးတော့ ဒီအနုပညာကို ဖန်တီးမယ်ဆိုရင် အင်မတန် တန်ဖိုးကြီးတဲ့ အနုပညာရလဒ်တစ်ခု ပေါ်ထွက်လာမှာ သေချာပါတယ်"

သူဆွဲခဲ့တဲ့ မင်ခြစ်ပန်းချီကားပေါင်း သုံးဆယ်ထက်မနည်းရှိခဲ့ပြီလို့ပြောပါတယ်။ အများစုကတော့ ရောင်းလိုက်ရပြီဖြစ်တဲ့အတွက် မူရင်းတွေသူ့မှာမရှိတော့ဘဲ မှတ်တမ်းဓာတ်ပုံအနေနဲ့သာ ကျန်ပါတော့တယ်။

"ကျွန်တော့်တစ်ဘဝလုံးက ဒီထဲမှာပဲ။ ကျော်ဟိန်းရယ်၊ ဒွေးရယ်၊ အဲဒီ ဘောလ်ပင် Creation (ဖန်တီးမှု) ရယ်။ အဲဒါက ကျွန်တော့်ဘဝတွေ"

ပန်းချီကားတစ်ချပ်ဆွဲတာ လနဲ့ချီကြာသလို တစ်ခါတလေတော့ ပန်းချီတစ်ချပ်ကို ကျပ်သိန်းဂဏန်းထိ ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စားဝတ်နေရေးဖူလုံပြီး ကြွယ်ဝတဲ့ အထိတော့ ဝင်ငွေမကောင်းခဲ့ပါဘူး။

သူ့မှာ သားသမီးလေးယောက်ရှိပြီး ဇနီးက လက်ရှိ အသက် ၆၈ နှစ်အရွယ် ဒေါ်တင်တင်မြင့်ပါ။ သူ့ခင်ပွန်းရဲ့ အနုပညာအလုပ်က ပုံမှန်ဝင်ငွေမရှိတာကြောင့် စားဝတ်နေရေးအဆင်မပြေပေမယ့် ခင်ပွန်းရဲ့ ဝါသနာအတွက် ပါရမီဖြည့်ပေးခဲ့တယ်လို့ ပြောပါတယ်။

"ဒီအလုပ်ဆိုတော့ကွယ် တို့စားဝတ်နေရေးအတွက်တော့ အဆင်မပြေဘူး။ ဟုတ်တယ် မလား။ သူ့ရဲ့ စိတ်ခံစားမှုကိုပဲ နားလည်ပေးလိုက်တယ်။ ကဲ ပြီးတဲ့အချိန်ပြီး၊ ရတဲ့အခါလည်း ပေးရင်ယူတယ်။ အဆင်မပြေရင်လည်း အမေကြီးကပဲ ပံ့ပိုးပေးတာ များတာပေါ့နော်။ ဒီကလေးတွေနဲ့ ရုန်းကန်မှုက ၈၈ နောက်ပိုင်းနေပြီးတော့ အမေကြီးတို့ ရုန်းကန်ရတာပေါ့။ ကလေးတွေကျောင်းတက်တာလည်း အကုန်အထိ ပြီးဆုံးအောင်မထားနိုင်ဘူးပေါ့။ အမေကြီးတစ်ယောက်တည်း ရုန်းကန်ခဲ့တာဆိုတော့ သိပ်အဆင်မပြေဘူး။ သူကကျတော့ ကြိုကြားကြိုကြားလောက်ပဲရတာလေ"

ဒေါ်တင်တင်မြင့်က ဈေးရောင်းပြီး သားသမီး လေးယောက်နဲ့ မိသားစု စားဝတ်နေရေးကို ထမ်းပိုးပေးခဲ့ရတာပါ။ အိမ်ပြောင်းခဲ့ရတာလည်း အကြိမ်နှစ်ဆယ်ထက်မကသလို၊ ခုအချိန်ထိလည်း အိမ်ငှားဘဝနဲ့ပဲ ဖြစ်နေသေးတယ်လို့ ဆိုပါတယ်။

ရုပ်ရှင်မင်းသားကြီး ကျော်ဟိန်းရဲ့ ပုံတူနဲ့ ဇာတ်ကောင်စရိုက်ကို ဘာကြောင့်ရွေးခဲ့လဲ ဆိုတော့ ဆရာစံစံက

