သင်္ကြန်ကာလ ရွှေဘိုဆိပ်ခွန်မှာ ဗုံးကြဲလို့ ဒုလ္လဘ ကိုရင် နှစ်ပါးပျံလွန် ရှစ်ပါးဒဏ်ရာရ

တိုက်ပွဲတွေမရှိဘဲ ဆိပ်ခွန်၊ ထန်းဇင်နဲ့ ပုဏ္ဏာကျွန်းရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဟု ဒေသခံတွေပြောကြား။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာ ဘုန်းကြီးကျောင်းကို ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့က မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သင်္ကြန်တွင်း ဒုလ္လဘ ဝတ်နေကြတဲ့ ကိုရင်တွေထဲက ကိုရင်ကြီး နှစ်ပါး ပျံလွန်ခဲ့ပြီး နောက်ထပ် ကိုရင် ရှစ်ပါး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေမရှိဘဲ ဆိပ်ခွန်၊ ထန်းဇင်နဲ့ ပုဏ္ဏာကျွန်းရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သင်္ကြန်ကာလ ကုသိုလ်ယူ သာသနာဘောင်ဝင်ကြတဲ့ ကိုရင်တွေ ထိခိုက်သေဆုံးတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီမှာက တိုက်ပွဲလည်းမရှိဘူး။ တော်လှန်ရေးခစန်းလည်းမရှိဘူး။ အဲဒါကို လေကြောင်းကနေ ကြဲသွားတာ ဒုလ္လဘ ကိုရင်ကြီးနှစ်ပါးမှာ တစ်ပါးက ပွဲချင်းပြီး ပျံလွန်တော်မူသွားတယ်။ နောက်တစ်စပါးက ဆေးရုံရမှာကုသရင်းနဲ့ ပျံလွန်တယ်။ အခါကြီးရက်ကြီးဆိုတော့ ပုံမှန်ဝတ်ကြတဲ့ ဒုလ္လဘကိုရင်တွေ၊ ကိုရင်ကြီးတွေပေါ့”

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ အသက် ၂၀ နဲ့ ၅၀ ကြားရှိသူတွေလို့ သူကပြောပါတယ်။

သင်္ကြအကျနေ့ ဧပြီလ ၁၄ ရက်နေ့ညနေပိုင်းအထိ ရွှေဘိုမြို့နယ် အနောက်ခြမ်းက ရွာတွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင် အသွင်းပြောင်း အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုလာတာ မရှိသေးပါဘူး။

အရာတော်မြို့နယ် တောင်ခြမ်းကိုလည်း သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်နေ့မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကတက်လာတဲ့ ဂျိုင်ရိုကော်ပရာ၊ ပါရာမော်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားသုံးဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။