စစ်ကြောင့် အိုးအိမ်မဲ့ဘဝနဲ့ ရုန်းကန်နေရတဲ့ ရခိုင်မြောက်ပိုင်းက အမျိုးသမီးများ

မင်းသိန်းအောင်၊ နီမင်းထွန်း
2021.01.29

မနက် ၃ နာရီဆိုရင် ဒေါ်လှယဉ်ဦးတစ်ယောက် ဈေးရောင်းဖို့ ပြင်ဆင်နေပြီ။ ဒီနှစ်ဆောင်းရာသီဟာ အရင်နှစ်တွေထက် အအေးပိုပေမဲ့ မိသားစုစားဝတ်နေရေးက ပိုအရေးကြီးတာကြောင့် နေ့တဓူဝ အခုလိုပဲ ရုန်းကန်နေရတာပါ။

သူမဟာ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာကနေ စစ်တွေမြို့ကို မိသားစုနဲ့အတူ ထွက်ပြေးတိမ်းရှောင်လာခဲ့တာ ဖြစ်ပါတယ်။ အရင်က စစ်တွေမြို့က ဒုက္ခသည်စခန်းထဲမှာ နေခွင့်ရခဲ့ပေမဲ့ စခန်းထဲမှာ လူမဆံ့လို့ လွန်ခဲ့တဲ့ ငါးလလောက်ကပင် စခန်းအပြင်မှာ နေထိုင်လာရတာကြောင့် သူမအတွက် ပိုပြီးတော့ ခက်ခဲလာစေခဲ့ပါတယ်။

“ကျွန်မတို့ရွာက ပြေးလာတာက ရွာနားမှာ တိုက်ပွဲဖြစ်လို့ ပြေးလာတာလေ။ တစ်ခါတည်းနဲ့ ဒီစစ်တွေမြို့ကိုပဲ ထွက်ပြေးလာခဲ့တာပါ။ စစ်တွေမြို့ကို ရောက်တုန်းက ဒုက္ခသည်စခန်းမှာနေတယ်။ ဒုက္ခသည်စခန်းမှာ နေတုန်းက အဆင်ပြေတယ်။ အခုကျရင်တော့ အဆင်မပြေဘူး။ ဘယ်လိုပြောရမလဲဆိုလို့ရှိရင် ဒုက္ခသည်စခန်းမှာ မဆန့်တော့လို့ အပြင်မှာထားတယ်လေ။ အခု အပြင်မှာထားတော့ အလှူရှင်တွေကလည်း မရောက်တော့ဘူး။ ဒါကြောင့် စားရေး၊ နေရေးကလည်း အခက်အခဲရှိတယ်။ဘယ်လိုမှ အဆင်မပြေပါဘူး။ သားသမီးတွေက များတယ်။ မိသားစုကလေးတွေ ၁၄ ယောက်တောင် ရှိတယ်လေ”

သူမမှာ သားသမီးလေးဦးသာ ရှိပေမယ့် သူ့နဲ့အတူလိုက်ပါလာတဲ့ အမေအိုတစ်ဦး၊ ညီမနဲ့ ယောက်မတို့ရဲ့ ကလေး ၁၀ ဦးအတွက်ပါ ဦးဆောင်ပြီး ရုန်းကန်နေရတာပါ။ အရင်တုန်းကလို အလှူရှင်တွေ ထောက်ပံ့တာ မရတော့သလို စားဝတ်နေရေးလည်း အကျပ်အတည်းဖြစ်လာတာကြောင့် WFP ကနေ လူတစ်ယောက်ကို တစ်နေ့ ၅၀၀ နှုန်းထောက်ပံ့တဲ့ အလှူငွေတွေကိုအရင်းပြုပြီး စစ်တွေမြို့မင်းဂံဈေးမှာ ဈေးရောင်းနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့တို့ရဲ့မိသားစု စားဝတ်နေရေးကတော့ ရုန်းကန်နေရဆဲပါ။