"ရုပ်ပြဇာတ်ကောင်အနေနဲ့ ကိုကျော်ဟိန်းကို ရွေးရတဲ့အကြောင်းကတော့ ပရိသတ်က လူငယ်ပရိသတ်က တမ်းတမ်းစွဲပဲ။ ကျွန်တော်တို့ပြောမယ်ဆိုရင် အဲဒီအချိန်တုန်းက ကိုကျော်ဟိန်းရဲ့ အရှိန်အဝါက အင်မတန်ကြီးပါတယ်။ သူလှည့်ကြည့်လိုက်တဲ့ ပုံစံကစပြီးတော့ ပြောမယ်ဆိုရင် ပြောစမှတ် တွင်လောက်အောင်ပေါ့နော်။ သူ့ရဲ့စတိုင် အဲလိုမျိုး ကျန်ရစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်က ပရိသတ်ကို တင်ပြတဲ့နေရာမှာ ပရိသတ်ကို ကျွန်တော် ထိထိမိမိ တင်ပြချင်တယ်ဆိုရင် ပရိသတ်ချစ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်။ ပရိသတ်ချစ်တဲ့ပုဂ္ဂိုလ် ဖြစ်ဖို့အတွက်ကို ကျွန်တော်က ကိုကျော်ဟိန်းကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ဒီဥစ္စာလည်း ဒီအတိုင်း ကျွန်တော်ရေးတာ မဟုတ်ပါဘူး။ သူ့ရဲ့ ခွင့်ပြုချက်နဲ့ ကျွန်တော်ရေးတာပါ။ သူကလည်း လိုလိုလားလားနဲ့ ခွင့်ပြုပါတယ်"

ဆရာ စံစံဟာ မင်းသား ဦးကျော်ဟိန်းနဲ့ ရင်းနှီးသလို သူ့ရဲ့ ရုပ်ပြဇာတ်ကောင်နာမည် ဒွေး ဆိုတာကို မင်းသား ဦးကျော်ဟိန်းကလည်း သဘောကျသွားပြီး နောက်ပိုင်းမှာ သူ့ရဲ့တူကို မင်းသားအဖြစ် မြေတောင်မြှောက်တော့ အဲဒီ နာမည်ယူခဲ့တာလို့ ပြောပြပါတယ်။

"ကျွန်တော် ဒီရုပ်ပြနာမည်တစ်ခုအနေနဲ့ပဲရှိမယ်ဆိုရင် ဒီဒွေးဟာ ဒီလောက်ထိ အောင်မြင်မှာ မဟုတ်ပါဘူး။ ဒီအရှိန်အဝါကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကနေပြီးတော့ သူ့ရဲ့ ပြောမယ်ဆိုရင် မျိုးဆက်သစ်ပေါ့နော်။ မျိုးဆက်သစ်ဖြစ်တဲ့ ကိုသားကြီးကို ဒီနာမည်ပေးလိုက်တဲ့အချိန်မှာ တစ်တိုင်းပြည်လုံးက သည်းသည်းလှုပ် ချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သွားတာ။ ကျွန်တော့်ဘဝမှာတော့ အင်မတန် တန်ဖိုးကြီးတဲ့ မှတ်တိုင်တစ်ခုပါပဲ"

ဆရာစံစံက ရုပ်ပြကာတွန်းကို ၁၉၈၀ ခုနှစ်ထိ ရေးဆွဲခဲ့ပါတယ်။ ရုပ်ရှင်မင်းသား ဦးကျော်ဟိန်း ဇာတ်ကောင်နဲ့ "ရေစုံမှာ လူကြုံမလိုက်စတမ်း" ဆိုတဲ့ရုပ်ပြ စာအုပ်အပါအဝင် အုပ်ရေ နှစ်ဆယ်လောက် ဆွဲခဲ့သလို၊ တခြားရုပ်ပြ စာအုပ် ရှစ်ဆယ်ကျော်လည်း ရေးဆွဲခဲ့တယ်လို့ ပြောပါတယ်။

ပန်းချီဆရာ စံစံ (ဟင်္သာတ) ရေးဆွဲထားသည့် ရုပ်ရှင်မင်းသားကြီး ကျော်ဟိန်းရဲ့ ပုံတူပန်းချီကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပန်းချီဆရာ စံစံ (ဟင်္သာတ) ရေးဆွဲထားသည့် ရုပ်ရှင်မင်းသားကြီး ကျော်ဟိန်းရဲ့ ပုံတူပန်းချီကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

နောက်ပိုင်း လုပ်ငန်းအခက်အခဲကြောင့် ရုပ်ပြရေးတာကိုရပ်နားခဲ့ပြီး ဇာတ်ညွှန်းနဲ့ မဂ္ဂဇင်းသရုပ်ဖော်ပုံတွေ ရေးဆွဲခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်လောက်မှာတော့ မင်ခြစ်ပန်းချီကို စမ်းသပ်ရေးဆွဲခဲ့ရာကနေ အခုအချိန်ထိ တစိုက်မတ်မတ် ရေးဆွဲဖြစ်နေတယ်လို့ ပြောပါတယ်။ ရေဆေး၊ ဆီဆေးပန်းချီကားတချို့လည်း သူကဆွဲပါတယ်။ အခုလည်း ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ) ရပ်ကွက်က အိမ်မှာ ရေးဆွဲနေတုန်း ဖြစ်ပါတယ်။

အကြီးဆုံးသမီး ဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်မြင့်နန္ဒာစံကတော့ ကိုယ်တိုင် အနုပညာ အလုပ်ကို မလုပ်နိုင်ပေမယ့် သူ့အဖေအတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။

"ဖေကြီးလုပ်တာကို သမီးက ဘယ်လိုပြောရမလဲ ဂုဏ်ယူတာပေါ့နော်။ သူများလည်း ဒီလိုမျိုး ဘောလ်ပင်နဲ့ ပန်းချီရေးတာဆိုတာမျိုးလည်းမရှိဘူးဆိုတော့ ကိုယ့်အဖေက ဒါမျိုးလုပ်နိုင်တယ်ဆိုတဲ့အပေါ်မှာပဲ ကိုယ်က ဂုဏ်ယူမိတဲ့သဘောပါပဲ"

သားဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ကိုနေဝင်းနိုင်ကလည်း သူ့အနေနဲ့အရင်က အဖေကို စိတ်ကွက်မိခဲ့ပေမယ့် အခုတော့နားလည်လိုက်ပြီလို့ ပြောပါတယ်။

"အဖေ့ပန်းချီကားတစ်ကားက ဘယ်လောက်လောက်ကြာလဲ။ ဟာ.. မင်းတို့မသိဘူးကွာ ဒါတစ်ခေါက် ဆွဲရတာ ဘယ်လောက်စိတ်ထည့်ရတယ်မှတ်လဲ။ ပြီးရင် ပန်းချီကား တစ်ချပ်ကို လေး၊ ငါး၊ ခြောက်လနေမှ တစ်ချပ် မပြီးဘူး။ အဲဒါနဲ့ကို သူက Feel (ခံစား) နေတာ။ သူ့ရဲ့ Feel (ခံစားချက်) က အဲဒါကြီး ကြောက်စရာကြီး။ နောက်ပိုင်း ဒီပန်းချီကားတွေဆွဲတယ်။ ကျွန်တော်တို့ကလည်း ဘာမှမပြောတော့ဘူး။ အဖေဆွဲ၊ သူ့ဘာသာသူနေပဲ အခု။ သူ့အနုပညာစိတ်ကို သူ့ဘာသာ နှစ်ထားတာဆိုတော့"

ဆရာ စံစံကတော့ အနုပညာအလုပ်တွေနဲ့ပဲရှင်သန်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောပါတယ်။

"ကျွန်တော့်တစ်ဘဝလုံးက ဒီထဲမှာပဲ။ ကျော်ဟိန်းရယ်၊ ဒွေးရယ်၊ အဲဒီ ဘောလ်ပင် Creation (ဖန်တီးမှု) ရယ်။ အဲဒါကကျွန်တော့်ဘဝတွေ။ ခုနစ်ဆယ်ထိ ဖြတ်သန်းခဲ့တဲ့ ဥစ္စာတွေအကုန်လုံး အမြတ်ထွက်တာ အဲဒါတွေ။ ကျွန်တော် တန်ဖိုးမဖြတ်နိုင်ဘူး။ ဒီ့အပြင်လူတော့မသိဘူး။ ကျွန်တော့်ဟာ ကျွန်တော်တော့ တန်ဖိုးမဖြတ်နိုင်ဘူး။ ပြန်လိုချင်လို့လည်း မရဘူး။ လုပ်ယူလို့လည်း မရဘူး။ သူ့ဟာသူ ဖြစ်ပေါ်လာတာ"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။