“ရတဲ့နေ့ကျရင်လည်း တစ်နေ့ကို သုံးထောင်ပဲရတယ်။ သုံးထောင်မြတ်တာပေါ့။ မမြတ်လို့ရှိရင် ရှုံးတယ်။ အဲဒီဟင်းတွေ ပြန်ပါလာလို့ရှိရင်လည်း ရှုံးတယ်။ မရောင်းရဘူးလေ။ ပြီးတော့ ဟင်းတွေဘာတွေ ညှိုးသွားပြီ ဆိုလို့ရှိရင်လည်း လွှင့်ပစ်ရတယ်။ အဲဒီလိုရုန်းကန်နေရတာ။ ဘယ်လိုမှအဆင်မပြေဘူး။ အဆင်မပြေရင်လည်း ရုန်းကန်နေရတာပါပဲ”

ဒေါ်လှယဉ်ဦးရဲ့ အမျိုးသားအပြင်၊ သူ့ရဲ့ညီမ၊ သူရဲ့ယောင်းမရဲ့ အမျိုးသားတွေဟာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး အခုလက်ရှိ ကိုရိုနာကပ်ဘေးကြောင့် သူတို့မှာလည်း အလုပ်အကိုင်မရှိဖြစ်နေတဲ့အတွက် ငွေကြေးတစ်စုံတစ်ရာ မပို့နိုင်ကြပါဘူး။ အဲဒါကြောင့်လည်း သူတို့ရဲ့မိသားစုစားဝတ်နေရေး ပိုအခက်အခဲဖြစ်နေတယ်လို့ ဒေါ်လှယဉ်ဦးက ပြောပါတယ်။

အခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် အသက် ၆၇ နှစ်အရွယ် ဒေါ်လှယဉ်ဦးရဲ့မိခင်ဖြစ်သူ ဒေါ်အသိန်းချေ ကလည်း ဝိုင်းဝန်းကြိုးစားနေပါတယ်။

“ကိုယ့်မှာငွေကြေးတွေ၊ စားဝတ်နေရေးတွေ မဖူလုံတော့ ထလုပ်ရတာပါပဲ။ ကိုယ့်မှာက ရောဂါတွေနဲ့။ အခက်အခဲတွေ ဖြစ်နေကြတယ်။ အခု သားတွေ၊ သမီးတွေကလည်း အဆင်မပြေဘူးလေ။ ဒါကြောင့် သမီးတွေနဲ့ အတူတူလုပ်နေတာပါ။ သမီးတွေ လုပ်ကျွေးနေတာကို စားနေရတာလည်း အားနာလာတယ်လေ။ ဒါကြောင့် အခု နည်းနည်းပါးပါး သွားလာနိုင်တာနဲ့ သမီးနဲ့အတူ ထပြီးတော့ အလုပ်လိုက်လုပ်တာပါပဲ”

အခုလို သူတို့နှစ်ယောက် မိသားစုစားဝတ်နေရေးအတွက် ကြုံရာကျပန်း ဈေးရောင်းထွက်သွားချိန်မှာတော့ ကလေးတွေဟာလည်း အိမ်မှုကိစ္စတွေကို ကိုယ်စီတာဝန်ယူပြီးတော့ ဆောင်ရွက်ကြရပါတယ်။ လက်ရှိ သူတို့မိသားစု ခိုလုံနေတဲ့ ဝိဘဇ္ဇဝါဒီဘုန်းကြီးကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ အခုတလော အလှူရှင်တွေ နည်းပါးလာတာကလည်း စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး ပိုမိုကျပ်တည်းလာခဲ့လာရတာပါ။

“ဦးဇင်းတို့စခန်းမှာက ပုဂ္ဂလိကအလှူရှင်တွေက မရောက်ဘူးဆိုသလို အရမ်းကို ရှားပါးသွားပြီ။ အဲဒီလို အလှူရှင်တွေ ရှားပါးတဲ့အခါမျိုးမှာ ဆိုလို့ရှိရင် ဦးဇင်းတို့ကလည်း အလှူရှင်တွေကို အားကိုးပြီးတော့ လုပ်ရတာဖြစ်တဲ့အတွက် ဒုက္ခသည်တွေလည်း စားဝတ်နေရေး ကျပ်တည်းတာပေါ့”

အခုလက်ရှိသူတို့မှီခိုနေတဲ့ အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၁၀၀ကျော်နဲ့ လူဦးရေ ၃၅၀ကျော် ခိုလှုံနေတာပါ။ အဲဒီအထဲမှာ အမျိုးသမီးစစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေါ်လှယဉ်ဦးလိုပဲ အမျိုးသမီး ၆၀ ရာနှုန်းကျော်ဟာ အခက်အခဲ အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရတယ်လို့ ရခိုင်အမျိုးသမီးများအစည်းအရုံး RWU က ခန့်မှန်းပါတယ်။

“ဝိဘဇ္ဇဝါဒီ ဘုန်းတော်ကြီးကျောင်း အပါအဝင်ပေါ့လေ။ ကျွန်မတို့ ဘုန်းတော်ကြီးကျောင်း တော်တော်များများကို ကျွန်မတို့ လှူဒါန်းတာတွေရှိပါတယ်။ ဒါပေမဲ့ တချို့ဒုက္ခသည် အမျိုးသမီးတွေကျတော့ အဲဒီစခန်းတွေက ထွက်ပြီးတော့ ကျွန်မတို့ ရုံးကို လာရောက်အလှူခံကြတာတွေရှိပါတယ်။ အခု ဒီအမျိုးသမီးလိုပါပဲ အမျိုးသမီး မုဆိုးမ ရှစ်ယောက် ကျွန်မတို့ ရုံးကို အလှူလာခံတာ ရှိပါတယ်။ သူတို့မှာ ဒယ်အိုး၊ ဒယ်ခွက်လည်း မရှိဘူး။ နေစရာ နေရာလည်းမရှိဘူး။ အဲဒီလို ရောက်လာတဲ့သူတွေကလည်း မနည်းဘူး။ ရခိုင်တပြည်လုံးမှာ ဆိုလို့ရှိရင် စစ်ရှောင်အမျိုးသမီးတွေက ရာနှုန်း ၆၀ ကျော်တယ်”

အစိုးရအနေနဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတွေအတွက် အလေးအနက်ထား ဆောင်ရွက်ပေးသင့်တယ်လို့ ရခိုင်အမျိုးသမီးအစည်းအရုံး ထူထောင်သူ စောမြရာဇာလင်း က တိုက်တွန်းပါတယ်။ စစ်ဘေးဒုက္ခသည်တွေ အတွက် အစိုးရရဲ့ ဆန်ရိက္ခာတွေကို ထောက်ပံ့ပေးနေတဲ့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကတော့ အစိုးရရဲ့စာရင်းတွေအရပဲ ကူညီပေးနေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဘေးစီမံကကျတော့ အစိုးရတိုက်ပွဲရှောင်စာရင်းအပေါ်မှာ မူတည်ပြီးတော့မှပေးတာပါဗျာ။ လက်ရှိတော့ ဘေးစီမံအနေနဲ့ တိုက်ပွဲရှောင်ပြည်သူတွေ အတွက်ကို ဆန်ရိက္ခာထောက်ပံ့တယ်။ ပြီးတော့ အဖွဲ့အစည်းတွေက လှူလို့ရှိရင်လည်း အဲဒီလှူတဲ့ပစ္စည်းတွေကိုပဲ ဖြန့်ခွဲပြီးတော့မှ ဌာနရဲ့ညွှန်ကြားချက်နဲ့အညီ ထောက်ပံ့တာတော့ရှိပါတယ်”

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ဒေါ်လှယဉ်ဦးတို့ရဲ့ တင်းမကြီးကျေးရွာဟာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား စစ်ပွဲတွေပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် မတ်လက မီးရှို့ခံခဲ့ရပါတယ်။ အိုးအိမ်နဲ့ ရွာကိုပါ ဆုံးရှုံးခဲ့ရတဲ့ရွာသား ၂၀၀၀ ကျော်ဟာ ကျောက်တော်နဲ့ စစ်တွေမြို့တွေကို အများဆုံး ထွက်ပြေးခိုလှုံ နေခဲ့ရတာပါ။

အခြားလူတွေနည်းတူ ပြန်ရမယ့်နေအိမ်မရှိတော့တဲ့ ဒေါ်လှယဉ်ဦးတို့ မိသားစုအတွက်ကတော့ စားဝတ်နေရေးအတွက် ကြုံရာကျပန်းအလုပ်တွေနဲ့ ဖြစ်သလို ဆက်လက်ရုန်းကန်နေရဦးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။